Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 10, 2013

တရုတ်နိုင်ငံ စွမ်းအင်ရှာဖွေရေး မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ဆင်ခြင်ရန် အကြောင်းများ


 
တိုင်းပြည်အတွက် အမည်းစက်တစ်ခု ဖြစ်နေတဲ့ လေထုညစ်ညမ်းမှု အပေါ် တန်ပြန်ထိုးနှက်ချက် တစ်ခု အဖြစ် အဓိက စက်မှုဇုန်များ ဖြစ်တဲ့ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ဂွမ်ကျိုးတို့မှာ ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံသစ်များ တည်ဆောက်ခြင်းကို တားမြစ်တော့မယ်လို့ တရုတ်နိုင်ငံ အစိုးရက ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ကျောက်မီးသွေး စွမ်းအင်ကို ၂၀၁၇ မတိုင်ခင်မှာ နိုင်ငံရဲ့ အဓိက စွမ်းအင် အသုံးပြုမှုရဲ့ ၆၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး အဏုမြူ၊ သဘာဝဓာတ်ငွေ့နဲ့ အသစ်ပြန်လည် သုံးစွဲနိုင်သော စွမ်းအင်များ တိုးမြှင့် အသုံးချနိုင်ရန် အကောင်အထည် ဖော်ဖို့လည်း တရုတ် အစိုးရအဖွဲ့က ရည်မှန်းထား ပါတယ်။ တရုတ်အစိုးရ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ ၂၀၁၁ ခုနှစ် စွမ်းအင် အသုံးပြုမှုရဲ့ ၆၈ ဒသမ ၄ ရာနှုန်းဟာ ကျောက်မီးသွေး စွမ်းအင်လို့ ဆိုပါတယ်။
 
မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း
နောက်ထပ် တစ်လခန့်အကြာ ၂၀၁၃ အောက်တိုဘာ ၂၀ ရက်နေ့ စင်ဟွာသတင်း တစ်ပုဒ်မှာ တရုတ် အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့ပါတယ်။ တရုတ်တောင်ပိုင်း လုဖန်းနဲ့ ဂွီဂန်းမြို့တို့အထိ အပြီးသတ် ဆက်သွယ်နိုင်ခဲ့ ပြီးတဲ့နောက် မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ရာနှုန်းပြည့် စတင် လည်ပတ်နေတဲ့ အကြောင်း၊ တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်နိုင်မယ့် အကြောင်း၊ တရုတ် ပြည်တွင်းမှာ ကျောက်မီးသွေး သုံးစွဲမှု တစ်နှစ်ကို တန်ပေါင်း ၃၀ ဒသမ ၇၂ သန်း လျှော့ချနိုင်တော့မယ့် အကြောင်း ဖော်ပြ ထားပါတယ်။
တရုတ်ကပဲ မြန်မာကို အားပြုနေရ သလား၊ မြန်မာကပဲ တရုတ်ကို လိုတာထက် ပိုပြီး အားကိုး နေရသလား၊ ရေရှည်မှာ မည်သည့်ဘက်က အဆိုးဘက်သို့ ယိမ်းသွားနိုင်သလဲ ဆိုတဲ့ မေးခွန်းတွေ ကျွန်တော့် ခေါင်းထဲကို အစီအရီ ဝင်လာပါတယ်။ သေချာတာကတော့ ကျွန်တော်တို့က သဘာဝဓာတ်ငွေ့တွေ ရောင်းလိုက်ရတဲ့ ငွေကြေး အမြတ်အစွန်း ပြန်ရတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်က ဆုံးရှုံးလိုက်ရတာ တွေလည်း ရှိမှာပဲ။ အသိသာဆုံးကတော့ ဒေသခံတွေရဲ့ မြေ အသိမ်းခံရမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု စတာတွေ ပါပဲ။
 
တရုတ်-ပါကစ္စတန်နှင့် ကျောက်မီးသွေး
၂၀၁၃ အောက်တိုဘာလမှာပဲ တရုတ် စွမ်းအင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ China Power International Holding ဟာလည်း ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေး စွမ်းအင်သုံး လျှစ်စစ် စွမ်းအားထုတ် စက်ရုံ ၁၀ ခု တည်ဆောက်ဖို့ ရှိပြီး ဒေါ်လာ ၇ ဒသမ ၂ ဘီလျံခန့် ရင်းနှီး မြှုပ်နှံမယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။
 
တရုတ်၏ စွမ်းအင် သမိုင်းကြောင်း
တရုတ်ဟာ စွမ်းအင်တွေကို ဘာကြောင့် ပြည်ပမှာ အသည်းအသန် လိုက်လံ ရှာဖွေနေရသလဲ ဆိုတာကို တီးခေါက်ကြည့်မိဖို့ သမိုင်းကို အနည်းငယ် ပြန်လည် ကြည့်ရပါမယ်။
ရေနံ၊ သဘာဝဓာတ်ငွေ့ စွမ်းအင်ဟာ တရုတ်နိုင်ငံ စီးပွားရေး အတွက်သာမက နိုင်ငံတော် လုံခြုံရေး အတွက်လည်းပဲ အင်မတန် အရေးပါတဲ့ အချက်ကို နားလည်တဲ့အတွက် ဝန်ကြီးချုပ် ဝမ်းကျားပေါင်ဟာ နိုင်ငံတော် အဆင့် စွမ်းအင်လုံခြုံရေး မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ အဖွဲ့ ခုနစ်ခု ကို ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီ အချိန်ကစပြီး စွမ်းအင် လုံခြုံရေးကို အမျိုးသားလုံခြုံရေး တစ်ရပ်အဖြစ် ဘေဂျင်း အစိုးရ ခေါင်းဆောင်ပိုင်းက ဦးစားပေးခဲ့ ပါတယ်။
နိုင်ငံစီးပွားရေး တိုးတက်လာမှု၊ ခေတ်မီ တိုက်ခန်း၊ မော်တော်ယာဉ်များ ဝယ်ယူကြသော လူလတ်တန်းစား မှိုလို ပေါက်ပွားလာမှုတွေကြောင့် တရုတ်နိုင်ငံရဲ့ စွမ်းအင် သုံးစွဲမှုဟာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ် အတွင်း ၆၀ ရာခိုင်နှုန်း မြင့်တက်လာ ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ တစ်ရက်ကို ရေနံစည်ပေါင်း ၁၁ သန်း၊ သဘာဝဓာတ်ငွေ့ အသုံးပြုမှု သုံးဆအထိ တက်လာပြီး တစ်နှစ်ကို ကုဗပေပေါင်း ၃ ဒသမ ၆ ထရီလျံ၊ ကျောက်မီးသွေး သုံးစွဲမှု ၇၆ ရာခိုင်နှုန်းထိ တိုးလာပြီး နှစ်စဉ်တန်ပေါင်း ၂ ဒသမ ၄ ဘီလီယံထိ ရှိလာမယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ (အပေါ်မှာ ပြောခဲ့တဲ့ တရုတ်အစိုးရက ကျောက်မီးသွေး သုံးစွဲမှုကို ၂၀၁၇ ခုနှစ်မှာ ၆၅ ရာခိုင်နှုန်း အထိ လျှော့ချ ချင်ပြီး တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် တရုတ် ပြည်တွင်းမှာ ကျောက်မီးသွေး သုံးစွဲမှု တစ်နှစ်ကို တန်ပေါင်း ၃၀ ဒသမ ၇၂ သန်း လျှော့ချ နိုင်တော့မယ့် အချက်နဲ့ ဆက်စပ် စဉ်းစားနိုင်ပါတယ်။
 
တရုတ်အစိုးရပိုင် ကုမ္ပဏီများ
တရုတ် စွမ်းအင် ဝန်ကြီးဌာနဟာ ပြည်တွင်းပြည်ပ စွမ်းအင် ရှာဖွေရေး စိန်ခေါ်ချက်တွေကို ပိုမိုထိရောက်စွာ တုံ့ပြန်ဖို့အတွက် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၊ တရုတ်ရေနံနှင့် ဓာတု ကော်ပိုရေးရှင်း (SINOPEC)၊ တရုတ် အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုရေးရှင်း (CNOOC) စတဲ့ အဖွဲ့သုံးဖွဲ့ကို ၁၉၉၀ ပြည့်နှစ်မှာ ဖွဲ့စည်း ခဲ့ပါတယ်။ အဲဒီနောက် ဗင်နီဇွဲလား၊ ဆူဒန်၊ ကာဇက်စတန် နိုင်ငံတွေ အထိ စွမ်းအင် ရှာဖွေရေး အရှိန်အဟုန် တိုးမြှင့် လှုပ်ရှားခဲ့တယ်။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်နေတဲ့ CNPC ဆိုရင် ကုမ္ပဏီခွဲလေးတွေ ထပ်ဖွင့်ပြီး ခြေသွက်လက်သွက် လှုပ်ရှားနေတာ ၂၀၀၃ ခုနှစ်မှာ ပီရူး၊ တူနီးရှား၊ အဇာဘိုင်ဂျန်တို့ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံနဲ့ စာချုပ်ပေါင်း ၂၀ ကျော်ကို ချုပ်ဆို နိုင်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ CNPC ရဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်နိုင်စွမ်းဟာ ၂၀၀၃ ခုနှစ်ထက် နှစ်ဆ တက်ခဲ့ပြီး ရေနံကတော့ ငါးဆတောင် တက်ခဲ့တယ်။
တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းတွေ ကလည်း စွမ်းအင် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေကို သွားရောက် လည်ပတ်ခဲ့ပြီး တရုတ် ကုမ္ပဏီများရဲ့ စွမ်းအင်ဆိုင်ရာ စာချုပ် ကိစ္စတွေကို ကူညီ ညှိနှိုင်းပေးခဲ့ ကြတယ်။
 
အရှေ့အလယ်ပိုင်းနှင့် တရုတ်
၂၀၀၃ ခုနှစ် အီရတ် စစ်ပွဲ မတိုင်ခင်အထိ တရုတ် စွမ်းအင် ရှာဖွေရေး မြေပုံမှာ များသောအားဖြင့် အရှေ့အလယ်ပိုင်း ဒေသကိုပဲ ပဓာနထားပြီး အာရုံစိုက်ခဲ့တယ်။ အီရတ်နိုင်ငံက အယ်လ်အာဒက်နဲ့ ဟာဖာရာ ရေနံတွင်းတွေကသာ တရုတ်ကို တင်ပို့ခွင့် ရလိုက်ရင် တရုတ်ပြည်တွင်း ရေနံ ထုတ်လုပ်မှုရဲ့ ၁၃ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပေမယ့် အမေရိကန်က အီရတ်ကို ဝင်တိုက်လိုက်တဲ့အခါ တရုတ်ရဲ့ မျှော်လင့်ချက် ပျက်သွားပြီး အဲဒီ နောက်ပိုင်းမှာ အာဖရိက၊ လက်တင် အမေရိကနဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေကို ပိုပြီး မျက်စပစ် လာတော့တာပါပဲ။
တရုတ်ရဲ့ စွမ်းအင်ဆိုင်ရာ အဓိက မဟာဗျူဟာမြောက်တဲ့ နေရာကတော့ အရှေ့အလယ်ပိုင်းဒေသ ဖြစ်နေဆဲပေမယ့် အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှ ပစိဖိတ် ဒေသတွေကိုလည်း လက်မလွှတ်တော့ပါဘူး။
 
အာဖရိက၊ လက်တင်အမေရိက၊ တရုတ်နှင့် အမေရိကန်
ဆူဒန်နိုင်ငံဟာ အာဖရိကတိုက်မှ တရုတ်နိုင်ငံသို့ ပထမဆုံး ရေနံတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ လုပ်ငန်း စတင်ခဲ့တယ်။ တရုတ် CNPC ကုမ္ပဏီဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အခြား အာဖရိက နိုင်ငံတွေ ဖြစ်တဲ့ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ နိုင်ဂျီးရီးယား၊ အန်ဂလို တို့မှာ စွမ်းအင် နယ်မြေသစ် ခြေလှမ်းတွေ ထပ်လှမ်းနိုင် ခဲ့တယ်။
ရေနံတူးဖော် ထုတ်လုပ်မှု အတွက် ကမ္ဘာပေါ်မှာ နံပါတ် ၅ ချိတ်တဲ့ ဗင်နီဇွဲလားဟာ သူရဲ့ ရေနံ ၆၀ ရာခိုင်နှုန်းကို အမေရိကန် နိုင်ငံကို တင်ပို့နေခဲ့ရာက တရုတ် ဝင်လာပြီးတဲ့ နောက်ပိုင်း ခွဲတမ်း အချို့ကို တရုတ်ကို ဖဲ့ပေးတော့မယ့် အနေအထားလည်း ရှိနေတယ်။
နောက်ပြီး အာဖရိက နိုင်ငံအချို့ရဲ့ ငွေကြေး လိုအပ်မှု သို့မဟုတ် ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ချမှတ်ထားတဲ့ ပွင့်လင်း မြင်သာမှုကို မလိုက်နာလိုတဲ့ အတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ သူတို့အတွက် အခြား စဉ်းစားချင်စရာ လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဥပမာ- ၂၀၀၃ ခုနှစ် အန်ဂိုလာ နိုင်ငံ ဘဏ္ဍာရေး အကျပ်အတည်းဖြစ်တော့ တရုတ် ဝင်လာပြီး ဒေါ်လာ နှစ်ဘီလျံ ချေးလိုက်တာမျိုးပါ။
ပြီးတော့ တရုတ်ဟာ အမေရိကန် အဖွဲ့အစည်းတွေလို လူ့အခွင့်အရေး၊ အဂတိလိုက်စားမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အလုပ်ဖြစ်ဖို့အတွက် လိုအပ်ချက်များလို့ ယူဆပုံ မပေါ်ပါဘူး။ လူအခွင့်အရေး ချိုးဖောက်မှုကြောင့် အမေရိကန်၊ ဥရောပနဲ့ ကုလသမဂ္ဂတို့က ပိတ်ဆို့မှုများ ပြုလုပ်ထားတဲ့ ဇင်ဘာဘွေ၊ ဆူဒန်တို့မှာ တရုတ် ဝင်ရောက် ရင်းနှီးမြှုပ်နှံထားခြင်းဟာ အဲဒီ အချက်ကို သိသာစေပါတယ်။
ဒါကြောင့်လည်း လေ့လာသူ အချို့က အာဖရိကနဲ့ လက်တင်အမေရိကမှာ စွမ်းအင်တွေကို သဲကြီးမဲကြီး ရှာဖွေနေတဲ့ တရုတ်ကြောင့် စွမ်းအင် စစ်အေးကို မီးထိုးပေးသလို ဖြစ်မှာကို စိုးရိမ်နေကြတယ်။
 
ဆိုဗီယက် နိုင်ငံငယ်များနှင့် တရုတ်
တရုတ်ဟာ လွတ်လပ်ရေး ရလာခါစ ကက်ဇက်စတန်၊ တာဂျစ်ကစ္စတန်၊ ကီရာဂစ်စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ကမန်နစ်စတန် နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေအောင် ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တယ်။ အဲဒီထဲက သုံးနိုင်ငံနဲ့ တရုတ်ဟာ ကီလိုမီတာ ၃၀၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အဆိုပါ နိုင်ငံတွေမှာ ဘာသာရေး အစွန်းရောက်သမားတွေ ပြဿနာရှာတဲ့ အခါမှာလည်း နယ်မြေ မတည်ငြိမ်မှုနဲ့ ဘာသာရေး ပြဿနာ သူ့နိုင်ငံထဲ ကူးဝင်လာမှာကို စိုးရိမ်တဲ့ တရုတ်က အကူအညီတွေ ပေးခဲ့တယ်။ အတိုက်အခံ အဖွဲ့ရဲ့ အစ္စလာမ် လှုပ်ရှားမှု ဆိုတဲ့ နာမည်နဲ့ နှစ်စဉ် တိုက်ခိုက်မှု ခံနေရတဲ့ ဥဇဘက်ကစ္စတန်ကိုလည်း တရုတ်က စစ်ရေး အကူအညီ ပေးခဲ့တယ်လို့ ဆိုတယ်။
သိပ်မကြာခင်မှာပဲ ကာဇက်စတန် နိုင်ငံဟာ တရုတ်ရဲ့ အာရှ အလယ်ပိုင်း စွမ်းအင်ဆိုင်ရာ ဗဟိုပစ်မှတ် ဖြစ်လာခဲ့တယ်။ သမ္မတ ဟူကျင်တောင်ရဲ့ ၂၀၀၅ ခုနှစ် ကာဇက်စတန် ခရီးအပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်လာပြီး တရုတ် CNPC ကုမ္ပဏီဟာ ကာဇက်စတန်မှာ ဝင်ရောက် မွှေနှောက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် နွေရာသီမှာ CNPC ဟာ အိန္ဒိယနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကို ကျော်ဖြတ်ပြီး ကာဇက်စတန်ရဲ့ PetroKazakhstan ကုမ္ပဏီကို ၄ ဒသမ ၁၈ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော ပြည်ပကုမ္ပဏီ ဝယ်ယူမှု ဖြစ်ပါတယ်။ သူ့နောက်မှာ လိုက်တာက လီနိုဗို (Lenovo) က အိုင်ဘီအမ် (IBM) ကို ၁ ဒသမ ၂၅ ဘီလျံနဲ့ ဝယ်ခဲ့တာပါပဲ။
 
မလက်ကာ ရေလက်ကြား
အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေက ရေနံကို တရုတ် နိုင်ငံဆီ တင်သွင်းဖို့ မလက်ကာ ရေလက်ကြားဟာ အဓိက လမ်းကြောင်း ဖြစ်ပြီး အခြား ဆူပါပါဝါတွေ ဖြစ်တဲ့ ဂျပန်၊ အမေရိကန်တပ်တွေနဲ့ အခန့်မသင့် ဖြစ်ရင် အင်မတန် အန္တရာယ်များတဲ့ အတွက် မလက်ကာ ရေလက်ကြားအပေါ် မှီခိုမှုကို ဖြစ်နိုင်ရင် လျှော့ချချင်တာ တရုတ်ရဲ့ သဘောထားပါ။ မတော်တဆများ စစ်ဖြစ်လို့ မလက်ကာ ရေလက်ကြားကို တစ်ဖက်ဘက်က သိမ်းထားလိုက်ရင် တရုတ်ဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ဖို့ များတဲ့အတွက် စွမ်းအင် လုံခြုံမှုကို နိုင်ငံတော် လုံခြုံရေး တစ်ရပ်လို့ သဘောထားခြင်း ဟာလည်း မမှားပါဘူး။
တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှု ၇၇ ရာခိုင်နှုန်းကို မလက်ကာ ရေလက်ကြားက တင်သွင်းနေရပြီး ၅၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်မယ်လို့ ခန့်မှန်းထားတယ်။ဒါကြောင့်လည်း မလက်ကာ ရေလက်ကြားကို အားကိုးစရာ မလိုတဲ့ အာရှ အလယ်ပိုင်း ဓာတ်ငွေ့ပိုက်လိုင်း (တရုတ်-တာ့ကမန်နစ်စတန်) နဲ့ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းတို့ကို တရုတ်က အင်မတန် အရေးပေးပြီး လှုပ်ရှားခဲ့တာပါပဲ။
အဆိုပါ တာ့ကမန် ပိုက်လိုင်းက ရတဲ့ ဓာတ်ငွေ့ကြောင့် တရုတ်နိုင်ငံ ဓာတ်ငွေ့ အသုံးပြုမှု ၂ ရာခိုင်နှုန်း ပိုမို ရရှိနိုင်ပြီး တရုတ် ပြည်တွင်း ကာဘွန်ဒိုင်အောက်ဆိုက်ဒ်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ မီးခိုးနှင့် အမှုန်အမွှားများ၊ နိုက်ထရိုဂျင်အောက်ဆိုက်ဒ် ဓာတ်တွေကိုလည်း တန်ပေါင်း ၁၃၀ သန်း၊ ၁ ဒသမ ၄၄ သန်း ၊ ၀ ဒသမ ၆၆ သန်း၊ ၀ ဒသမ ၃၆ သန်း အသီးသီး လျှော့ချနိုင်မယ်လို့ CNPC က ခန့်မှန်းထားတယ်။
ပြည်တွင်းက လေထု ညစ်ညမ်းမှု အတွက် ခေါင်းခဲနေရတဲ့ တရုတ်ကြီးကတော့ အဲဒီ ဓာတ်ငွေ့ ပိုက်လိုင်းတွေကြောင့် ပျော်လို့မဆုံး တပြုံးပြုံး ရှိနေမှာ အသေအချာပါပဲ။
 
၂၀၁၁-၂၀၁၅ ငါးနှစ် စီမံကိန်း
တရုတ် ကွန်မြူနစ်ပါတီ (CPC) က ငါးနှစ် စီမံကိန်း/လမ်းညွှန်ချက်များ ဆိုပြီး ငါးနှစ် တစ်ခါ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်များ၊ အစီအစဉ်များကို ပြုလုပ်ပါတယ်။ (၁၂) ကြိမ်မြောက် ငါးနှစ် စီမံကိန်း (12th Five Year Plan) မှာ သူတို့ဆီက သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အစီအစဉ်တွေကို ဖော်ပြထားရာမှာ ပြည်တွင်း ကျောက်မီးသွေး ထုတ်လုပ်မှုကို အတိုင်းအတာ တစ်ခုမှာ ရပ်ဆိုင်းပြီး အခြား စွမ်းအင်တွေကိုပဲ တိုးမြှင့် ထုတ်လုပ်ဖို့ ပါဝင်ပါတယ်။ နောက်ပြီး ကမ္ဘာ့စက်ရုံ (World’s Factory) အဆင့်ကနေ အဆင့်မြင့် ကုန်ထုတ်လုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ဆီကို ရှေးရှု လုပ်ဆောင်ဖို့၊ ငါးနှစ် စီမံကိန်းတွေထဲမှာ ပထမဆုံးအကြိမ် အဖြစ် ပါလာတဲ့ အစိမ်းရောင် အညွှန်းကိန်း (Green Index) တွေလည်း ပါဝင် ပါတယ်။ Green Index ဆိုတာ တိုင်းပြည်ရဲ့ ထုတ်ကုန်တန်ဖိုးနဲ့ ရေသုံးစွဲမှု အချိုး၊ GDP နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအပေါ် သုံးစွဲမှု အချိုး စတာမျိုးတွေပါ။
 
မြန်မာပြည်အတွက် သင်ခန်းစာ
မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ဇွန်လ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ Accenture နဲ့ Asia Development Bank (ADB) က မြန်မာ့စွမ်းအင်နဲ့ ပတ်သက်ပြီး စာတမ်းတစ်ခု တင်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ၂၀၁၁ ခုနှစ်မှာ မြန်မာပြည် လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းကပဲ လျှပ်စစ်ဓာတ်အား ရရှိပါတယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်အလက်သာ အမှန်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းအတွက် အများကြီး လိုနေပါသေးတယ်။ ပြည်ပကို ရောင်းချခြင်းအပြင် ပြည်တွင်း လိုအပ်မှုကိုလည်း အလေးအနက်ထား ထည့်သွင်း စဉ်းစားခဲ့ရင်တော့ အကောင်းဆုံးပါပဲ။
ဝမ်းနည်းစရာ၊ ရင်နာစရာ ကောင်းတာက မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပြီးနောက် တရုတ်အမျိုးသား ရေဒီယို China National Radio (CNR) ရဲ့ ကြေညာချက် တစ်ခုပါပဲ။ အဲဒါကတော့ ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဂွမ်ရှီ ဒေသခံတွေ အနေနဲ့ ဓာတ်ငွေ့ဖိုး ၁၃ ရာခိုင်နှုန်း လျော့ကျနိုင်မယ် ဆိုတာပါပဲ။ (ဂွမ်ရှီဆိုတာ မြန်မာ-တရုတ် ဓာတ်ငွေ့ ပိုက်လိုင်းရဲ့ အဆုံးနားမှာ ရှိတဲ့ မိုင်ပေါင်း ၉၀၀ ကျော် ဝေးတဲ့ နေရာပါပဲ။)
တရုတ်ဟာ သူ့စီးပွားရေး တိုးတက်မှု အတွက် စွမ်းအင်တွေလည်း ပိုမိုလိုအပ်သလို ပြည်မကြီးမှာ ယိုယွင်းလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မဖြစ်မနေ ထိန်းသိမ်းဖို့ လိုလာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်တဲ့ ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံတွေကို ပြည်တွင်းမှာ တဖြည်းဖြည်းချင်း လျှော့ချဖို့ ကြိုးစားလာပြီး ပြည်ပက ပိုမိုမှာယူ သုံးစွဲနေပါတယ်။ မြန်မာပြည်အနေနဲ့ ဒီအချက်ကို သင်ခန်းစာယူပြီး စွမ်းအင်ဆိုင်ရာ ရေတို ရေရှည်မူဝါဒများ မှန်မှန်ကန်ကန်ချမှတ်၊ အကောင်အထည် ဖော်နိုင်မှသာ သန့်စင်တဲ့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးတဲ့ လျှစ်စစ် စွမ်းအားနဲ့ ခေတ်ကျော်လွှား နိုင်မှာပါ။ သို့မဟုတ်ပါက မိမိတို့၏ အမြော်အမြင် နည်းမှုကြောင့် မိမိတို့၏ ပိုင်ဆိုင်သော သဘာဝ အရင်းအမြစ်များကို တစ်ဖက်နိုင်ငံက သွေးစုပ်ခြင်းကို ခံရပြီး ကိုယ့်ပြည်တွင်းမှာတော့ တရုတ်ပြည် ဘေဂျင်းမြို့လိုမျိုး မီးခိုးငွေ့ တထောင်းထောင်းထနေသော မီးခိုးမြို့များကို အနာဂတ်မှာ မြင်တွေ့လာဖွယ်သာ ရှိပါတော့တယ်။
 
ကိုချမ်း (ပျဉ်းမနား)၂၀၁၃ နိုဝင်ဘာ ၅ ရက်
စာကိုး -1. http://www.thegwpf.org/china-bans-coal-fired-plants-3-regions/2. http://news.xinhuanet.com/english/china/2013-10/20/ c_132814560.htm3. http://www.brecorder.com/pakistan/industries-a-sectors/ 142083-china-firm-to-set-up-10-coal-fired-power-plants-costing-us$-72-bln.html4. China’s Global Search for Energy Security: cooperation and competition in the Asia-Pacific
http://www.japanfocus.org/-Suisheng-Zhao/2978
5. http://www.academia.edu/1931497/The_Strait_of_Malacca_as_one_of_the_most_important_geopolitical_regions_for_the_Peoples_Republic_of_China6. http://www.chinastakes.com/2008/7/central-asia-pipeline-to-secure-gas-for-china.html7. http://www.kpmg.com/cn/en/issuesandinsights/articles publications/ publicationseries/ 5-years-plan/pages/default.aspx8. http://www.weforum.org/reports/new-energy-architecture-myanmar9. http://www.globaltimes.cn/content/819103.shtml#.UndtED8XXbo
 
The Voice

No comments:

Post a Comment