Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 23, 2013

ABSDF ရဲဘော်ဟောင်း သံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ်မှ ချန်လှပ်

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲဘော်ဟောင်း  ဦးသံချောင်း (ခေါ်) စပ်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ရန် ရှမ်းပြည်နယ် တောင်ပိုင်း တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ထောက်ခံ ထားသော်လည်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအတွင်း ကန့်ကွက်မှုများ များပြားသဖြင့် နိုင်ငံရေး အကျဉ်းသား အဖြစ်က ချန်လှပ်ခဲ့ရကြောင်း အဆိုပါ ကော်မတီဝင် ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ABSDF ရဲဘော်ဟောင်း ဦးသံချောင်းသည် မြောက်ပိုင်း ပါဂျောင် လူသတ်မှုတွင် ပါဝင်ခဲ့သူအဖြစ် တရားစွဲဆို ခံထားရသောကြောင့် လက်ကျန် နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းကို ကန့်ကွက်သူများ ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ရင်
စိစစ်ရေး ကော်မတီကို ထိခိုက်နိုင်တယ်ဆိုပြီး ကန့်ကွက်ကြတယ်” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ကန့်ကွက်မှုများ ရှိသောကြောင့် ဦးသံချောင်းမှာ ယခုတစ်ကြိမ် နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်တွင် ပါနိုင်မည် မဟုတ်ကြောင်း ဦးစိုင်းညွန့်လွင်က ရှင်းပြသည်။ ဦးသံချောင်းကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ဆက်နွှယ်မှုဖြင့် ပြစ်ဒဏ် ကျခံနေရခြင်း ဖြစ်ပြီး ၎င်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်ပေးရန် RCSS ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ကိုယ်တိုင် ထောက်ခံချက် ပေးထားကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ဆိုသည်။

“နိုင်ငံရေးပြစ်မှုနဲ့ အကျဉ်းကျခဲ့တာပါ။ ကျန်တာကတော့ သူလုပ်ခဲ့ရင် ဥပဒေအတိုင်း ခံရမှာပေါ့” ဟု ၎င်းကဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) နှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးသည့် အန္တရာယ် ကာကွယ်ခြင်း ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသူများ အမှုမှ လွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့သည်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကချင်ပြည်နယ် ပါဂျောင်ဒေသ၌ ABSDF မြောက်ပိုင်း ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်နှင့် ကျောင်းသား ရဲဘော် ၁၅ ဦး သတ်ဖြတ် ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး သေဆုံးသူများ၏ မိသားစုဝင်များက သက်ဆိုင်ရာ ရဲစခန်းများတွင် ဦးသံချောင်း အပါအဝင် ABSDF ရဲဘော်ဟောင်း ကိုးဦးကို အမှုဖွင့် တိုင်ကြားထားကာ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (CID) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment