လားရှိုးမြို့ လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ကားဂိတ်၊ ဘူတာတွေရဲ့အနီးမှာ ပိုက်ဆံနဲ့ လဲပြီး ကစားရတဲ့ အကြွေစေ့ လောင်းကစားရုံတွေ ဖွင့်လှစ်ထားတာပါ။
Lashoအဲဒီလောင်း ကစားရုံတွေကြောင့် လူကြီးတွေရော၊ ကလေးတွေပါ စာရိတ္တ ပျက်ပြားနေလို့ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသားမိဘတွေအပါအ၀င် မြို့ခံလူထုက လောင်းကစားရုံတွေ ပိတ်သိမ်းဖို့ လိုလားနေကြပါတယ်။
လားရှိုးမြို့ခံ တဦးက “ရပ်ကွက် ၉ မှာဆိုရင် ငါးမန်းရုံတွေက အများကြီး ဖြစ်နေပါတယ်။ ကလေးတွေလည်း စာရိတ္တ အတော်ပျက်စီးနေပါတယ်။ ဒီငါးမန်းရုံနဲ့ ပတ်သက်ပြီး ခိုးမှုဆိုးမှုတွေ အတော်များများ ဖြစ်နေပါတယ်။ သုံးဘီးသမားတွေဆိုရင်လည်း လင်မယားချင်း ကွဲကြ၊ ပြဲကြ ဖြစ်နေတာ တော်တော်များနေပါပြီ။ အဲဒါကြောင့် ငါးမန်းရုံတွေ ပိတ်ပေးဖို့နဲ့ ဖမ်းဆီးပေးဖို့ တိုင်ကြားအပ်ပါတယ်” လို့ ပြောပါတယ်။
ကျောင်းသားမိဘတဦးကလည်း ဒီလောင်းကစားရုံတွေကြောင့် တချို့ကလေးတွေ ခိုးတတ်လာနေကြပြီလို့ ပြောပါတယ်။
“ ဒီဟာတွေက မရှိသင့်ဘူးပေါ့နော်။ ကလေးတွေလည်း စာရိတ္တပျက်တယ်။ တချို့ကလေးတွေလည်း ခိုးတက်တဲ့အကျင့်တွေ ဖြစ်နေပါပြီ။ ကျောင်းတွေလည်း လုံးဝမသွားပဲ ကလေးတွေ အားလုံးက ဂိမ်းဆိုင်ကို ရောက်နေပါတယ်။ သူများတွေလည်း စီးပွားရေးတွေ ပျက်ပြားနေပါပြီ။ အဲဒါတွေ ပပျောက်အောင် လုပ်ပေးကြပါ။ ”
လားရှိုးမြို့ကို နေပြည်တော်က အထူးအဖွဲ့တွေ၊ ၀န်ကြီးအဆင့် ရှိသူတွေ၊ ဌာနဆိုင်အရာအကြီးအကဲတွေ လာရောက်တဲ့အချိန်တွေမှာတော့ လောင်းကစားရုံတွေကို ခေတ္တပိတ်ထားကြပြီး အကြီးအကဲတွေ ပြန်သွားရင် အရင်တိုင်း ပြန်ဖွင့်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
By ခွန်ဇော်ဦး (ဒီဗွီဘီ)
No comments:
Post a Comment