ရေးသားသူ- အေးသူစံ၊ ထွန်းခိုင်11 December 2013
ခြေချင်းပြုတ်ပြီး ၁၃ နှစ်ကျော်ကျော်ကြာ အခုထိ အိပ်မက်မက်လိုက်တိုင်း ထောင်အပြင်မှာလို့ တစ်ခါမှမမက်ဘူး။ မက်တိုင်းလည်း ခြေချင်းပါတယ်။ အခ...ု အပြင်ရောက်လို့ တစ်နှစ်ကျော်တဲ့အထိ အိပ်မက်မက်တိုင်း ခြေချင်းပါတုန်း”
မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း အကျဉ်းထောင်လက်စွဲဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော သံခြေချင်းခတ်ထားခြင်းကို ၁၁ နှစ်တိတိ ခံစားခဲ့ရပြီး ထောင် ၂၃ နှစ်နီးပါးကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဂျော်လီထွန်းက ပြောပြခြင်းဖြစ်သည်။
အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျအကျဉ်းသားတစ်ဦး ပြစ်မှုထပ်မံကျူးလွန်ခြင်း၊ ထောင်ပြောင်းရွှေ့ခြင်းတို့ပြုလုပ်ပါက ခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။ ပြစ်မှုအရွယ်အစားအလိုက် အန္တရာယ်ပေးနိုင်သည့် အကျဉ်းသားကို သံခြေချင်းခတ်ခြင်း၊ ဒေါက်ခတ်ခြင်းတို့မှာ နိုင်ငံတကာအကျဉ်းထောင်များတွင်လည်း ကျင့်သုံးလေ့ရှိသည်။
မြန်မာနိုင်ငံတွင် သံခြေချင်းကို ဓာတ်ပုံသမိုင်းအရ ကိုလိုနီခေတ်တွင် ဆရာစံကို သူပုန်မှုဖြင့် ကြိုးပေးစဉ်က ခြေချင်းခတ်ထားခဲ့ကြောင်း မှတ်သားရသည်။ မဆလခေတ် ၁၉၈၀ နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဟောင်းဦးဘိုနီ လက်ထက်၌ နောက်ဆက်တွဲ ညွှန်ကြားချက်အမိန့်တို့ဖြင့် သံခြေချင်းခတ်သည့်စနစ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာခဲ့သည်။
ပြစ်ဒဏ်ကျအကျဉ်းသားများကို အကျဉ်းထောင်အတွင်း လူမသိသူမသိ နောက်ထပ်အချုပ်အနှောင်တစ်ခုသဖွယ် သံခြေချင်းခတ်သည့်စနစ်ကို လူ့အခွင့်အရေးလှုပ်ရှားသူများအပါအ၀င် အကျဉ်းသားအများစုက မရှိစေလိုကြပေ။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်နေပါသည်ဟု အစိုးရကပြောနေသည့် ယနေ့အချိန်တွင် အများအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်သူများကို သံခြေချင်းခတ် ရုံးထုတ်သည့်ပုံရိပ်များ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခြင်းအပေါ် တက်ကြွလှုပ်ရှားသူများက မနှစ်မြို့ကြပါ။
“ကျွန်တော်က အဲသည်စနစ်ဖျက်စေချင်တာ။ လူကို သက်သက်အရှက်ခွဲတာ။ ၁၉၉၀ စာဥစစ်ဆင်ရေးအပြီး နိုင်ကျဉ်းတွေကို ထောင်ရွှေ့တော့ ပိုဆိုးတာပေါ့။ ဆံပင်ရိတ်ပြီး သံခြေချင်းနဲ့ အင်းစိန်ထောင်ကနေ ဘူတာထိ လမ်းလျှောက်ခိုင်းခဲ့တာ။ သံကြိုးတွဲချည်ထားသေးတာ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဇာဂနာက ပြောသည်။
ပြစ်ဒဏ်ကျအကျဉ်းသား၏ ခြေချင်းဝတ်နှစ်ဖက်တွင် ပတ်လည်သံကွင်းတစ်ကွင်းစီကို အထက်သို့ သံကွင်းသုံးကွင်းဖြင့် တွဲချိတ်ထားသော ယင်းသံကွင်းများကို တစ်ပေခန့်ရှိ သံချောင်းနှစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ ယင်းသံချောင်းနှစ်ခုကို ထိပ်မှသံကွင်းကြီးတစ်ခုဖြင့် ချိတ်ဆက်ဝရိန်ဆော်ထားပြီး ယင်းသံကွင်းကို အကျဉ်းသားကကိုင်၍ သွားလာလှုပ်ရှားမှုပြုရခြင်းဖြစ်သည်။
ဒေါက်ခတ်ခြင်းမှာ သံခြေချင်းခတ်ထားသည့် ခြေထောက်နှစ်ချောင်း၏ ခြေကျင်းဝတ်နေရာမှ သံကွင်းနှစ်ခုကို ပြစ်ဒဏ်အနည်းအများပေါ်မူတည်၍ အရှည် ၆ လက်မမှ ၁၈ လက်မအထိ အရွယ်အစားအမျိုးမျိုးရှိသည့် သံချောင်းများဖြင့် ကလန့်ချိတ်ဆက်ထားခြင်းဖြစ်သည်။ သံခြေချင်းအပြင် ဒေါက်ပါခတ်ထားခံရသည့် အကျဉ်းသားမှာ ဘဲသွားသာသွားနိုင်ပြီး ခက်ခဲစွာလမ်းလျှောက်ရသည်။
ထောင်တွင်းတွင် အလွန်တရာဆိုးသွမ်းသော အကျဉ်းသားများအတွက် ရည်ရွယ်ထားသည့် ခြေချင်း၊ ဒေါက်ခတ်ပြစ်ဒဏ်ကို ထောင်အာဏာပိုင်များက လိုသလိုသုံးစွဲပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များ၊ အထက်အမိန့်ညွှန်ကြားချက်များဖြင့် အကျဉ်းသားများကို ပြစ်ဒဏ်ပေးလေ့ရှိကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။ ထို့အပြင် အကျဉ်းသားများထံမှ ကြားပေါက်ငွေရလိုသည့် အကျင့်ပျက်ဝန်ထမ်းများကလည်း ခြေချင်းဒေါက်များကို အသုံးချပြီး အပိုဝင်ငွေ ဖန်တီးလေ့ရှိကြောင်း ၎င်းတို့ကပြောသည်။
၁၉၉၉ ခုနှစ် မြန်မာနိုင်ငံအကျဉ်းထောင်သို့ ICRC ၀င်လာချိန်တွင်တော့ နှစ်ရှည်လများ အိပ်မက်ဆုံးသဖွယ် ခံစားခဲ့ရသည့် သံခြေကျင်းအချုပ်အနှောင် ပြုတ်သွားသည့်နေ့ကို ဦးဂျော်လီထွန်းမမေ့နိုင်ပါ။
“ခြေချင်းပြုတ်သွားတဲ့နေ့က ကျွန်တော့်ကိုကြည့်ပြီး ထောင်ဝန်ထမ်းတွေကအစ မျက်ရည်ကျကြတယ်။ ကျွန်တော့်မိန်းမဆို ခြေချင်းမရှိတော့တဲ့ ကျွန်တော့်ကိုတွေ့တော့ သိန်း ၁၅၀၀ ဆယ်စုလောက်ပေါက်သွားတဲ့မျက်နှာလို ဖြစ်သွားတယ်”ဟု ဦးဂျော်လီထွန်းက မျက်ရည်များကျရင်းဆိုသည်။
အကျဉ်းထောင်များအတွင်း ထပ်မံပြစ်မှုကျူးလွန်သည့်သူများကို အကျဉ်းထောင်လက်စွဲဥပဒေအရ ဥပဒေနှင့်အညီအရေးယူရန်လိုအပ်ပြီး လူမဆန်သည့် ပြစ်ဒဏ်များချမှတ်ခြင်းကို လုံးဝပယ်ဖျက်ရမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP-B)မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။
သူသည်လည်း နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျခံနေရစဉ်အတွင်း သံခြေချင်းနှင့် ဒေါက်အခတ်ခံရကာ လူမဆန်သည့်နှိပ်စက်မှုများ ခံခဲ့ရကြောင်းရှင်းပြသည်။
“အခတ်ခံရတဲ့အပြင် ကျွန်တော်တို့ကို နှစ်ပတ်လုံးပေါ့။ မနက်မိုးလင်းရင် တစ်နာရီ သူတို့ပြောတော့ လေ့ကျင့်ခန်းလို့ဆိုတယ်။ ပုံစံမောင်းတယ်။ ပုံစံဆိုတာ ခွေးဝပ်ဝပ်ရတယ်။ ပြီးရင် သူတို့က ပုံစံ၊ ပုံစံကြီးဆိုပြီး အော်တယ်။ ပုံစံဆိုရင် ခွေးဝပ်ဝပ်၊ ပုံစံကြီးဆိုရင် ပတပ်ရပ်။ အဲလိုနေရတယ်။ အဲဒါ ခြေချင်းဒေါက်နဲ့လုပ်ရတာ။ နှစ်ပတ်တိတိလုပ်ရတယ်။ မနက်တစ်နာရီ၊ ညနေတစ်နာရီ”ဟု သူကြုံရသည့် လူမဆန်သည့် ညှဉ်းပန်းမှုများအကြောင်း ဦးဘိုကြည်ကပြောသည်။
သို့သော် နှိပ်စက်မှုများက ဒီတင်မရပ်။
“အဲလိုလုပ်နေတဲ့အချိန်မှာ သူတို့ စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ကျွန်တော်တို့ပုံစံကို မကြိုက်ဘူးဆိုရင် တံခါးဖွင့်ပြီး ထုတ်ရိုက်တယ်”ဟု ဦးဘိုကြည်ကပြောသည်။
အင်မတန်ဆိုးသွမ်းသည့် ရာဇ၀တ်သားကို သံခြေချင်းခတ်ပါက ကန့်ကွက်စရာမရှိပါ။ အများပြည်သူအတွက် ဖိနှိပ်ထားသည့် စနစ်နှင့်ဥပဒေတို့ကို ကန့်ကွက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဆိုသူများကိုမူ လူသားဂုဏ်သိက္ခာ ထိခိုက်အရှက်ရစေသော သံခြေကျင်းကို ပို၍မသုံးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။
“ခြေကျင်းဆိုတာ လုံခြုံရေးကိုမူတည်ပြီး ထောင်အာဏာပိုင်တွေက ဘယ်လိုလူခတ်သင့်တယ်။ မခတ်သင့်ဘူးဆိုတာ သုံးသပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Jia Manual ကို ပြန်ပြီးတော့ ပြင်ဆင်သင့်တယ်။ ကိုဂျော်လီထွန်းတို့လိုလူကို နှစ်ရှည်လများခတ်ထားတာကျတော့ ဒါဟာ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်တာ။ ထောင်ထဲမှာ ထပ်ပြီးအနိုင်ကျင့်တာသက်သက်ပဲ”ဟု ကိုယ်တိုင်သံခြေကျင်းခတ်ခံရပြီး အကျဉ်းကျခဲ့ရဖူးသည့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက ပြောသည်။
ကိုလိုနီခေတ်က ရေးဆွဲထားသော အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားများအတွက် ယနေ့ခေတ်အထိ ခေတ်မီအသုံးဝင်နေသေးသော်လည်း ပြန်လည်ပြင်ဆင်ရန် အချက်များလည်း ရှိလာပြီဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အကျဉ်းထောင်လက်စွဲဥပဒေကို ပြန်လည်ပြင်ဆင်ရေးသားနေပြီဟု လွှတ်တော်တွင်း လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က ဆွေးနွေးပြောကြားသွားသည်။
အစိုးရသစ်လက်ထက်တွင် အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို မတရားရိုက်နှက်ညှဉ်းပန်းမှုများ လျော့ပါးသွားကြောင်းနှင့် အစားအသောက်များ ၀၀လင်လင်စားသောက်ရသည်ဟု အပြောင်းအလဲဆန်သည့်သတင်းများ ထွက်ပေါ်လာသော်လည်း သံခြေကျင်းဒေါက်ခတ်ပြစ်ဒဏ်ကို ပယ်ဖျက်လိုသူတို့၏ ဆန္ဒမပြည့်ဝသေးပါ။
အကျဉ်းထောင်သည် ပြစ်မှုကျူးလွန်သူတို့အတွက် ပြန်လည်ပြုပြင်ရေးစခန်းတစ်ခုအဖြစ် နိုင်ငံတိုင်းတွင်ရှိသည့်နေရာတစ်ခု ဖြစ်သည်။ သို့သော် လူသားဆန်သည့် ပြစ်ဒဏ်မျိုးတော့ ဖြစ်ဖို့လိုသည်။
No comments:
Post a Comment