Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 13, 2013

ကက်ကတစ်ကြော်နှပ်

ကက်ကတစ်ကြော်နှပ်၊ ဝက်နံ ရိုးဟင်း၊ မုန်ညင်းရွက်ကြော်၊ပဲနီလေးပဲကြာဇံဟင်းချို ၊ ငရုတ်သီးဆားထောင်းနှင့်တို့စရာ

ကက်ကတစ်ငါး အကောင်ကို အကြေးထိုးပြီး ရေစင်ကြယ်အောင်ဆေး၍ အကွင်းလေးတွေ တုံးပါ။ ဆား၊နနွင်းမှုန့် အနည်းငယ်စီ တို့ဖြင့် နယ်ကာ မီးအသင့်အတင့်ဖြင့် ကြွပ်နေအောင်ကြော်ပြီး ဆီစစ်ထားပါ။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးများကို အကွင်းလေးတွေလှီးထားပါ။ငရုတ်သီးခြောက်ကို ကြော်ပြီး ဆီစစ်ထားပါ။ ပြီးလျှင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ နှင့်ဂျင်းကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ ဆီသတ်ပါ။ ကြက်သွန်ဖြူ နှင့်ဂျင်းများ ရွှေရောင်သမ်းပြီးကျက်လာလျှင် လှီးထားသော ကြက်သွန်နီနှင့် ခရမ်းချဉ်သီးများကို ထည့်ပါ။ ပဲငံပြာရည်အပျစ်နှင့် ဆားအနည်းငယ်ဆီ ထည့်ကာ အထက်အောက်လှန်ပြီး ကြော်ထားသော ငါးများကိုထည့်ကာ အသာမွှေပေးပါ။ ခဏကြာမျှအသာမွှေပြီး အပေါ့ အငံမြည်း၍ ငရုတ်သီးခြောက်နှင့် ကြက်သွန်မိတ် (သို့) နံနံပင် အုပ်ကာ မွှေးပျံ့ပြီး အရသာကောင်းမွန်သော ကက်ကတစ်ကြော်နှပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။)

ဝက်နံ ရိုးဟင်း 
ဝက်နံ ရိုး ကို ရေဆေးကာ အတုံးလေးတွေတုံးပါ။ပြီးလျှင် ဆား၊နနွင်းမှုန့်၊ငံပြာရည် တို့ဖြင့် ရောနယ်ကာနာရီဝက်ခန့်နှပ်ထားပါ။ ပြီးလျှင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန် နီ၊ဂျင်းနှင့် ငရုတ်သီးခြောက်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက လုံးထားသော ဝက်နံ ရိုး များကိုထည့်ပြီး မွှေပေးပါ။ ဝက်နံ ရိုးများကို အဆက်မပြတ်မွှေပေးကာ အသားများကျစ်ကျစ်လေးဖြစ်လာပြီး ဆီပြန်လာလျှင် ရေမြုပ်အောင်ထည့်၍ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာလျှင် အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ် ထပ်ထည့် ပြီး နူးအောင် တည်ထားပါ။ ရေများခန်းလာကာ အသားများနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကြည့်၍ ရှမ်းနံနံအုပ်ကာ အရသာကောင်းမွန်သော ဝက်နံ ရိုးဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။)

No comments:

Post a Comment