Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 18, 2013

အမေရိကန်နှင့် တရုတ်စစ်သင်္ဘောများ ရင်ဆိုင်တိုက်မိလုနီးပါး ဖြစ်ခဲ့

အမေရိကန်နှင့် တရုတ်စစ်သင်္ဘောများ ရင်ဆိုင်တိုက်မိလုနီးပါး ဖြစ်ခဲ့တရုတ်ရေတပ်က မိမိတို့၏ တိုက်သင်္ဘော တစ်စင်းသည် အမေရိကန် သင်္ဘောတစ်စင်းနှင့် ထိပ်တိုက်တွေ့လုနီးနီး ဖြစ်ခဲ့ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ အစောပိုင်းက အမေရိကန်ဘက်မှ မိမိတို့၏ ပဲ့ထိန်းခရုစ်ဒုံးကျည်တင် စစ်သင်္ဘောကြီး USS Cowpensသည် တရုတ်သင်္ဘော တစ်စင်းနှင့် တိုက်မိလုနီးပါး အခြေအနေကြောင့် အသည်းအသန် တိမ်းရှောင်ခဲ့ ရကြောင်း ကြေညာခဲ့သည်။ ယခုအခါ တရုတ်ဘက်ကလည်း ဒီဇင်ဘာလ (၅)ရက်နေ့က တောင်တရုတ် ပင်လယ်တွင် အဆိုပါ အခြေအနေ ဖြစ်ပေါ်ခဲ့သည်ကို အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းသည် (၂၀၀၉)ခုနှစ်နောက်ပိုင်း တောင်တရုတ် ပင်လယ်တွင် အမေရိကန်နှင့် တရုတ်ရေတပ်တို့ကြား အကြီးမားဆုံး ထိပ်တိုက်တွေ့ဆုံမှုသဖွယ် ဖြစ်လာသည်။

အမေရိကန် ရေတပ်က မိမိတို့သည် နိုင်ငံတကာ ရေပိုင်နက်တွင် ခုတ်မောင်း သွားလာနေခြင်းဟု ကြေညာသော်လည်း တရုတ်ဘက်ကမူ ယင်းသည် တရုတ်ရေပိုင်နက်ဟု ပြောဆိုထားသည်။ ထို့အပြင် ယင်းဖြစ်စဉ်တွင် အမေရိကန်ဘက်မှ သင်္ဘောက တရုတ်၏ တစ်စင်းတည်းသော လေယာဉ်တင် သင်္ဘောကြီး Liaoningကို နှောင့်ယှက်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း စွပ်စွဲထားသည်။ အမေရိကန်၏ ပစိဖိတ်ရေတပ် ဌာနချုပ်က "USS Cowpensဟာ နိုင်ငံတကာ ဥပဒေတွေ သတ်မှတ်ချက်တွေနဲ့အညီ တောင်တရုတ်ပင်လယ်ရဲ့ အပြည်ပြည်ဆိုင်ရာ ရေပြင်မှာ ခုတ်မောင်းနေခဲ့တာပါ။ တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်သင်္ဘောက ထိပ်တိုက်ဝင်လာတဲ့အတွက် မဖြစ်မနေ တိမ်းရှောင်မောင်းနှင်မှု လုပ်ဆောင်ခဲ့ရပါတယ်"ဟု ကြေညာခဲ့သည်။

အမေရိကန်၏ အမည်ဖော်မပြသော ကာကွယ်ရေး အရာရှိ တစ်ဦးက သင်္ဘောနှစ်စင်းမှ ရေတပ်သားများ အပြန်အလှန် ဆက်သွယ်ကာ လုံခြုံရေးအတွက် အဖြစ်နိုင်ဆုံး လမ်းကြောင်းများကို ရွေးချယ်ခုတ်မောင်းခဲ့ကြောင်းလည်း Reutersသို့ ပြောကြားခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ကမ္ဘာသိ ရှင်းလင်းမှု ပြုလုပ်လာခဲ့သည်။ တရုတ်ရေတပ်၏ သင်္ဘောတစ်စင်းသည် အဆိုပါ ရေပြင်တွင် ကင်းလှည့်ခုတ်မောင်းနေစဉ် အဆိုပါ ပြဿနာနှင့် ကြုံတွေ့ခဲ့ခြင်းဟု ဆိုသည်။

"တရုတ်စစ်သင်္ဘောဟာ စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး ဒီဖြစ်ရပ်ကို ကိုင်တွယ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနတွေ အပြန်အလှန် သတင်းအချက်အလက် ဖလှယ်ကြပြီး ထိထိရောက်ရောက် ဆက်သွယ်ဆွေးနွေးဖြစ်ခဲ့ပါတယ်"ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက်တွင် ပါရှိသည်။ ထို့အပြင် အမည်ဖော်မပြသည့် တရုတ်စစ်ဘက် အရာရှိ တစ်ဦးက USS Cowpensသည် Liaoningနောက်တွင် လိုက်ပါပြီး အနှောင့်အယှက် ပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။ Liaoningသည် လတ်တလောတွင် ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ်ပင်လယ်အတွင်း လှည့်လည်ခုတ်မောင်းနေကြောင်းလည်း သိရှိရသည်။ 

http://www.planet.com.mm/news/read.cfm/id/23158 

No comments:

Post a Comment