မန္တလေး၊ ဒီဇင်ဘာ ၇
နေ့လယ်ခင်း အချိန်တွင်ပင် လုယက်မှုများ ဖြစ်ပွားလျက်ရှိသော
မန္တလေးမြို့တော်တွင် မှုခင်း ကျဆင်းရေး အတွက် မော်တော်ယာဉ်နှင့်
မော်တော်ဆိုင်ကယ် မောင်းနှင်သူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ကြရန်
နိုဝင်ဘာလ တတိယပတ်မှ စတင်ကာ သတိပေးနှိုးဆော် မေတ္တာရပ်ခံ ထားကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ စုံစမ်းသိရှိရသည်။
နှာခေါင်းစည်း မတပ်ဆင်ရန်အချက် အပါအဝင် မှုခင်း ကျဆင်းရေးအတွက် လုပ်ငန်းစဉ်
ငါးရပ် ရေးသားထားသော လက်ကမ်းစာစောင် နှစ်သောင်းကျော်ကို နိုဝင်ဘာလ
တတိယပတ်အတွင်း မန္တလေးမြို့ခံများကို ဖြန့်ဝေပေးခဲ့ကြောင်း၊ မန္တလေးတွင်
နေ့လယ် အချိန် မောင်းနှင်လျက်ရှိသော ဆိုင်ကယ်များကို အဓိက ပစ်မှတ်ထားပြီး
လုယက်မှုများ ဖြစ်ပွားခဲ့ကာ ယင်းလုယက်မှု ကျူးလွန်သူ များမှာ နှာခေါင်း၊
ပါးစပ်ပိတ် (Mask) တပ်ဆင် အသုံးပြုသူများ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။
“အဲဒါတွေတပ်ပြီး ဆွဲကြိုး
ဖြတ်ပြေးတာ၊ ပိုက်ဆံအိတ် လုပြေးတာတွေ ကျူးလွန်ကြတာ အများဆုံး တွေ့ရတယ်။
နှာခေါင်းဖုံး (Mask) တပ်ထားတော့ ဘယ်သူဘယ်ဝါဆိုတာ ခန့်မှန်းရခက်တယ်။
ပြည်သူတွေကလည်း ရဲနဲ့အတူ ဝိုင်းဝန်း ပူးပေါင်း ဖမ်းဆီး ပေးကြဖို့
လိုတာပေါ့” ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း
ရဲအရာရှိတစ်ဦးက ဆိုသည်။
ယင်းသို့ကျူးလွန်သူ အများစုတို့
အသုံးပြုလေ့ရှိသည့် Mask နှင့် မျက်နှာသုတ်ပဝါ၊ အဝတ်အထည်များကို
မျက်နှာတွင် ချည်နှောင်၍ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် စီးနင်း
မောင်းနှင်ခြင်းများ မပြုလုပ်ကြရန်နှင့် အိမ်နီးချင်း၊ ခရီးသွားဖော်ချင်း
စောင့်ရှောက်သည့်စနစ် ကျင့်သုံးကြပါရန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က နိုဝင်ဘာလ
တတိယပတ်အတွင်း အသိပေး ထုတ်ပြန်ထားသည်။
“Mask တပ်ဆင်ရုံနဲ့
ပြစ်မှုကျူးလွန်တဲ့ သူလို့ ပြောလို့မရပါဘူး။ ကျွန်မတို့က ကျန်းမာရေးအတွက်
လိုအပ်လို့ Mask ကို သုံးတာပါ” ဟု မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်
ကျောင်းသူတစ်ဦးဖြစ်သူ မနှင်းနှင်းမာက ပြောကြားသည်။
နေ့ခင်းကြောင်တောင် လုယက်မှုများမှာ မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း
ချမ်းအေးသာစံနှင့် အောင်မြေသာစံ မြို့နယ်တို့တွင် အများဆုံး ဖြစ်ပွားလေ့
ရှိကြောင်း မှုခင်းရဲတပ်ဖွဲ့ရုံး (မန္တလေးတိုင်းဒေသကြီး) မှတ်တမ်းများအရ
ထပ်မံသိရသည်။
မန္တလေးမြို့တော်တွင် နိုဝင်ဘာလ ၂၂ရက်နေ့ကလည်း နေရာသုံးနေရာတွင် လုယက်မှု သုံးမှုဆက်တိုက် ဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုယက်မှု
၇၃ မှု ဖြစ်ပွားခဲ့ပြီး မန္တလေးခရိုင်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ
အောင်မြေသာစံမြို့နယ်တွင် ၁၄ မှု၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၄ မှု၊
မဟာအောင်မြေမြို့နယ်တွင် ၁၃ မှု၊ ချမ်းမြသာ စည်မြို့နယ်တွင်ခုနစ်မှု၊
ပြည်ကြီးတံခွန်မြို့နယ်တွင် သုံးမှု၊ အမရပူရမြို့နယ်တွင် နှစ်မှု၊
ပြင်ဦးလွင် ခရိုင်၌ ပြင်ဦးလွင် မြို့နယ်တွင် သုံးမှု၊ မတ္တရာ မြို့နယ်တွင်
တစ်မှု၊ မိုးကုတ်မြို့နယ်တစ်မှု၊ ကျောက်ဆည် မြို့နယ်တွင် နှစ်မှု၊ စဥ့်ကိုင်
မြို့နယ်တွင် တစ်မှု၊ မြင်းခြံခရိုင်တွင် တစ်မှု၊ ညောင်ဦးခရိုင်တွင် တစ်မှု၊
မိတ္ထီလာ ခရိုင်တွင် လေးမှု၊ ရမည်းသင်း ခရိုင်တွင် နှစ်မှုတို့
ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 8, 2013
မန္တလေး မှုခင်းကျဆင်းရေး ယာဉ်မောင်းနှင်သူများ နှာခေါင်းစည်း မတပ်ဆင်ကြရန် သတိပေးနှိုးဆော်
မန္တလေး မှုခင်းကျဆင်းရေး ယာဉ်မောင်းနှင်သူများ နှာခေါင်းစည်း မတပ်ဆင်ကြရန် သတိပေးနှိုးဆော်
Reviewed by VC
on
December 08, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment