Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 1, 2013

ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၃၀

အသွင်ကူးပြောင်းစ မြန်မာနိုင်ငံသည် ထိလွယ်ရှလွယ် အခြေအနေများ၊ မရေရာမှုများ နှင့် စိန်ခေါ်မှုများ ရှိနေသဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ ရှောင်ရှားရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်သည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုဝင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်း များ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက အထက်ပါ အတိုင်း ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

"ယနေ့ကာလလို ထိလွယ်ရှလွယ် အခြေအနေများ၊ မရေရာ မသေချာမှုများနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ လူ့အဖွဲ့အစည်း အတွက် ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းများကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်း အဖြေ ရှာကြဖို့ ပြောကြားလိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနေချိန်တွင် အစိုးရနှင့် ပြည်သူလူထု အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးမှာ နိုင်ငံရေး လိုအပ်ချက်တစ်ခု ဖြစ်နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

ယင်းသို့ အစိုးရနှင့် ပြည်သူအကြား၊ အင်စတီကျူးရှင်း များနှင့် ပြည်သူအကြား၊ ပြည်သူတစ်ဦးနှင့် တစ်ဦးအကြား ကာလကြာရှည် ပျောက်ဆုံးခဲ့သည့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် အရပ်ဘက် အဖွဲ့အစည်းများမှာ အဓိကကျကြောင်း၊ ပြည်သူလူထု အကြား ယုံကြည်မှု တည်ဆောက်ခြင်းကို ယင်းအဖွဲ့အစည်းများ ကသာ ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ရှင်းပြသည်။

ယင်းသို့ အဖြေရှာကြရာတွင် အဖွဲ့အစည်း တစ်ခုချင်းစီ၊ နိုင်ငံသား တစ်ဦးချင်းစီက ရရှိထားသည့် နိုင်ငံရေး အပြောင်းအလဲများ ဆက်လက် ရှင်သန်ရေးနှင့် ခိုင်မာသည့် ကူးပြောင်းရေးများ ပေါ်ပေါက်ရန် အခြေခံသည့် ချဉ်းကပ်မှုများဖြင့် လုပ်ဆောင်သွားရန် အလေးအနက် တိုက်တွန်းကြောင်း ၄င်းက ဖြည့်စွက် ပြောကြားသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ဝန်းကျင် မှားယွင်းသည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့ရာ ယင်းမှားယွင်းမှု များကို ၂ နှစ် သုံးနှစ်ခန့် အချိန်အတွင်း ပြန်လည်ချေဖျက်ရန် မဖြစ်နိုင်ကြောင်း၊ အင်စတီကျူးရှင်း ပြဿနာမှာ နုတ်မှ ဖွင့်ပြော၍ မရလောက်သည် အထိ ကြီးမားနေပြီး လက်ရှိ အပြောင်းအလဲကို အတင်းရှေ့တိုးရန် ဖိအားပေးမည် ဆိုပါက နောက်ကြောင်းပြန် လှည့်သွားနိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသည်။
"နှစ်ခြောက်ဆယ်ကို ၂နှစ်၊ သုံးနှစ်နဲ့ ပြန်ချေဖျက်လို့ မရဘူး။ နားလည်ပေးပါ" ဟု ၄င်းက မေတ္တာရပ်ခံသည်။

သမ္မတ၏ အဖွင့်မိန့်ခွန်း ပြီးနောက် အရပ်ဘက်အဖွဲ့အစည်း ၁၁ ခုက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

အစိုးရသစ် လက်ထက်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း ၁၃၀ ဝန်းကျင် ရှိသော်လည်း အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိကြောင်း၊ အစိုးရ၏ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဆောင်ရွက်ချက် များမှာလည်း ဇီးစေ့ပမာဏ ခန့်သာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု များကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမှာ မြင့်မိုရ်တောင် အရွယ်အစား ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လှုပ်ရှားသူ ဦးမြင့်ဇော်က ပြောကြားသည်။

အရပ်ဘက် အဖွဲ့အစည်းများ ခိုင်မာ အားကောင်းစေရေး နိုင်ငံတော်သမ္မတက မည်သို့ပင် ခွင့်ပြုစေကာမူ အောက်ခြေ အုပ်ချုပ်ရေး အာဏာပိုင်များက ပိတ်ပင် တားဆီးမှု အများအပြား ရှိနေကြောင်း၊ တိုင်းပြည်အတွင်း လူငယ်ရေးရာ မူဝါဒများကို မဖြစ်မနေ အကောင်အထည် ဖော်ပေးစေ လိုကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးအာကာဗိုလ်က ပြောဆိုသည်။

အစိုးရသစ် လက်ထက်တွင် ထိပ်ပိုင်းခေါင်းဆောင် များနှင့် အောက်ခြေ အုပ်ချုပ်ရေးအာဏာပိုင် များအကြား ကြီးမားသည့် ကွဲလွဲချက်များ ရှိနေပြီး အစိုးရက ဖော်ဆောင်သည့် လုပ်ငန်းစဉ် များမှာ အောက်ခြေသို့ အမှန်တကယ် မရောက်ရှိကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အလယ်အလတ် အဆင့်၊ အောက်ခြေအဆင့် အုပ်ချုပ်ရေး အာဏာပိုင်များ အကြား ဆက်ဆံရေးမှာ များစွာဆိုးရွား နေသေးကြောင်း ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြောကြားသည်။

ထိုနေ့က ပထမဦးဆုံးအကြိမ် ကျင်းပသည့် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးနှင့် ဘာသာရေး အဖွဲ့အစည်း ၂၀၀ ကျော်မှ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့သည်။

No comments:

Post a Comment