Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

ယုံကြည်ရမည်လား အစုရှယ်ယာ

Written by  စစ်ငြိမ်းသူ

မြန်မာသီလဝါ အများပိုင်ကုမ္ပဏီက ကျပ်တစ်သောင်းတန် အစုရှယ်ယာများ ရောင်းချ ပေးတော့မည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမည့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စတင်ခဲ့သည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းသည် မြန်မာနိုင်ငံအပေါ် အကူအညီများ ပေးလျက်ရှိသည့် ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင် ရွက်မည် ဖြစ် သည့်အတွက် စီမံကိန်း အောင်မြင်နိုင်ခြေနှင့် အကျိုးအမြတ် ရရှိရေးမှာ ပိုမိုသေ ချာကြောင်း စီးပွားရေး ပညာရှင် တချို့က သုံးသပ်ကြသည်။
ယင်းကြောင့်ပင် သီလဝါ အစုရှယ်ယာများ ဝယ်ယူရေး ပြည်သူအများစုက စိတ်ဝင်စား လာကြသည်။

သီလဝါရှယ်ယာ


၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အများပြည်သူသို့ ရှယ်ယာများကို တစ်ခုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထုတ်ရောင်းသွားမည် ဖြစ်ပြီး တစ်ဦး တစ်ယောက်တည်းက လက်ဝါးကြီးအုပ် မဝယ်ယူနိုင်ရန် ရှယ်ယာ ဝယ်ယူခွင့် ပမာဏကို သတ်မှတ်ထားကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ၏ ရှယ်ယာကို ပြည်သူများ စိတ်ဝင်စား နေခြင်းသည် ရန်ကုန် မြေဈေးကြောင့် ဖြစ်ပြီး စီမံကိန်း မစတင်မီကပင် ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီးများက အဆိုပါ သီလဝါ မြေများကို ဝယ်ယူရန် ကမ်းလှမ်းမှုများရှိကာ အကျိုးအမြတ် ရရှိနိုင်မှု များသည့်အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

သီလဝါ စီမံကိန်း ဧရိယာ အတွင်းရှိ မြေများကို ဒေသခံများက တစ်ဧက ကျပ်သိန်း ၃၀၀ မြေယာလျော်ကြေး တောင်းဆို ထားမှုများလည်း ရှိနေသည်။
ယင်းစီမံကိန်းဇုန် အပြင်ဘက် လမ်းမတန်းရှိ မြေဈေးမှာလည်း တစ်ဧက ကျပ်သိန်း ၃၀၀၀ ဝန်းကျင် ဈေးပေါက်လျက် ရှိကြောင်း သီလဝါအိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းများက ဆိုကြသည်။

သီလဝါ ရှယ်ယာ ဝယ်ယူရာတွင် သတိထားရမည့် အချက်မှာ ယင်းစီမံကိန်းအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦများ ဖြစ်သော လျှပ်စစ်မီး၊ ရေနှင့် လမ်းပန်း ဆက်သွယ်ရေးတို့ကို ဖြည့်ဆည်း ပေးရန်လိုပြီး အခြေခံ အဆောက်အဦများ မပြည့်စုံပါက စီမံကိန်း အောင်မြင်နိုင်ခြေ နည်းသွားမည် ဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ထပ်လောင်း ပြောကြားသည်။

မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ ပိုင်ဆိုင်သော ရှယ်ယာ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကို အများပြည်သူသို့ ရောင်းချသွားမည် ဖြစ်ပြီး ကျန် ၄၅ ရာခိုင်နှုန်းကို လက်ရှိ အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသော အများပိုင် ကုမ္ပဏီ ကိုးခုက ၅ ရာခိုင်နှုန်း အချိုးကျ ဝယ်ယူမည် ဖြစ်ကာ ကျန် ၁၀ ရာခိုင်နှုန်းကို အစိုးရက တာဝန်ယူမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ရှင်းပြသည်။

ဂျပန်မစ်ဆူဘီရှီ၊ မာရူဘီနိနှင့် ဆူမီတိုမို ကော်ပိုရေးရှင်း သုံးခုသည် သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး အတွက် ယာယီပူးပေါင်း ဖွဲ့စည်းထားပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ကလည်း အစိုးရ အေဂျင်စီ အနေဖြင့် ပါဝင်မည် ဖြစ်သည်။

သီလဝါ စီမံကိန်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးကို မောင်းတင်နိုင်မည့် စီမံကိန်းကြီး ဖြစ်ခြင်း၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကြောင့် ပြည်သူအားလုံးက စိတ်ဝင်စားလျက် ရှိသည့်အပြင် ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကြောင့်လည်း စီးပွားရေး အကျိုးအမြတ် ရရှိနိုင်ခြေ ရှိသောကြောင့် သီလဝါ ရှယ်ယာကို စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသည်။

သီလဝါ စီမံကိန်းသည် ရန်ကုန်တွင် အလားအလာ အကောင်းဆုံး စီမံကိန်းတစ်ခု ဖြစ်ကာ ကုန်စည် သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု အပိုင်းတွင်လည်း ဖွံ့ဖြိုး လာနိုင်ခြေများ ရှိပြီး နောက်ပိုင်းတွင် အများပိုင် ကုမ္ပဏီများက ရှယ်ယာ ရောင်းချမှုများ ယခုထက် ပိုမိုလာမည် ဖြစ်သည့်အတွက် သီလဝါ ရှယ်ယာကို စိတ်ဝင်စားခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်းတွင် လူအများ စိတ်ဝင်စားသော နောက်ထပ် အများပိုင် ကုမ္ပဏီနှစ်ခုမှာ First Myanmar Investment (FMI) ကုမ္ပဏီနှင့် သစ်တောဖက်စပ် ကော်ပိုရေးရှင်း (FPJVC) ကုမ္ပဏီတို့ ဖြစ်ပြီး ယင်း ကုမ္ပဏီတို့၏ ရှယ်ယာများကို ပုံမှန် စုဆောင်း ဝယ်ယူသူများ ရှိကြသည်။

FMI ကုမ္ပဏီသည် ယခုနှစ် နိုဝင်ဘာလ အတွင်းက ကုမ္ပဏီလုပ်ငန်း တိုးချဲ့ ဆောင်ရွက်ရန်အတွက် လိုအပ်သော ငွေကြေး အရင်းအနှီး ရရှိနိုင်ရန် ငွေကျပ် ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ အစုရှယ်ယာ ၂ ဒသမ ၅ သန်းကို အများပြည်သူသို့ ရောင်းချလျက် ရှိသည်။

ရှယ်ယာ ဘာအန္တရာယ်ရှိမလဲ


ရှယ်ယာ ထုတ်ရောင်းခြင်း၏ အဓိက ရည်ရွယ်ချက်သည် လုပ်ငန်း တိုးချဲ့ရန်အတွက် လိုအပ်သော ငွေကြေး အရင်းအနှီး ရရှိနိုင်ရန် ဖြစ်သည်။
ရှယ်ယာ ဝယ်ယူခြင်းသည် ဘဏ်တွင် ငွေစုဆောင်းခြင်းနှင့် ပုံစံ တူသယောင် ရှိသော်လည်း ကွဲပြားခြားနားသည်။

ဘဏ်တွင် ငွေစုဆောင်းလျှင် အဆိုပါ ဘဏ်လုပ်ငန်း ရှုံးခြင်း၊ မြတ်ခြင်းကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ဘဲ သတ်မှတ်ချိန် ကာလအတွင်း ပုံမှန်အမြတ် (အတိုး) ရရှိနိုင်သည်။
အများအားဖြင့် ကုမ္ပဏီတစ်ခု၏ ရှယ်ယာကို ဝယ်ယူမည်ဆိုလျှင် ယင်းကုမ္ပဏီ၏ လုပ်ငန်း အမြတ်ရမှသာ ရှယ်ယာ ဝယ်ယူသူလည်း ပိုမိုအကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။
ထို့အပြင် အများပိုင် ကုမ္ပဏီကြီးတစ်ခု ပြိုကွဲသည်နှင့် တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံ ထားသူများ (ယင်းကုမ္ပဏီ၏ ရှယ်ယာ ဝယ်ယူထားသူများ) လည်း ဆုံးရှုံးနစ်နာမည် ဖြစ်သည်။

ဘဏ်တွင်ငွေ စုခြင်းထက် ရှယ်ယာ ဝယ်ယူခြင်းသည် အကျိုးအမြတ် ပိုမိုရရှိသည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သော်လည်း ပို၍ စွန့်စားရသည်။ ယင်းရှယ်ယာကို ထုတ်ဝေ ရောင်းချသည့် ကုမ္ပဏီ၏ ငွေကြေးအင်အား တောင့်တင်းမှု၊ ဈေးကွက် မဟာဗျူဟာ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားမှုနှင့် ကုမ္ပဏီ၏ သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရှယ်ယာရှင်များကို အသိပေးနိုင်မှု တို့ကို အခြေခံ၍ အကျိုးအမြတ် ရနိုင်ခြေကို တွက်ချက် ရင်းနှီးမြှုပ်နှံရခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းနေသည့် ပုံစံမှာ မရှိသေးသော အိမ်အတွက် မြေကွက်ဝယ်ရန် ငွေလိုက်စုနေ သကဲ့သို့ ဖြစ်နေကြောင်း အမေရိကန် ကြော်ငြာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Young & Rubiciam ၏ အစုရှယ်ယာဝင် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးကျော်မျိုးထွန်း ရေးသားသည့် ခေတ်ပေါ် ငွေကြေး စီမံခန့်ခွဲမှု၏ အခြေခံ သဘောတရားများကို နားလည်ခြင်း စာအုပ်တွင် ဖော်ပြထားသည်။
ယင်းအချက်သည် ရှယ်ယာဝယ်ယူ စုဆောင်းလိုသူတိုင်း သတိထားသင့်သည့် အချက်တစ်ခုလည်း ဖြစ်သည်။

၂၀၁၅ ရန်ကုန် စတော့အိတ်ချိန်း


ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရွေးချယ်စရာ ရှားပါးနေသော မြန်မာနိုင်ငံတွင် ရွှေ၊ ဒေါ်လာ၊ ကားနှင့် အိမ်၊ ခြံ၊ မြေကဏ္ဍတို့တွင်သာ ရင်းနှီးမြှုပ်နှံမှု ပြုလျက်ရှိပြီး ယခုအခါ ရွှေဈေး ဆက်တိုက် ကျဆင်းမှု၊ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ ဖြေလျှော့မှုနှင့် ထိန်းချုပ်ထားသော နှုန်းရှင် နိုင်ငံခြားငွေ လဲလှယ်ရေး မူဝါဒ တို့ကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်တွင်သာ အရင်းအနှီးများ စုပြုံရောက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားရေး အကြံပေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက်က မှတ်ချက် ပေးဖူးသည်။

ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ခွင့် ရှိလာပါက မိုးထောင်အိမ်၊ ခြံ၊ မြေဈေးသည် ပုံမှန်အနေအထား ပြန်ရောက်သွားနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့အိတ်ချိန်းသည် ရွေးချယ်စရာ တစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့အိတ်ချိန်းသည်လည်း ချက်ချင်း အောင်မြင်နိုင်ရန် မဖြစ်နိုင်ဘဲ ၂ နှစ်မှ ငါးနှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း၊ အဓိက အချက်မှာ ရင်းနှီးမြှုပ်နှံ သူတို့၏ ယုံကြည်မှုကို ရရှိရန် အရေးကြီးကြောင်း ဦးကျော်မျိုးထွန်းက သုံးသပ်ထားသည်။

ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှု ရရှိရန်၊ စတော့အိတ်ချိန်းတွင် ပါဝင်ကြမည့် အဖွဲ့အစည်းများကို တင်းကျပ်သည့် စည်းကမ်းများနှင့် ထိန်းကျောင်းရန် ခိုင်မာသော ကော်မရှင်တစ်ရပ် လိုအပ်ကြောင်း လက်ရှိတွင် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၏ အကြံပေး ဒါရိုက်တာအဖြစ် လုပ်ကိုင်နေသူ ဦးစိုးသိန်းက ပြောကြားသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်နိုင်ခြေရှိသော အများပိုင် ကုမ္ပဏီများကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်လျက်ရှိပြီး ပြည်တွင်းတွင် အများပိုင် ကုမ္ပဏီ စုစုပေါင်း ၁၀၀ ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်ကြောင်း MSEC ၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ထွန်းဦးက ပြောကြားသည်။

အများပိုင် ကုမ္ပဏီများ၏ လုပ်ငန်းပိုင် ဆိုင်ရာနှင့် ငွေရေးကြေးရေး အချက်အလက် များကို စိစစ်သုံးသပ် ပြထားသော Equity Research Report အစီရင်ခံစာ များကို လေ့လာဖတ်ရှုပြီး မည်သည့် အများပိုင် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်၊ မသင့်ကို သိရှိ နိုင်လာနိုင်ကြောင်း FMI နှင့် FPJVC ကုမ္ပဏီတို့ကို စိစစ်တွက်ချက် ပြထားသော Thura Swiss ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာအောင်သူရက ရှင်းပြသည်။

ရှယ်ယာမှ ရရှိသည့် အကျိုးအမြတ်နှင့် ရင်းနှီးမြှုပ်နှံမှု ပြုသင့် မပြုသင့် ဆိုသည်မှာ ရှယ်ယာ ထုတ်ရောင်းသည့် အများပိုင် လုပ်ငန်း၏ နောက်ခံ အခြေအနေ၊ လုပ်ဆောင်နိုင်စွမ်း၊ လုပ်ငန်း၏ အနာဂတ် အလားအလာနှင့် ခိုင်မာမှုတို့အပြင် အစိုးရ၏ လုပ်ထုံးထုပ်နည်းများ၊ ဥပဒေများ ခိုင်မာ အားကောင်းမှု ရှိ၊ မရှိတို့ အပေါ်တွင် မူတည်မည် ဖြစ်ပေသည်။

အစိုးရ၏ လုပ်ထုံး လုပ်နည်းများနှင့် ဥပဒေများ အားနည်း နေသေးသည့် မြန်မာနိုင်ငံ အနေအထား အရမူ ရှယ်ယာ ထုတ်ရောင်းသည့် အများပိုင် လုပ်ငန်း အပေါ်တွင်သာ လုံးလုံးအားထားရမည် ဖြစ်ရာ သမိုင်းကြောင်း ကောင်းပြီး အလားအလာ ရှိသည့် လုပ်ငန်းများက ထုတ်ရောင်းသော ရှယ်ယာ များသာ စိတ်ချရမည်ဟု ဆိုရမည် ဖြစ်ပေသည်။
http://thevoicemyanmar.com/2013/index.php/business/item/4045-adg.html

No comments:

Post a Comment