Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 26, 2013

ဘုန်းကြီးပျံအန္တိမဈာပဏပွဲတွင် မပုပ်မသိုး အနံ့မထွက်၍ မီးသင်္ဂြိုလ်ခြင်းမပြုဘဲ ရုပ်ကလပ်လုမှုဖြစ်


ဒီဇင်ဘာ(၂၃)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် မြိုင်မြို့နယ်၊ မြို့တင်ကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာမှ ဒါယကာ ဒါယိကာမ များနှင့် မြို့တင်ရွာ၊အိုင်းမရွာ၊ညောင်တွင်းကျေးရွာများမှ ဒါယကာ ဒါယိကာမ များသည် မင်းကန်ကျေးရွာ၊ ချောင်းပုံကြည့်ကန်တောရဆရာတော် ဦးမာက္ဃိန္ဒ(၉၂)နှစ်၊ (၇၂)၀ါ၏ ဘုန်းကြီးပျံအန္တိမဈာပဏ အခမ်းအနားတွင် မပုပ်မသိုး အနံ့မထွက်၍ မီးသင်္ဂြိုလ်ခြင်းမပြုဘဲ ရုပ်ကလပ်လုပွဲဖြစ်ပြီး အငြင်းပွားမှုဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သောနိုဝင်ဘာ(၁၁)နေ့တွင် မင်းကန်ကျေးရွာ၊ ချောင်းပုံကြည့်ကန်တောရဆရာတော် ဦးမာက္ဃိန္ဒ(၉၂)နှစ်၊ (၇၂)၀ါသည် မင်းကန်ကျေးရွာ ရွာလယ်ကျောင်း၌ ပျံလွန်တော်မှုခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၁) ရက်နေ့တွင် အန္တိမဈာပဏအခမ်းအနားပြုလုပ်ကြောင်း၊ ထိုစဉ် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်မှာ မပုပ်မသိုး အနံ့မထွက်၍ မီးသင်္ဂြိုလ်ခြင်းမပြုကြရန် သံဃာတော်များနှင့် ဒါယကာ ဒါယိကာမများမှ သဘောတူညီ ကြပြီး ရုပ်ကလပ်တော်အတိုင်းထားရှိကြရှိခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၃)ရက်၊ နံနက်(၉)နာရီတွင် မင်းကန်ကျေးရွာမှ ဒါယကာ ဒါယိကာမ များနှင့် မြို့တင်ရွာ၊အိုင်းမရွာ၊ညောင်တွင်းကျေးရွာများမှ ဒါယကာ ဒါယိကာမများ နှစ်အုပ်စုသည် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား လုယူပူဇော်ကြရန်အငြင်းပွားမှုဖြစ်ကြောင်း၊ ထိုစဉ် စိုတွင်း ကျေးရွာမှ သက်တော်ရဆရာတော် ဦးက္ကိန္ဒေါ၏ ဆုံးဖြတ်ချက်အရ ရုပ်ကလပ်တော်အား ချောင်းပုံကြည့် တောရ ကျောင်းတွင် သာ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း၊ ၎င်းနေ့ နေ့(၁၂း၃၀)မှ ညနေ(၄)နာရီအချိန်ခန့်ထိ အချင်းဖြစ်ပွားရာသို့ မြိုင်မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော် ဦးဝဇိယဗုဒ္ဓိ နှင့်ဆရာတော်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်၊ မြို့နယ်သာသနာရေးမှူး ဦးခင်ဆွေ၊ မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းမြင့် တို့အဖွဲ့ရောက်ရှိလာပြီး နှစ်ဘက်ညှိနှိုင်းဆွေးနွေး၍ ဖြေရှင်းပေးကြောင်း၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် တော်အား ချောင်းပုံကြည့်တောရကျောင်းတွင် တစ်လ စံတော်မူပြီး မင်းကန်ကျေးရွာ ရွာလယ်ကျောင်း တွင် တစ်လစီ အလှည့်ကျ ပင့်ဆောင်ပူဇော်ထားကြရန်ဆုံးဖြတ်ကြောင်း၊ ထို ဆုံးဖြတ်ချက်အား နှစ်ဘက်အုပ်စု ဒါယကာ ဒါယိကာမများမှ ကန့်ကွက်ကြောင်း၊ ကျေးရွာအုပ်စုနှစ်ဘက်၏ ကြားဖြစ်သော မင်းကန်ဆည်တမံ ရှင်းလင်းဆောင်သို့ (ယာယီ)ပင့်ဆောင်ပူဇော်ထားရှိကြရန်၊ ရုပ်ကလပ်မှ အနံ့ထွက်လာလျှင် မီးသင်္ဂြိုရန်၊ အနံ့မ ထွက်လျှင် ဆက်လက်ကိုးကွယ်ပူဇော်ရန် ပြန်လည်စီစဉ်ညှိုနှိုင်းကြမည် ဟု မြို့တင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းစိုး က အဆိုပြု၍ ရုပ်ကလပ်တော်အား မင်းကန်ဆည်တမံရှင်းလင်းဆောင်သို့ (ယာယီ)ပင့်ဆောင်ပူဇော် ထားရှိကြောင်းသိရသည်။

ဒီဇင်ဘာ(၂၄)ရက်၊ နေ့လည်(၃)နာရီအချိန်ခန့်တွင် ရုပ်ကလပ်တော်ပင့်ဆောင်ထားရှိရာ မင်းကန်ဆည်တမံ ရှင်းလင်းဆောင်သို့ မြိုင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသစ်လွင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင် တို့အဖွဲ့ရောက်ရှိလာကြောင်း၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ဆေးဘက်ဆိုင်ရာ ပညာများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော် ဦးမာက္ဃိန္ဒ(၉၂)နှစ်၊ (၇၂)၀ါ၏ ရုပ်ကလပ်သည် လုံးဝပုပ်သိုးခြင်း မရှိကြောင်းသိရသဖြင့် ၎င်းရုပ်ကလပ်အား မင်းကန်ကျေးရွာ ရွာလယ်ကျောင်းမြောက်ဘက်တွင် ယာယီစံကျောင်း ဆောက်လုပ်၍ ပင့်ဆောင်ပူဇော်ထားကြမည်ဟု ချောင်းပုံကြည့်ကန်တောရဆရာတော်များ၊ ဒါယကာ ဒါယိကာမ များ၊ မင်းကန်ကျေးရွာ ဒါယကာ ဒါယိကာမများတို့က ကျေနပ်လက်ခံကြကြောင်း၊ ထို့ကြောင့် ယာယီ စံကျောင်း အနီး အမြဲတမ်းစံကျောင်းတော်အဖြစ် ဆောက်လုပ်ပူဇော်ကိုးကွယ်ထားရှိမည်ဖြစ်ကြောင်း မြိုင်မြို့နယ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဝိုင်းကြည်အောင်
thithtoolwin

No comments:

Post a Comment