Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

အစိုးရ ထောက်ပံ့ကြေး လိမ်လည်မှုများ တစ်သီကြီး ဖော်ထုတ်ဖမ်းမိ

အမေရိကန်အစိုးရ၏ food stamp ခေါ် အစားအသောက် ထောက်ပံ့ကြေးများကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ လျှော့ချဖြတ်တောက်ခဲ့ပြီးနောက် လိမ်လည်မှု များစွာကို စုံစမ်း ဖော်ထုတ်ပြီး ပြည်နယ်အများအပြားတွင် ကျူးလွန်သူများစွာကို ဖမ်းဆီး အရေးယူခဲ့ပါသည်။ အချို့မှာ ထောင်ဒဏ်၊ ငွေဒဏ်များ စီရင်ချက် ချခံရပါသည်။အမေရိကန်အစိုးရ၏ အစားအသောက် ထောက်ပံ့ကြေး ဒေါ်လာ ၃ သန်းကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီးအရေးယူခံရသော ခရစ်စ်တီနာ ရာမီရက်ဇ်၏ ဆိုင်ဖြစ်ပါသည်။ ပုံတွင် E.B.T ဆိုသည်မှာ အစိုးရထောက်ပံ့ကြေး ဖြစ်သည်။အမေရိကန်အစိုးရ၏ အစားအသောက် ထောက်ပံ့ကြေး ဒေါ်လာ ၃ သန်းကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီးအရေးယူခံရသော ခရစ်စ်တီနာ ရာမီရက်ဇ်၏ ဆိုင်ဖြစ်ပါသည်။ ပုံတွင် E.B.T ဆိုသည်မှာ အစိုးရထောက်ပံ့ကြေး ဖြစ်သည်။
အမှုတစ်ခုမှာ ဒေါ်လာ ၆ သန်းဖိုး လိမ်လည်မှု တွေ့ရှိခဲ့ပြီး အခြားအမှုများမှာလည်း ဒေါ်လာ ၃ သန်းဖိုး၊ ၄ သိန်းဖိုး၊ ၃ သိန်းဖိုး စသည်ဖြင့် အလွဲသုံးစား ပြုထားသည်။
အစိုးရ ၏ food stamp ခေါ် အစားအသောက် ထောက်ပံ့ကြေး အစီအစဉ်မှာ သတ်မှတ်ထားသော စားသောက်ကုန်များကိုသာ ဝယ်ယူ ခွင့်ရှိပြီး၊ အသင့်ချက်ပြုတ်ထားသော အစားအစာ၊ မကောင်းမှု ပစ္စည်း ဟု ခေါ်သည့် အရက်၊ ဆေးလိပ် စသည်တို့ကို ဝယ်ခွင့်မရှိပါ။ ထို့ပြင်၊ ငွေသားနှင့် လဲလှယ် သုံးစွဲခွင့်လည်း မရှိပါ။

ရာဇဝတ်ပြစ်မှုမြောက်သော်လည်း မှောင်ခိုဈေးကွက်တွင် ထိုသို့ လုပ်ဆောင်မှုများမှာ အထူးအဆန်း မဟုတ်ကြောင်း ကုန်စုံဆိုင် လုပ်ငန်း လုပ်ကိုင်သူများက ပြောကြပါသည်။
ဂျော်ဂျီယာပြည်နယ်၊ အာဝင်တန် တောမြို့လေးရှိ ကုန်စုံဆိုင်သေးသေးလေးသည် ဒေါ်လာ ၆ သန်းဖိုး ရှိသော အလွဲသုံးစားမှုနှင့် ပါဝင်ပတ်သက်မည်ဟု ထင်စရာမရှိသော်လည်း အသက် ၇၇ နှစ်ရှိ ပိုင်ရှင် အယ်လ်ဘတ် ရှင်ဟိုလ်စတာသည် အစိုးရထောက်ပံ့ကြေး လိမ်လည်မှုဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ၄ လ အပြင် အစိုးရကို ဒေါ်လာ ၄.၇ သန်း ပြန်လည် ပေးဆပ်ရန် အမိန့်ချမှတ်ခံထားရသည်။ ၎င်း၏ ဆိုင်တွင် လူ ၂,၀၀၀ ခန့်သည် ၎င်းတို့၏ အစားအသောက် ထောက်ပံ့ကြေးကို အရောင်းအဝယ်လုပ်ခဲ့ကြောင်း စုံစမ်းတွေ့ရှိရသည်။
နိုဝင်ဘာ ၁ ရက်မှ စတင်၍ အစားအသောက် ထောက်ပံ့ကြေးများကို လျှော့ချ ဖြတ်တောက်ခဲ့ပြီးနောက် အစိုးရ၏ အေဂျင်စီဌာနများသည် အလွဲသုံးစား မသမာမှုများကို ပိုမို စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်း အားထုတ်လာခဲ့သည်။ တစ်ပြည်လုံးရှိ ကုန်စုံဆိုင်၊ အရက်ဆိုင်စသည့် ပုဂ္ဂလိက လုပ်ငန်းငယ်များကို ငွေစာရင်း စစ်ဆေးခြင်း၊ အရပ်ဝတ်ဖြင့် အယောင်ဆောင်ကာ စုံစမ်းခြင်း၊ ဆိုင်တွင် လျှို့ဝှက်ကင်မရာ တပ်ဆင် ထောက်လှမ်းခြင်းတို့ ပြုလုပ်ခဲ့သည်။
ဆင်းရဲသားထောက်ပံ့ကြေးဖြင့် မီလျံနာသူဌေးဖြစ်
ရို့ဒ်အိုင်းလင်းရှိ ကုန်စုံဆိုင်ပိုင်ရှင် ခရစ်စတီနာ ရာမီရက်ဇ် (၃၇ နှစ်) နှင့် အခြား ကိုးဦးသည်လည်း အစိုးရငွေ ဒေါ်လာ ၃ သန်း အလွဲသုံးစားလုပ်မှုဖြင့် ထောင်ဒဏ် ၁ နှစ်နှင့် ၁ ရက်အပြင် ဒေါ်လာ ၃၉၉,၀၀၀ ကို အစိုးရအား ပြန်ပေးရန် ဒီဇင်ဘာ ၁၉ ရက်နေ့က စီရင်ချက်ချခံရပါသည်။ ထို့အပြင်၊ သူ့ဆိုင်မှ အလုပ်သမား နှစ်ဦးမှာ တရားမဝင် နိုင်ငံခြားသားများ ဖြစ်ကြောင်း ပေါ်ပေါက် ဖမ်းဆီးခံရပြီး ဆိုင်ရှင် ကိုယ်တိုင်၏ လူဝင်မှု ဗီဇာကိစ္စကို ဆက်လက် အစစ်ဆေးခံရမည် ဖြစ်သည်။
ဆိုင်ရှင်အမျိုးသမီး ခရစ်စ်တီနာသည် အစားအသောက် ထောက်ပံ့ကြေး အလွဲသုံးစားငွေ ဒေါ်လာ တစ်သန်းကျော်ကို ဘဏ်တွင် အပ်နှံထားသည်ဟု တရားရုံးစွဲချက်တွင် ဖော်ပြထားသည်။ ယခင်နှစ်က အလားတူအမှုဖြင့် ဖမ်းဆီးခံရသော ကုန်စုံဆိုင်ရှင် ဆရက်ဒ် ရှားသည် မသမာမှုဖြင့် ရရှိသော ငွေကြေးဖြင့် ဒေါ်လာ ၇၇,၀၀၀ တန် မာစီးဒီးကား အသစ်စက်စက် တစ်စင်းကို လက်ငင်းငွေချေ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
Food stamp ဟူ၍ ယခင်က ခေါ်ခဲ့သော်လည်း ယခုအခါ ခံစားခွင့်ရသူ၏ စာရင်းသို့ တိုက်ရိုက်ပို့ပေးသော electronic benefits transfer (EBT) ကို ခရက်ဒစ်ကဒ်သဖွယ် ကဒ်ပြားဖြင့် သုံးစွဲနိုင်သည်။ အစားအသောက် မဝယ်ပဲ ငွေသားဖြင့် လဲလှယ်ရာတွင် EBT ၁ ဒေါ်လာကို ဆင့် ၃၀ မှ ဆင့် ၇၀ နှုန်းဖြင့် ဖလှယ်ကြသည်။ ပျမ်းမျှပေါက်ဈေးမှာ ဆင့် ၅၀ ဖြစ်သည်။

ကုန်စုံဆိုင်တစ်ခုမှာ ဈေးဝယ်သူယောင်ဆောင်၍ ထောက်လှမ်းသော အမှုတစ်ခုတွင် ဝယ်သူက တရားဝင် ဝယ်ခွင့်ရှိသော အစားအသောက် ၄ ဒေါ်လာဖိုးကို ဝယ်ကာ၊ ပြန်အမ်းငွေ ဒေါ်လာ ၈၀ တောင်းယူပါသည်။ ဆိုင်ရှင်က သူ့အတွက် ၈၅ ဒေါ်လာ ထပ်ပေါင်းကာ စုစုပေါင်း ၁၆၉ ဒေါ်လာကို EBT ကဒ်မှ နုတ်ယူထားလိုက်၏။ ထိုအမှုတစ်ခုတည်းတွင်ပင် အစိုးရငွေ ၁၆၅ ဒေါ်လာ အလွဲသုံးစား အလုပ်ခံရပါသည်။
ဓာတ်ဆီဖိုး၊ လျှပ်စစ်ဖိုး၊ အရက်ဖိုး၊ စီးကရက်ဖိုး
အစိုးရငွေ အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ၃ နှစ် ၄ လ စီရင်ချက် ချခံရသော အဲလ်ဘတ် ရှင်ဟိုးလ်စတာက ၎င်းသည် ဥပဒေ မလွတ် ကင်းသည်ကို သိသော်လည်း အမှားကျူးလွန်သည်ဟု မယူဆကြောင်း၊ ၎င်း၏ ဆိုင်ရှိရာ အရပ်မှ ဆင်းရဲသားများသည် ကားဓာတ်ဆီထည့်ရန်၊ လျှပ်စစ်မီးဖိုးပေးရန် ငွေလိုသောကြောင့် ကူညီပေးခြင်း သာ ဖြစ်ကြောင်း ဖြေ ရှင်းပါသည်။
အာဟာရ ဖြည့်ဆည်းရေး ကူညီမှုအစီအစဉ် (SNAP) ဟု တရားဝင်ခေါ်သော ထောက်ပံ့ကြေး အစီအစဉ်ကို လူအများက food stamp ဟုသာ သုံးနှုန်းပြီး အမေရိကန်နိုင်ငံတစ်ဝန်း လူ ၄၈ သန်းခန့် ရရှိခံစားနေပါသည်။
အမေရိကန်အစိုးရသည် နှစ်စဉ်​ အစားအသောက် ထောက်ပံ့ကြေးငွေ ဒေါ်လာ ၇၅ ဘီလျံ ပေးအပ်နေရာ၊ ခန့်မှန်းခြေ ၈၅၈ သန်းခန့်မှာ အလွဲသုံးစား အလုပ်ခံရပါသည်။  ကမ္ဘာသစ်

http://kabarthit.com/index.php?option=com_content&view=article&id=59:2013-12-26-22-02-41&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment