Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 29, 2013

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည် မဟုတ်ဟုဆို

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည် မဟုတ်ဟုဆိုသမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံ ကိန်းကို ၎င်း၏ သမ္မတ သက်တမ်း အတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည် မဟုတ်ဘဲ တစ်ဖက် ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆို လာပါကလည်း ပြည်သူ့ ဆန္ဒကိုမူတည်၍ နိုင်ငံတကာ စံနှုန်းများ၊ ဥပဒေများနှင့် အညီ အစိုးရက တုံ့ပြန် သွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ဒီဇင်ဘာ ၂၆ ရက်က CPI ကုမ္ပဏီက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်ကို ယခင်အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ် များအား လေးစား သင့်ကြောင်း ပြောကြားချက်အပေါ် တုံ့ပြန် ပြောကြားခြင်းလည်း ဖြစ်သည်။ ပြည်သူ့ဆန္ဒကို အလေးထားသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် အကျိုးမျှော်ကိုး ပြုလုပ်ထားခြင်းလည်းမဟုတ်ကြောင်း ၎င်းကပြောသည်။
“ကုမ္ပဏီ ကတော့ သူ့ဆန္ဒကို သူပြောတာပေါ့။ သမ္မတကြီး အကြိမ်ကြိမ်ပြောကြား ထားသလိုပဲ သူ့အစိုးရ သက်တမ်းမှာတော့ ဒါကို ဆိုင်းငံ့ထားမှာ။ ဘယ်လိုအကြောင်းနဲ့မှ ဆုံးဖြတ် ချက်ကို ပြင်မှာမဟုတ်ဘူး။ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ လုပ်လာလို့ ပြောဆိုဖြေရှင်း လာရရင်တောင် ကျွန်တော်တို့ အစိုးရသက်တမ်း အတွင်းမှာ နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့ စာချုပ်ပါ စည်းမျဉ်းတွေအတိုင်းပဲ ရင်ဆိုင်တုံ့ပြန်သွားမှာပါ”ဟု ဦးရဲထွဋ် ကပြောကြားသည်။ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းအားကစား ပိတ်ပွဲ၊ ဖွင့်ပွဲတွင် တရုတ်အစိုးရ၏ အဓိက ပံ့ပိုးကူညီမှုရှိခဲ့ပြီးနောက် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လို၍ တရုတ်က ထိုသို့ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းကို အကြောင်းပြု၍ မြစ်ဆုံစီမံကိန်းပြန်စရန် ဖိအားပေးလာနိုင်ဖွယ်ရှိကြောင်း ဝေဖန်မှုများ ပေါ်ထွက်နေချိန်တွင် ဆီးဂိမ်းအပြီး လေးရက်အကြာတွင် CPI ကုမ္ပဏီက ယင်းသို့ သတင်းစာရှင်း လင်းပွဲပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဧရာဝတီမြစ် အထက်ပိုင်းရှိ မြစ်ဆုံတွင် ရေကာတာ ခုနစ်ခု တည်ဆောက်ရန် ၂၀၀၆ ခုနှစ်က စစ်အစိုးရနှင့် China Power Investment Corporation (CPI) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာရေး ထိုးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်းစီမံကိန်းကို ကန့်ကွက်မှုများကြောင့် သမ္မတ ဦးသိန်းစိန်က ၎င်း၏အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားခဲ့သည်။စစ်အစိုးရနှင့် ချုပ်ဆိုထားသည့်စာချုပ် ဖြစ်သော်လည်း လက်ရှိသမ္မတဦးသိန်းစိန်မှာ စစ်အစိုးရမှ အရပ်ဝတ်သို့ ပြောင်းလဲထားသော ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်နေပြီး မြစ်ဆုံကိစ္စမှာ နောင်ကျင်းပမည့် ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် အစိုးရအတွက် အကျပ်အတည်းပြဿနာတစ်ခုဖြစ်နေကြောင်း၊ ယင်းကိစ္စကို အပြီးတိုင် ရပ်စဲပစ်စေလိုကြောင်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူ့အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားသည်။ ထိုစဉ်က စီမံကိန်းအတွက် မြန်မာဘက်က တာဝန်ယူလက်မှတ်ရေးထိုးထားသူအချို့မှာ လက်ရှိအစိုးရအတွင်း ဆက်လက်ပါဝင်နေဆဲဖြစ်ရာ ယခုမြစ်ဆုံစီမံကိန်းအပြီးရပ်စဲရန်မှာ လက်ရှိအစိုးရ၌ပါ တာဝန်ရှိကြောင်း ဥပဒေပညာရှင်အချို့ကလည်း ထောက်ပြကြသည်။
ထို့အပြင် ယခုနှစ်စက်တင်ဘာက စင်ကာပူနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့စဉ် စင်ကာပူရောက် မြန်မာမိသားစု များနှင့် တွေ့ဆုံခိုက် မြစ်ဆုံကိစ္စ နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြား ခဲ့သည်။ “အစိုးရများကို တာဝန်ယူမှု ရှိစေချင်ရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ ကျွန်မတို့ မြစ်ဆုံစီမံကိန်း အတွက် ဘာလုပ်မလဲ ဆိုတာက ဘယ်လို Contract မျိုး ရေးဆွဲထားလဲ။ ဘယ်လိုလက်မှတ်ထိုးထားလဲဆိုတာ မသိဘဲနဲ့ ကျွန်မ ပြောလို့မရဘူး။ ကျွန်မ မေးချင်တယ်။ လက်မှတ်ထိုးတဲ့လူတွေက ဘာလို့ တာဝန်ယူပြီးတော့ မရှင်းသလဲ ဆိုတာ ကျွန်မသိ ချင်တယ်” ဟု ပြောကြားခဲ့သည်။
“နိုင်ငံတကာနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်တွေမှာ အငြင်းပွားမှု တွေဖြစ်လာရင် နိုင်ငံတကာ ခုံရုံးတွေ တက်ရတာတွေ ရှိနိုင်တယ်။ တရုတ် ကုမ္ပဏီကတော့ ခုထိ ဒါမျိုးလုပ်မယ်လို့ ထုတ်တော့ မပြောသေးဘူး။ အခုဦးပိုင်နဲ့ F&N ဖြစ်နေတဲ့ ပြဿနာလိုပေါ့။ ခုံရုံးတက်တဲ့အခါ စာချုပ်မှာပါတဲ့ အချက်တွေက အသက်ပဲ။ ဒါတွေကို အစိုးရက ကြိုပြီးပြင်ဆင်ထားဖို့လိုတယ်”ဟု နိုင်ငံတကာနှင့် အငြင်းပွားမှုပြဿနာများတွင် အတွေ့အကြုံရှိသည့် ဥပဒေပညာရှင်တစ်ဦးကပြောကြားသည်။

No comments:

Post a Comment