Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 22, 2013

မြန်မာနိုင်ငံသည် အာရှ၌ အိမ်ဖော်အများဆုံးတင်ပို့သည့် နိုင်ငံသုံးခုတွင် ပါဝင်လာနိုင်

ဟောင်ကောင်တွင် မြန်မာအမျိုးသမီးများ အိမ်အကူလုပ်ကိုင်ရန် မြန်မာ အစိုးရနှင့် ဟောင်ကောင်အေဂျင်စီ ပထမဆုံးအကြိမ် သဘောတူညီမှုရရှိ၊ မြန်မာနိုင်ငံသည် အာရှ၌ အိမ်ဖော်အများဆုံးတင်ပို့သည့် နိုင်ငံသုံးခုတွင် ပါဝင်လာနိုင်

မြန်မာအမျိုးသမီးများ ဟောင်ကောင်သို့ သွားရောက်၍ အိမ်အကူအဖြစ်လုပ်ကိုင်နိုင်ရန် ဟောင်ကောင်အေ ဂျင်စီတစ်ခုကို မြန်မာအစိုးရက ပထမဆုံးအကြိမ် ၀န်ဆောင်မှုပေးခွင့်ပြုလိုက်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။

ဟောင်ကောင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ Golden Mind Employment Agency ကို ဟောင်ကောင်တွင် မြန်မာအိမ်အကူများကို အလုပ်ခန့်အပ်နိုင်ရန် ၀န်ဆောင်မှုပေးခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ခွင့်ပြုပေးလိုက်သဖြင့် ဟောင်ကောင်တွင် ဖိလစ်ပိုင်အိမ်အကူများ ပြတ်လပ်ခြင်းကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အလုပ်လက်မဲ့နှင့် တရားမ၀င်ပြည်ပထွက်ခွာခြင်းများကိုလည်း လျှော့ချနိုင်မည်ဟု ဆိုသည်။

"အရင်တုန်းကတော့ မြန်မာတွေက နိုင်ငံခြားမှာ ကြုံတွေ့ရတဲ့ပြဿနာနဲ့ အခက်အခဲ အချို့ကြောင့် နိုင်ငံခြားကို အိမ်အကူအနေနဲ့ လွှတ်ဖို့တုံ့ဆိုင်းနေခဲ့ပါတယ်" ဟု ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။၎င်းက ဟောင်ကောင်သည် အိမ်အကူများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် စည်းမျဉ်းစည်းကမ်းများရှိသဖြင့် စိတ်ချရသည်ဟု ရှုမြင်ကြောင်းပြောကြားခဲ့သည်။

"ဒီကိစ္စက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်မှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေကို တရားမ၀င်သွားရောက်မှုတွေကိုလည်း လျှော့ချပေးသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

"ပထမဆုံးအသုတ်အနေနဲ့ မြန်မာအလုပ်သမား ၂၀၀ ကို ပို့ဆောင်ခွင့် ရရှိထားပါတယ်။ သူတို့တွေထဲက ၆၀ လောက်က နောက်လကုန်ဆိုရင် ဟောင်ကောင်ကို ရောက်ပါမယ်။ ကျွန်မတို့အေဂျင်စီအနေနဲ့ နောက်နှစ်မှာ ဟောင်ကောင်ကို မြန်မာအလုပ်သမား တစ်ထောင်လောက်ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်" ဟု ဟောင်ကောင် အေဂျင်စီမှ အထွေထွေမန်နေဂျာ Anita Lim က ပြောကြားသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှရရှိသော အချက်အလက်များအရ ဟောင်ကောင်တွင် အိမ်အကူအဖြစ်သွားရောက် လုပ်ကိုင်နေသော မြန်မာ ၄၃ ဦးရှိပြီး ၎င်းတို့မှာ ဟောင်ကောင်နိုင်ငံသားခံယူထားသော မြန်မာမိသားစုများက တစ်ဦးချင်းခေါ်ယူထားခြင်းဖြစ်သည်ဟု Anita Lim က ဆိုသည်။

၎င်းက မြန်မာအလုပ်သမားများကို ရန်ကုန်မြို့တွင် နှစ်လသင်တန်းပေးပြီးမှ ဟောင်ကောင်သို့ ပို့ဆောင်ပေးသည်ဟု သိရသည်။

တရားဝင် စာရင်း အတိအကျရရှိရန် ခက်ခဲသော်လည်း ကမ္ဘာပေါ်တွင် အိမ်ဖော်အများဆုံးတင်ပို့သည့် နိုင်ငံသည် ဖိလစ်ပိုင် ဖြစ်ပြီး အင်ဒိုနီးရှား၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ် တို့မှာလည်း အိမ်ဖော်တင်ပို့မှု များကြောင်း နှင့် မြန်မာအစိုးရသည် ဟောင်ကောင်တွင် မြန်မာအိမ်အကူများကို အလုပ်ခန့်အပ်နိုင်ရန် ပထမဆုံးအကြိမ် ၀န်ဆောင်မှုပေးခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
စင်ကာပူနိုင်ငံရောက် မြန်မာအိမ်ဖော်အရေအတွက်သည် ၂၅၀၀၀ နှင့် ၃၀၀၀၀ ကျော်အထိ ရှိနိုင်သည်ဟု စင်ကာပူ အခြေစိုက် Home Foundation က ပြောကြားသည်။

အလားတူ ထိုင်းနိုင်ငံရောက် မြန်မာအိမ်ဖ်ာအရေအတွက်သည်လည်း ၂၅၀၀၀၀ ကျော်ရှိနိုင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် ထုတ်ပြန်ထားသည်။

EMG

No comments:

Post a Comment