Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 18, 2013

အကျဉ်းထောင်များ အတွင်းက ဘောက်ချာများ

အကျဉ်းထောင်များ အတွင်းက ဘောက်ချာများ“မင်းဘယ်လောက် ပညာတတ်လဲ၊ ဘယ်လောက် ချမ်းသာလဲ ထောင်ဘူး ၀မှာ ထားခဲ့”
“ပြစ်မှုကြွေးကို ချွေးနှင့်ပေးဆပ် ရမည်”
ထိုဆောင်ပုဒ်များနှင့် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းသားနှစ် မျိုးနှစ်စားသာ ရှိပါသည်။ အာဏာပိုင်နှင့် နီးစပ်သူ၊ ငွေကြေး တတ်နိုင်သည့် အကျဉ်းသားနှင့် ကျောထောက် နောက်ခံမဲ့ ငွေမတတ်နိုင်သည့် ထောင်ကျ အကျဉ်းသား။ ထိုနှစ်မျိုးပင်။ အာဏာပိုင်နှင့် နီးစပ်သူများ၊ ငွေကြေး တတ်နိုင်သူများ အတွက်မူ ထောင်သည် အပြင်လောကနှင့် ၀င်းထရံတစ်ခုသာခြားသည့် သဘောဆောင်ပြီး ကြောက်စရာလောက ငရဲမဟုတ်ပါ။ ထောင်ကျ တစ်ဦး ဘုရားခန်းမှာ အိပ်မလား။ ထမင်း၊ ဟင်း ပူပူနွေးနွေးချက်စားချင်လား။ အဆင်သင့်ပင်။ မိလ္လာသွား ချင်လား။ ခွက်လေးထိုးပေး။ ဆေးတဲ့ သူကသွားဆေး။ သူ့ဈေးနှင့် သူရှိကြသည်။
နှစ်ထောင်ကျော်ပေးရမည့် ဂရန်းရွိုင်ရယ်အရက်ပုလင်းတစ်ပြားကို တစ်သောင်းခွဲပေးလျှင်ရနိုင်သည်။ ငွေခုနစ်သိန်းပေးနိုင်လျှင် တစ်သောင်းတန်ငွေဖြည့်ကတ်ထည့်ထားသည့် ဂျီအက်စ်အမ်ဖုန်းတစ်လုံးရနိုင်သည်။ အကပ်ကောင်းဖို့နှင့် ငွေရှိဖို့သာလိုပါသည်။ ပိုက်ဆံတတ်နိုင်သော်လည်း ယင်းအခွင့်အရေးများကို လွယ်လွယ်နှင့်မရသည့်အကျဉ်းသား နောက်တစ်မျိုးရှိသေးသည်။ နိုင်ငံရေး အကျဉ်းသား ဘယ်တုန်းကမှ မရှိခဲ့ဟု စစ်အစိုးရလက်ထက်က ကြွေးကြော်ခဲ့သည့် နိုင်ကျဉ်းများပင်ဖြစ်ပါသည်။ ပိုက်ဆံရှိသူတစ်ဦး ထောင်ကျလာပါက ထောင်ထဲတွင် ၎င်းကိုဘောက်ချာဟုခေါ်သည်။ ထောင်အာဏာပိုင်တွေက ပြန်ခန့်ထားသည့် ရာဇ၀တ်အကျဉ်းသား တန်းစီးများက ပိုက်ဆံပေး လျှင်ရသည့် အခွင့်အရေး များပေးလျက် ထောင်မှူး အတွက် ၎င်းထံမှ ဖန်တီးပေးသည်။
ထောင်မှူးက ထောင်ပိုင်အတွက် ပြန်ခွဲပေးသည်။ ယခင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ကိုးကွယ်သည့် တိံကြားမင်းခေါင်ဆိုလျှင် အင်းစိန်ထောင်တွင်း အကျဉ်းကျနေစဉ် စင်ကာပူနိုင်ငံမှ ဒိုးနတ်မုန့်ကို နေ့ချင်းပြီးမှာစားခဲ့ပြီး သူ့ကိုပင် မျှဝေကျွေးခဲ့ကြောင်း စစ်အစိုးရလက်ထက်က နိုင်ငံရေးပုဒ်မဖြင့် အကြိမ်ကြိမ်ထောင်ကျခဲ့သည့် ဇာဂနာကပြောသည်။
“မနက်လေယာဉ်နဲ့ ပါလာတဲ့ ဒိုးနတ်မုန့် ချက်ချင်း သူစားရတယ်။ ကျွန်တော့်တောင် ကျွေးလိုက် သေးတယ်”ဟု ၎င်းကပြောသည်။ ယခင် န၀တ အစိုးရလက်ထက်တွင် ထောင်တွင်းလူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့် အရေးချိုးဖောက်ခြင်း၊ ထောင်ဝင်စာတွေ့လျှင်ပင် အကျဉ်းသားထံမှ ဖြတ်တောက်သိမ်းဆည်းပစ်ခြင်း၊ နေမကောင်းလျှင် ထိရောက်သည့် ကုသစောင့်ရှောက်မှုနှင့် ဆေးဝါးလုံလောက်မှု မရှိခြင်းတို့ ရှိခဲ့သော်လည်း ငွေကြေးတတ်နိုင်သူ တို့ကတော့ ထောင်ဆေးရုံ၌ ခုတင်အပိုင်စားဝယ်နိုင်ပါသည်။ အချို့အကျဉ်းသားများဆိုလျှင် အလုပ်ကြမ်းစခန်းမလိုက်လို၍ ထောင်ဆရာဝန် ထံလာဘ်ပေးကာ HIV ပိုးရှိကြောင်း ထောက်ခံစာကို တောင်းယူ တတ်ကြသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ၀င်းနိုင်ဦးရေး သားသည့် “ရာဇ၀င်ရှင်းတမ်း”ကိုယ်တွေ့စာအုပ်တွင် မှတ်သားရသည်။ HIV ပိုးရှိလျှင် အလုပ်ကြမ်းစခန်း မလိုက်ရပေ။
“ငွေကြေးချမ်းသာတဲ့သူတွေ၊ အာဏာပိုင်နဲ့ အဆင်ပြေတဲ့သူတွေအနေနဲ့ အကျဉ်းထောင်ထဲမှာ လုပ်နိုင်တာတွေ အများကြီးရှိခဲ့တာကတော့ အသေအချာပါ။ အဲဒီအနေအထားတွေကို ပြုပြင်နိုင်ဖို့ နိုင်ငံတကာစံနှုန်းတွေနဲ့ကိုက်ညီတဲ့ အကျဉ်းထောင်ဥပဒေ၊ အဲဒီဥပဒေနဲ့အညီ စီမံအုပ်ချုပ်မှု အဲဒါတွေဟာ အရေးကြီးပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းကပြောသည်။ ထောင်ဝန်ထမ်းများ၏လစာ၊ ခံစားခွင့်များကို လိုအပ်သလိုပြုပြင်ပေးပြီး အကျဉ်းထောင်များကို သီးခြားလွတ်လပ်သည့် စောင့်ကြည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးလိုက်ပါက အခွင့်ထူးခံလူတန်းစားပြဿနာ ပြေလည်သွားမည်ဟု ၎င်းကအကြံပြုသည်။ ပြစ်မှုကြွေးကို ချွေးဖြင့်မဆပ်ရသူတို့အတွက် ထောင်သည်ကြောက်စရာမကောင်းသည့်အပြင် နောက်ထပ်ပြစ်မှုများကို အလွယ်တကူကျူးလွန်ရန် အားပေးရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။ “အခုက ထောင်ကထွက်လာရင် ကောင်းဖို့ကိုထားလိုက်၊ ထောင်ကိုမကြောက်တဲ့အဆင့်ကို ရောက်သွားတာ။ ထောင်ကိုမကြောက်တော့ဘူးဆိုတာက ပြစ်မှုကျူးလွန်ဖို့ကို မကြောက်တော့ဘူးဆိုတဲ့အဆင့် ဖြစ်သွားတာပါ။ အမှန်က ထောင်ထဲတစ်ခါရောက်သွားဖူးလို့ရှိရင် နောက်တစ်ခါ ထောင်ထဲပြန်မလာနိုင်အောင် ဒီလူရဲ့ စိတ်ဓာတ်စာရိတ္တအားလုံးကို ပြုပြင်ပေးတာမျိုးပဲ ဖြစ်သင့်တယ်”ဟု ၎င်းကပြောသည်။
အင်္ဂလိပ်လက်ထက်က ရေးသားခဲ့သော အကျဉ်းထောင်လက်စွဲဥပဒေသည် ယနေ့အထိ ခေတ်မီနေဆဲဖြစ်ပြီး ယင်းဥပဒေအတိုင်း အကျဉ်းသားအခွင့်အရေးကို ထောင်အာဏာပိုင်တို့က အပြည့်အ၀ပေးသင့်ကြောင်း၊ ဥပဒေကိုမျက်ကွယ်ပြု၍ ဥပဒေကပေးထားသည့် အခွင့်အာဏာကို လက်တစ်လုံးခြား လိုရာယူသုံးစွဲနေကြသည့်အတွက် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်ရာရောက်ကြောင်း အဆိုပါတရားလွှတ်တော်ရှေ့နေက ဆက်လက်ပြောဆိုသည်။ လူကုန်ကူးမှုဖြင့် ၄၄ နှစ် ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသားတစ်ဦးဆိုလျှင် အင်းစိန်ထောင်တွင်း မနက်စာကို သူ့စိတ်ကြိုက် အပြင်ကတပည့်တပန်းများက ပြင်ဆင်ဝယ်ကျွေးရကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောကြားသည်။
တရားဥပဒေစိုးမိုးရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးအတွက် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် လွှတ်တော်များက အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် ယနေ့ကာလတွင်ပင် မကြာသေးမီက ဖြစ်ပွားခဲ့သော ကော့သောင်းထောင်ပြဿနာက မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ ကော့သောင်းထောင်ဆူပူမှုဟု အစိုးရကထုတ်ပြန်ခဲ့သည့် ဖြစ်ရပ်တွင် ထောင်ပိုင်က အကျဉ်းသားအချင်းချင်း ခွဲခြားဆက်ဆံသည်ကို မကျေနပ်၍ အကျဉ်းသားရာချီဆန္ဒပြခဲ့ပြီး ထောင်အာဏာပိုင်တို့က သေနတ်နှင့် ပစ်ခတ်ဖြေရှင်းခဲ့ရသည်။ ထောင်ဆူပူမှု၏ အဓိကပြဿနာမှာ မူးယစ်ဆေးဝါးမှုနှင့် ထောင်ကျနေသော အကျဉ်းသားအချို့ ဟန်းဖုန်းကိုင်ဆောင်ခွင့်ရသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲနေသည်ကိုပါ မြင်တွေ့ရခြင်းကြောင်း အကျဉ်းသားများ ဆန္ဒပြရခြင်းဖြစ်ကြောင်း အကျဉ်းသားမိသားစုဝင်တစ်ဦးကပြောသည်။
“ဟိုတုန်းက ပွင့်လင်းမြင်သာမှုမရှိတဲ့အချိန်မှာ အပေါ်ကညွှန်ကြားတာတစ်မျိုး။ အောက်ခြေကလုပ်တာတစ်မျိုး ရှိကောင်းရှိနိုင်တယ်။ လူကြီးတွေကြည့်ကောင်းသလောက်လုပ်ပြီး ထောင်ပိုင်အချို့ လာဘ်ပေးလာဘ်ယူမှုရှိခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာတော့ ဘယ်သူမှ အမှားခံကြတော့မှာ မဟုတ်ပါဘူး။ ကော့သောင်းဖြစ်စဉ်မှာလည်း လိုအပ်တဲ့အရေးယူအပြစ်ပေးမှု အမြန်ဆုံးလုပ်ခဲ့ပါတယ်”ဟု နေပြည်တော်အကျဉ်းဦးစီးရုံးချုပ်မှ အရာရှိတစ်ဦးက ထောင်တွင်းအကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားသည်။
သို့သော် ယနေ့အထိ သက်သာချောင်ချိရေးအကြောင်းပြချက်ဖြင့် ဖွင့်ထားသော အကျဉ်းထောင်ဝင်းပြင်ပသက်သာချောင်ချိရေးဆိုင်များသည် ငွေကြေးတတ်နိုင်သူတို့ မိသားစုဖြင့် ချိန်းဆိုတွေ့ဆုံရာ၊ ထောင်တွင်း၊ ထောင်ပြင် အပေးအယူလုပ်ရာနေရာတစ်ခုအဖြစ် ဆက်ရှိနေဆဲပင်။ နိုင်ငံတကာအကျဉ်းထောင်များတွင်လည်း သတ်မှတ်ထားသောကာလအတွင်း ကောင်းမွန်စွာနေထိုင်ပါက အိမ်ကမိန်းမနှင့် ထောင်တွင်းသုံးလတစ်ကြိမ် ပေးနေသည့်စနစ်ရှိသည်။
သို့သော် မြန်မာနိုင်ငံက အချို့ရဲဘက်စခန်းများတွင်မူ အုပ်ချုပ်ရေးနှင့်ပေါင်း၍ လွတ်လပ်စွာနေထိုင်ခွင့်ရထားခြင်းကြောင့် မည်သည့်အရံအတားအဆီးများကိုမှ ခက်ခဲစွာမဖြတ်သန်းရဘဲ စက်ဘီးတစ်စီးနောက်တွင် လမ်းကြုံစီး၍ ရဲဘက်စခန်းမှ လွတ်မြောက်ခဲ့ကြောင်း စာရေးဆရာမင်းဒင်က သက်ခိုင်ဝတ္တုတွင် ရေးသားထားသည်။ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC)ကဲ့သို့ အဖွဲ့အစည်းများ ထောင်တွင်းဝင်ရောက်လေ့လာခဲ့သည့်အတွက် ထောင်ဝန်ထမ်းအာဏာပိုင်တို့ဘက်ကလည်း အကျဉ်းသားများကို အရင်လို ညှဉ်းပန်းနှိပ်စက်မှုမျိုး၊ မ၀ရေစာကျွေးမှုမျိုး၊ ခွဲခြားဆက်ဆံမှုမျိုးတို့ကို အစိုးရသစ်လက်ထက်တွင် သိသာစွာလျှော့ပေါ့လိုက်သည်။ သို့သော် သူ့ဈေးနှင့်သူ ထောင်တွင်းဘောက်ချာဖြတ်သည့်စနစ်ကတော့ သက်ဆိုးရှည်နေပါသေးသည်။

No comments:

Post a Comment