Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 26, 2013

အင်းငါးဖမ်းမှု စစ်ဆေးရာမှ လေးအိမ်စု ရဲစခန်းနှင့် နိုင်ငံရေးပါတီတစ်ခု ပဋိပက္ခဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မအူပင်မြို့နယ် လက်ကျားကြီးကျေးရွာ အုပ်စု၊ မိုးမခကျေးရွာတွင် အင်းငါးဖမ်းသည့် ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၈ ရက်က သွားရောက် စစ်ဆေးခဲ့ရာတွင် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ ပါတီဝင်အချို့နှင့် လေးအိမ်စု နယ်မြေရဲစခန်း တာဝန်ရှိသူတို့ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ယင်းပါတီနှင့် ဒေသခံ ရဲစခန်းတို့ထံမှ သိရသည်။

ငါးဖမ်းမှု စုံစမ်းစစ်ဆေးစဉ် အငြင်းပွား စကားများရာမှ ယင်းပါတီမှ စည်းရုံးရေးမှူး အမျိုးသမီးက ရဲစခန်းမှူးကို ပါးရိုက်ခဲ့သော်လည်း ၎င်းအနေနှင့် ပြန်လည် တုံ့ပြန်ခြင်း မပြုခဲ့ကြောင်း လေးအိမ်စု နယ်မြေစခန်းမှူး ဒုရဲအုပ် မျိုးမင်းထွဋ်က ပြောကြားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က အဆိုပါရွာတွင် လေလံဆွဲထားသော အင်းအနီးရှိ တူးချောင်းတွင် မိုးမခကျေးရွာမှ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံမှ ပါတီဝင် ၁၀ ဦး ခန့်က အင်းပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ ငါးဖမ်းဆီးခြင်းကို အင်းပိုင်ရှင်က အမှုဖွင့် တိုင်ကြားခဲ့သောကြောင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက လေးအိမ်စု နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ အရာရှိများနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ သွားရောက် စစ်ဆေးခဲ့စဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ကြောင်း ဒုရဲအုပ် မျိုးမင်းထွဋ်က ဆက်လက် ပြောကြားသည်။

မိုးမခကျေးရွာမှ ၈၈ မျိုးဆက်သစ် ပါတီဝင်များက တူးချောင်းအတွင်း ငါးဖမ်းနေစဉ် အင်းပိုင်ရှင်က ငါးမဖမ်းရန် တားမြစ်ခဲ့သော်လည်း အင်းပိုင်ရှင် ပြန်ချိန်တွင် ဆက်လက် ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် စခန်းမှူးအပါ ရဲတပ်ဖွဲ့ဝင်သုံးဦး ကျေးရွာသို့ ရောက်လာပြီး ၈၈ မျိုးဆက်သစ် စည်းရုံးရေးမှူး ဒေါ်ဖြူနှင့် စကားအချေအတင် များရာမှ ဒေါ်ဖြူကို ရဲတပ်သားနှစ်ဦးက ချုပ်နှောင်ပြီး စခန်းမှူးက လက်သီးဖြင့် ထိုးနေသည်ကို မြင်တွေ့ခဲ့ရကြောင်း အဆိုပါ ကျေးရွာနေအနီးရှိ အမျိုးသမီးများထံမှ သိရှိရသည်။

ယင်းနောက် အမျိုးသမီးများက “ဒေါ်ဖြူကို ရဲတွေ ဝိုင်းရိုက်နေတယ်” ဟု အကူအညီ တောင်းသောကြောင့် ကိုင်းတော အနောက်ဘက်တွင် ငါးဖမ်းနေသော ရေလုပ်သားများ ရောက်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များ စက်လှေဖြင့် ထွက်ပြေးခဲ့ကြောင်း ယင်းကျေးရွာနေသူများက ပြောကြားသည်။

ဒေါ်ဖြူတွင် လက်သီးဖြင့် ထိုးခံရမှုကြောင့် မျက်နှာတွင် ညိုမည်းကာ သွားတစ်ချောင်း ကျိုးခဲ့ပြီး ဘယ်ဘက် မျက်လုံး၊ ရင်ဘတ်၊ ဦးခေါင်းတို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က တွံတေး ပြည်သူ့ဆေးရုံမှ တစ်ဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသထားရကြောင်း ဒေါ်ဖြူ၏ မိသားစုဝင်များထံမှ သိရှိရသည်။
“အရာရှိ တစ်ယောက်ကို အမျိုးသမီးက ပါးရိုက်ရဲပါ့မလားဗျာ။ သူ့တို့ (ရဲ) ဘက်က ဘာမှ ပြန်မလုပ်ခဲ့ဘူးလို့ ပြောပေမယ့် ဒေါ်ဖြူမျက်နှာမှာ ညိုမည်းစွဲပြီး သွားတစ်ချောင်း ကျိုးသွားတာက ဒေါ်ဖြူက ပါးရိုက်တာလား။ ဥပဒေကို ဘယ်လို နားလည်ရမှန်းတောင် မပြောတတ်တော့ပါဘူးဗျာ” ဟု ယင်းကျေးရွာတွင် နေထိုင်သူ အသက် ၆၀ နှစ်အရွယ်ခန့် အမျိုးသားကြီးတစ်ဦးက ပြောဆိုသည်။

ဒေါ်ဖြူနှင့် စခန်းမှူးတို့ ပြဿနာ ဖြစ်စဉ်က ကိုင်းတောတစ်ဖက်တွင် ငါးဖမ်းနေသော အမျိုးသား ၂၀ ဦးခန့်မှာ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး ရောက်ရှိလာသည်ဟု ရဲတပ်ဖွဲ့ဝင် များက ပြောကြား သော်လည်း ကိုင်းတောရှင်းပြီး ငါးရှာနေသူများ ဖြစ်သောကြောင့် ဓားများ ကိုင်ဆောင်ထားခြင်း ဖြစ်ပြီး တုတ်များ မပါရှိကြောင်း လက်ကျားကြီး ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံပါတီမှ တာဝန်ခံ ဦးလှဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခန့်တွင် ခရိုင်ရဲမှူးကြီး၊ မြို့နယ် ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်၊ အရန်မီးသတ်နှင့် လေးအိမ်စု၊ လက်ကျားကြီး ကျေးရွာတို့မှ အုပ်ချုပ်ရေး အဖွဲ့ဝင်တို့က ငါးဖမ်းသူများကို ဖမ်းဆီးရန် မိုးမခကျေးရွာသို့ သွားရောက်ခဲ့ရာတွင် ယင်းကျေးရွာနေ ဒေါ်ခင်အေး အဖွဲ့က တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားကြောင်း၊ လယ်များ အသိမ်းခံရပြီး ကျေးရွာအနီး ငါးဖမ်းရှာဖွေခွင့် မရသောကြောင့် ပြည်သူများ ငတ်ပြတ်နေသောကြောင့် ငါးဖမ်းသူများကို ဝင်ရောက် ဖမ်းဆီးပါက ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု ဒေါ်ခင်အေးက ပြောကြားခဲ့ကြောင်း မအူပင်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ အရာရှိက ပြောကြားသည်။

နိုဝင်ဘာလ အတွင်းကလည်း အင်းပိုင်နယ်မြေတွင် ငါးဖမ်းဆီးသူ ရှစ်ဦးကို နယ်မြေစခန်းမှူး ဒုရဲအုပ် မျိုးမင်းထွဋ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ဖမ်းဆီးခဲ့စဉ်က ဒေါ်ဖြူ၏ တူဖြစ်သူ နေအိမ်တွင်းသို့ စခန်းမှူးက တက်ရောက်ကာ ခြင်ထောင်အတွင်း အိပ်နေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီး၏ ခြုံစောင်ကိုပါ လှန်ပြီး ရှာဖွေခဲ့သောကြောင့် ဒေါ်ဖြူနှင့် စကားအချေအတင် များခဲ့ရာ ယခုဖြစ်စဉ်တွင် အရင်ပြဿနာ၏ အငြိုးများကြောင့် ဖြစ်နိုင်ကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။
“တောင်စားရွာဘက်မှာ ငါးခိုးဖမ်းတယ်ဆိုပြီး တိုင်ကြားမှုကြောင့် တရားခံ ဖမ်းမိရေးအတွက် အိမ်ပေါ်တက် ရှာဖွေတဲ့အခါမှာ ကျွန်တော်နဲ့ အတူ ကျေးရွာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေလည်း ပါပါတယ်။ အရပ်ထဲမှာ စွပ်စွဲ ပြောဆိုချက်တွေကို ကျွန်တော့်အနေနဲ့ အမုန်းတရား မရှိခဲ့ပါဘူး။ ဥပဒေ ဘက်တော်သား ဖြစ်တဲ့အတွက် ကျရာတာဝန်ကို ကျေပွန်အောင် ဆောင်ရွက် ရတယ်လေ။ အခု ဒေါ်ဖြူနဲ့ ဖြစ်တဲ့ကိစ္စကလည်း သူ့ကို လာဖမ်းတာ မဟုတ်ပါဘူး။ ကွင်းထဲဖြစ်တော့ အင်းပိုင်နေရာ ဟုတ်မဟုတ်ဆိုတာ သွားရောက် စစ်ဆေးခဲ့တာပါ” ဟု စခန်းမှူး ဒုရဲအုပ် မျိုးမင်းထွဋ်က ဆိုသည်။

အဆိုပါ အင်းကို တွံတေးမြို့နယ်နေသူ ဦးသန်းအေးက ငါးလုပ်ငန်း ဦးစီးဌာနမှ လေလံဆွဲထားခြင်း ဖြစ်သော်လည်း ယခု အင်းငါးဖမ်းသော နေရာမှာ အင်းပိုင်နက် နယ်နိမိတ် အပြင်တွင်ရှိသော တူးချောင်းတွင် ဖြစ်ကြောင်း၊ ကျေးရွာနေသူများမှာလည်း လယ်များအသိမ်းခံရပြီး နောက်ပိုင်းတွင် ငါးရှာဖားရှာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရကြောင်း ယင်းပါတီ တိုင်းစည်းရုံးရေးမှူး ဦးညီ (ခ) ဦးဝင်းနိုင်က ရှင်းပြသည်။

အဆိုပါ ရဲတပ်ဖွဲ့နှင့် ပါတီစည်းရုံးမှူးအကြား ဖြစ်ပွားခဲ့မှုကို အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အင်းပိုင်နယ်မြေအတွင်း ငါးဖမ်းမှုကြောင့် မိုးမခကျေးရွာမှ ၈၈ မျိုးဆက်သစ် ပါတီဝင်များဖြစ်သော ကိုဝင်းပိုင် အပါအဝင် ခုနစ်ဦးကို လေးအိမ်စု ကျေးရွာ နယ်မြေရဲစခန်းက (ပ) ၃၂၀/၁၃၊ ပုဒ်မ ၃၇၉/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက် ရှိပြီး ဒေါ်ဖြူကို (ပ) ၃၂၃/၁၃၊ ပုဒ်မ ၃၃၂/၃၄ ဖြင့် အမှုဖွင့်ထားကြောင်း မအူပင်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

No comments:

Post a Comment