Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 21, 2013

ကယားအမျိုးသမီးတို့ကာအိနြေ္ဒကို ရွာဆေးသည့်ဓလေ့ဖြင့် လဲလှယ်ခံနေရဆဲ

ကယားပြည်နယ်အတွင်းရှိကျေးရွာအချို့၌ အမျိုးသမီးများအဓမ္မပြုကျင့်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းများ ရှိလာပါက တရားဥပဒေအရတိုင်ကြားခြင်းမရှိဘဲ ရိုးရာဓလေ့ထုံးစံအတိုင်းသာ ကျေးအေးပေးရမှုများ ရှိနေဆဲဖြစ်သည်ဟု ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသမီးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး မူအန်းဂျေလာ ကဆိုသည်။

အကြမ်းဖက်ခံရသည့် ဖြစ်ရပ်များတွင် ရိုးရာဓလေ့ထုံးစံဖြစ်သည့် ကြက်(သို့)ဝက်တစ်ကောင်ကို သတ်၍ အသား များကို ကျေးရွာအတွင်းရှိ အိမ်များကိုလိုက်ဝေကာ ရွာဆေးကြောသည့်ဟုဆိုကာ အကြမ်းဖက်ခံရသည့် အမျိုးသမီး ကို ရပ်ရွာမှဝိုင်းဝန်းဖိအားကျေအေးစေခြင်းဖြစ်သည်။

  “ရွာက ဝိုင်းဖိအားပေးလို့ ကာယကံရှင်က မကျေနပ်လည်း ကျေအေးပေးလိုက်ရတာ များတယ်။ ရွာနာမည် ပျက် တယ်။ ရွာနာတယ်ဆိုပြီး မတိုင်ဖို့ ဖိအားပေးတာပေါ့။ ဓလေ့ထုံးစံအတိုင်းကြက်၊ ဝက်သတ်ပြီး တစ်အိမ်ကို တစ် ပိဿာလောက် လိုက်ဝေလိုက်ရင်ပြီးပြီ။ ရွာဆေးတယ်ပေါ့ ဒါဆိုရင် ဒီကောင်မလေးကို မယူလည်းရတယ်ဆိုတော့ အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးက ဝက်တစ်ကောင် ကြက်တစ်ကောင် တန်ဖိုးလို ဖြစ်နေတယ်” ဟု ကယန်း အမျိုးသမီးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး မူအန်းဂျေလာ ကပြောသည်။

အယူအဆမှားနေသည့် ရိုးရာဓလေ့ထုံးစံကို ပြောင်းလဲနိုင်ရန် ကယန်းအမျိုးသမီးအဖွဲ့အနေဖြင့် ကျေးရွာများတွင် အမျိုးသမီများကို ပညာပေးခြင်း၊ ကူညီပေးခြင်းများပြုလုပ်သော်လည်း အများစုမှာ ဘိုးဘွားအစဉ် အဆက်က သင်ကြားလာသည့်ရှေးရိုးစွဲအယူအဆများကိုစွန့်လွတ်ရန် လက်မခံနိုင်သေးဘဲလူနည်းစုသာ လက်ခံကြကြောင်း ၎င်းက ဆက်ပြောသည်။

အကြမ်းဖက်ခံရသည့် ဖြစ်ရပ်များကို ကာယကံရှင်ကိုယ်တိုင်မှကျေအေးပေးလိုက်သည့်အတွက် ဥပဒေအရ တိုင်ကြားနိုင်ရန်အကူအညီပေးနိုင်ရန် အခက်အခဲများရှိနေခြင်းဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရသူ အများစုမှာ အသက် ၉နှစ်အောက်မှ ၂၂နှစ်အကြားအမျိုးသမီးအများစုဖြစ်သည်ဟု သိရသည်။

ကယန်းဒေသတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အစပ်ရှိကျေးရွာတစ်ခုတွင် အသက် ၂၂နှစ် အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည့်ဖြစ်ရပ်တစ်ခု လက်တလောဖြစ်ပွားခဲ့ပြီး တရားဥပဒေအရ တိုင်ကြားခြင်းမပြုဘဲ ရွာနာမည်ပျက်မည်ဆိုသည့်ဖိအားပေးမှုဖြင့် ကြက်တစ်ကောင်သတ်၍ ကြေအေးခဲ့ကြောင်း၊ ထိုကျေးရွာမှာ မြို့နှင့်ဝေးလံသောဒေသမှမဟုတ်ဘဲ လွိုင်ကော်-တောင်ငူဆက်သွယ် ရေးလမ်းကြောင်းပေါ်တွင် တည်ရှိပြီး ရဲစခန်းရှိသည့်ရွာဖြစ်ကြောင်း ကယန်းအမျိုးသမီးအဖွဲ့ထံမှသိရှိရသည်။

 “အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်မျိုးကို ဥပဒေနဲ့မလုပ်ဘဲ ဒီလိုရိုးရာဓလေ့နဲ့ကြက်သတ် ဝက်သတ်ပြီး လျော်ပေးတာ နောက်ထပ်လုပ်အောင် မလုပ်သေးတဲ့လူတွေကိုလည်း လုပ်အောင်လမ်းဖွင့်ပေးနေသလိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ရိုးရာဓလေ့နဲ့ရှင်းတယ်ဆိုတာနိုင်ငံမှာလက်ရှိပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေကို မဆန့်ကျင်ရင် ကျင့်သုံးခွင့်ရှိတယ်။ ဒါပေမဲ့ဒီလိုလိင်အကြမ်းဖက်ကိစ္စတွေကိုတော့ ဥပဒေအရ ခွင့် မပြုထားဘူး”ဟု တရားလွှတ်တော်ရှေ့နေဦးဌေးဦး(စိန်ဂျွန်း)က ပြောသည်။

အဆိုပါလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုဖြစ်ရပ်များကိုရိုးရာဓလေ့အစဉ်အလာနှင့်ဖြေရှင်းနေကြခြင်းသည် ဥပဒေကို နားမလည်၍ဖြစ်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်၎င်းကျေးရွာများတွင်ဥပဒေကိုနားလည်စေရန် ဥပဒေနှင့် ဖြေရှင်း ကြရန်ပညာပေးလုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာကျင့်သုံးဥပဒေ၌ အမျိုးသမီးကိုကာယီအိနြေ္ဒနှောက်ယှက်ပါကပုဒ်မ (၃၅၄)အရ ထောင်ဒဏ်(၂)နှစ်၊ အဓမ္မပြုကျင့်ပါကပုဒ်မ(၃၇၆)အရ ထောင်ဒဏ်(၁၀)နှစ်မှတစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

“ကျွန်မတို့ လက်လှမ်းမီသလောက် အမျိုးသမီးတွေအကြမ်းဖက်ခံရတာဒီနှစ်ထဲမှာ(၆)မှုဖြစ်နေပြီ။ အများစုက ရှက်တာနဲ့ ထုတ်ဖော်မပြောကြဘူး။ လက်လှမ်းမမီတဲ့နေရာတွေမှာလည်းရှိနေတယ်။ နောက်တစ်ခုက အကြမ်း ဖက်တဲ့လူတွေအများစုက မူးယစ်ဆေးဝါးသုံးထားကြတာပဲ ဆေးက(ရာမ) ဒီဒေသတွေမှာ အလွယ် တကူ ဝယ်လို့လည်းရနေတယ်လေ” ဟုလွိုင်ကော်အမျိုးသမီးစင်တာမှတွဲဖက် တာဝန်ခံ မူချယ်ရီကပြောသည်။

ပြည်နယ်အတွင်း အမျိုးသမီးအကြမ်းဖက်ခံရသည့်ကိစ္စများကိုဥပဒေနှင့်ဆောင်ရွက်နိုင်ရန်အတွက်   ရှေ့နေ ငှားရမ်းခသည်  ဒေသခံများနှင့်ကူညီပေးနေသည့် ကယန်းအမျိုးသမီးအဖွဲ့အတွက် အဓိက အခက်အခဲဖြစ်နေ ကြောင်း၊ ကယားပြည်နယ်တွင် ရန်ကုန်မြို့ကဲ့သို့ အခမဲ့ဝန်ဆောင်မှုပေးသည့် ရှေ့နေများ ရှိမည်ဆိုပါ က အဆင်ပြေမည်ဖြစ်ကြောင်းနှင့်လိုအပ်နေကြောင်း၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည် မှု တည်ဆောက်ခြင်း၊ လားရှိုးဆွေးနွေးပွဲတွင် အမျိုးသမီးနှင့်ကလေးငယ်များ အကြမ်းဖက် ခံရသည့်အကြောင်းကို ကယန်းအမျိုးသမီးအဖွဲ့က တင်ပြခဲ့ပြီးဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးရန်နှင့် အကြမ်းဖက်ခံရမှု လျော့နည်းသွားနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖက်ဒရယ်မူထဲတွင် အမျိုးသမီး နှင့်ကလေးများ အတွက် အခန်း ကဏ္ဍ ကို သေချာရေးဆွဲပေးရန်သဘောထား ထုတ်ပြန်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

မင်းဟိန်းထက်(မြစ်မခ)

No comments:

Post a Comment