CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးများအရေး ကချင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းမှု လွှတ်တော် ကိုယ်စားလှယ်အားလုံး ထောက်ခံ
ကချင်ပြည်နယ်တွင် ဒီဇင်ဘာအတွင်း မန်စီမြို့နယ်မှ ရှမ်းလူမျိုးများအား
ကေအိုင်အေအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးတောင်းခြင်းများကို
ပြုလုပ်လျက်ရှိရာ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်ရွက်နေသည့်
ကာလမျိုးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည့်အတွက် ယင်းကေအိုင်အေ၏ လုပ်ရပ်များအား ရပ်တန့်ပေးပါရန်နှင့် ဖမ်းဆီးခေါ်ဆောင်သွားသူများအား ပြန်လွှတ်ပေးပါရန် ကေအိုင်အေ၊ ကေအိုင်အိုတို့အား တိုက်တွန်းကြောင်းနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါရန်
ကချင်ပြည်နယ်အစိုးရသို့ အရေးကြီးအဆိုကို မန်စီမြို့နယ် မဲဆန္ဒနယ်မှ
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကြိုင်က ဒီဇင်ဘာ ၁၉ ရက် ပြည်နယ်လွှတ်တော်တွင်
တင်သွင်းခဲ့သည်။
ယင်းအရေးကြီးအဆိုတွင် နောက်ဆုံး အောက်တိုဘာ
၈ ရက်မှ ၁၀ ရက်အထိဆွေးနွေးပွဲ၌ အချက်ခုနစ်ချက်ကို
သဘောတူလက်မှတ်ရေးထိုးခဲ့ရာ စည်းကမ်း ၁၈ ချက်၊ အပိုဒ် (ဃ)တွင် ပြည်သူလူထုအား
အကြောင်းမဲ့ ဖမ်းဆီးပြီး အရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြုလုပ်ရန်၊
အပိုဒ်(ဂ)တွင် ပြည်သူလူထုထံမှ တရားမ၀င်ငွေကောက်ခံခြင်း၊ အတင်းအဓမ္မငွေကြေး၊
ပစ္စည်းများရယူခြင်း မပြုလုပ်ရန်၊ အပိုဒ်(စ)တွင် ကာယကံရှင်၏ဆန္ဒမပါဘဲ
တပ်ဖွဲ့ဝင်အဖြစ် အဓမ္မတင်သွင်းခြင်းမပြုလုပ်ရန် စသည့်အချက်သုံးချက်ကိုမူတည်ပြီး အဆိုတင်ခြင်းဖြစ်ကြောင်း သိရသည်။
မန်စီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့များက
ဆက်ကြေးပေးရန် အကြောင်းကြားထားကြောင်း သိရပါသဖြင့်
ယင်းလုပ်ဆောင်ချက်များမှာ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း၊ တစ်ကျော့ပြန်ဖြစ်လာသော စစ်ပွဲများကြောင့် လမ်းတံတားများဖျက်ဆီးခံရပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးပျက်သုဉ်းခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းအဆိုကို ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့သည်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက လက်နက်မဲ့ပြည်သူများအား မတရားအနိုင်ကျင့်ခြင်းကို ရပ်တန့်ရန်၊ ဖောက်ခွဲဖျက်ဆီးခြင်းလုပ်ရပ်များကို ရပ်တန့်ရန်၊ မိမိဆန္ဒမပါသော ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းမပြုရန်၊
ဆက်ကြေးတောင်းခံခြင်းများ ရပ်တန့်ပေးရန်၊ ဖမ်းဆီးသူများအား
ပြန်လွှတ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ရပ်တန့်ပေးရန်စသည့်
အချက်ခြောက်ချက်ကို တင်ပြတောင်းဆိုခဲ့သည်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်က "ဖမ်းဆီးခံရတဲ့သူတွေဟာ ရှမ်းတောင်သူတွေဖြစ်ပါတယ်။ အရင်နှစ်တွေကလည်း စပါးရိတ်ချိန်မှာဆက်ကြေးပေး၊
လူဖမ်းတာကို နှစ်တိုင်းခံရပါတယ်။ နှစ်ပေါင်း ၅၁ နှစ်မှာ
ငြိမ်းချမ်းရေးယူတဲ့ ၁၇ နှစ် ကာလသာ သက်သာခဲ့ပါတယ်။ ငြိမ်းချမ်းရေး
အကောင်အထည်ဖော်တဲ့ကာလမှာ အခုလိုလုပ်တာလည်း မကောင်းပါဘူး။
ပြည်နယ်အစိုးရအနေဖြင့် ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်ပေးရန်
ထောက်ခံဆွေးနွေးခဲ့တာပါ။ ပြည်သူ့လွှတ်တော်ကနေ နိုင်ငံတော်သမ္မတအထိ
ရောက်ရှိသွားမှာပါ" ဟု ပြောကြားသည်။
ယင်းအဆိုသည် ကချင်ပြည်နယ်လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ကချင်ပြည်နယ်တွင်းရှိ ရှမ်းတိုင်းရင်းသားအရေးကို ပထဆုံးတင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကချင်ပြည်နယ်တွင်းရှိ ရှမ်းလူမျိုးများသည် မန်စီဒေသတွင် လူဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းစသည်တို့ကို အကြောင်းပြုပြီး ကေအိုင်အေအားဆန္ဒပြရန် အင်းအားတစ်သောင်းဝန်ကျင်ခန့် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် ဒီဇင်ဘာ ၂၀ ရက်က စုဝေးခဲ့ကြသည်။
Eleven
ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးများအရေး ကချင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းမှု လွှတ်တော် ကိုယ်စားလှယ်အားလုံး ထောက်ခံ
Reviewed by
VC
on
December 22, 2013
Rating:
5
No comments:
Post a Comment