Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 6, 2013

ပင်လုံ ညီလာခံသို့ တက်ရောက် သတင်း ယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

ပင်လုံ ညီလာခံသို့ တက်ရောက် သတင်း ယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်းအသက်(၁၅)နှစ်အရွယ် အထက်တန်း ကျောင်းသား ဘ၀နှင့် မြန်မာ့အလင်း သတင်းစာ၏ အကျိုးတော်ဆောင် သတင်း ထောက်ဖြစ် ခဲ့သူ ဦးစံအောင်သည် ၂၀၁၃ အောက်တိုဘာလ တွင် အသက် (၈၉) နှစ်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် ဖျတ်လတ်သွက်လက် နေဆဲ။ အတိတ်ကဖြစ်ရပ် များကို မျက်ဝါးထင်ထင်မြင်အောင် တိတိကျကျပြောပြနိုင်ဆဲ။ မိမိတစ်နိုင် တစ်ပိုင် လူထုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အား ထက်သန် နေဆဲဖြစ်သည်။ ဦးစံအောင်သည် ထိုစဉ်က ပုဂ္ဂလိက လွတ်လပ်သည့် သတင်းစာတိုက် တစ်ခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာတိုက်၏ သတင်းထောက် အဖြစ် သမိုင်းဝင် ပင်လုံညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက်လည်း ဖြစ်သည်။ ခင်မေဇော်(၀ါရှင်တန်ဒီစီ)က ဦးစံအောင်အား ၎င်း၏နေအိမ်တွင် အောက်ပါ အတိုင်း သွားရောက်တွေ့ဆုံ မေးမြန်း ခဲ့သည်။
မေး- အန်ကယ်လ် ဦးစံအောင် သတင်းထောက် စဖြစ်ခဲ့တဲ့ အချိန်ကို ပြောပါဦး။
ဖြေ- ကျွန်တော်က ၁၉၃၉ ဟိုက်စကူး ကျောင်းနေတုန်းက အကျိုးဆောင် သတင်း ထောက်ပေါ့။ အဖေက နယ်တွေပြောင်းတော့ နယ်သတင်းတွေ ပို့ပို့ကြည့်တော့ ပါလာတယ်။ ဒီတော့ အကျိုးဆောင် သတင်းထောက် ဆိုပြီးတော့ မြန်မာ့ အလင်းဦးတင် ကနေပြီးတော့ ချီးမြှင့်တယ်။ အဲဒီကနေ တောက်လျှောက်ပဲ။
မေး- အဲဒီတုန်းက အန်ကယ်လ် ဦးစံအောင်တို့ကို သတင်း ဘယ်လိုရေးရတယ် ဆိုတာတွေ အပါအ၀င် သတင်းစာပညာကို ဘယ်သူသင်ပေးပါသလဲ။ ဘယ်လို သတင်းထောက်စဖြစ် လာတာပါလဲ
ဖြေ- ပထမတော့ နဂါးနီ စာအုပ်တွေ၊ နဂါးနီဂျာနယ်တွေဖတ်တယ်။ နောက်ဆောင်းပါးလေးတွေ၊ အက်ဆေးတွေရေးကြည့်တော့ ပါလာတယ်။ အဖေက အစိုးရ အလုပ်လုပ်တော့ သတင်းတွေ၊ ဘာတွေရရင် အဖေ့ကိုမေးပြီးတော့ ရေးပြီးထည့်တော့ ပါပါလာတယ်။ ဆိုတော့ ပထမတော့ self taught ပေါ့။ နောက်စစ်ပြီးတော့ ရန်ကုန်ဆင်းတဲ့အခါကျတော့ သင်ပေးတာက စာရေးဆရာဓူဝံ။ အယ်ဒီတာချုပ်ဦးသန်းတင့်။ သူက သူ့အိမ်မှာ ခေါ်ခေါ်အိပ်ပြောပြ။ ပြီးတော့ စာအုပ်တွေ ပေးဖတ်တယ်။ သူ့ဆီက ဓာတ်ပုံရိုက်နည်းကအစပေါ့။ အဲဒီတုန်းက ဘော့စ်ကင်မရာ။ ဖလင်စက္ကူလိပ်နဲ့ မောင်းတင်။ အလင်းရောင် ကိုယ့်ဘာသာကိုယ်ချိန်၊ တစ်ချက်နှိပ်လိုက်၊ ကလောက်ဆိုတစ်ပုံ။ အဲဒီဆရာက သင်ပေးတယ်။ ဓာတ်ပုံကို ဘယ်လိုရှုထောင့်ကယူဖို့၊ စည်းဝေးနေရင် ဘယ်လိုရိုက်ဖို့၊ ပြောတဲ့သူကို ဘယ်လိုရိုက်ဖို့၊ ကုလားထိုင်ပေါ်တက်ပြီးရိုက်ဖို့၊ ဘော့စ်ကင်မရာက ဒီလိုမြှောက်ပြီးရိုက်လို့မှမရဘဲ။ နောက်တစ်ဆင့်ကျတော့မှ လိုရီကော့ကင်မရာ ပေါ်လာတာ။ လိုရီကော့ကို တိုက်ကထုတ်ပေးတယ်။ နောက် ၃၅ mm ။ ဒီနှစ်ခုက နောက်ပိုင်းမှပေါ်တာ။ ပင်လုံတုန်းကတော့ သိပ်ခက်တယ်။ ဘော့စ်ကင်မရာနဲ့ ရိုက်ရတာလေ။
မေး- ပင်လုံညီလာခံမှာ အန်ကယ်လ်တစ်ယောက်တည်း သတင်းထောက်အဖြစ် သတင်းယူခဲ့ရတော့ ညီလာခံကျင်းပတဲ့ မြင်ကွင်းက ဘယ်လိုရှိပါသလဲ။ အန်ကယ်လ်တို့ သတင်းရတော့ ဘယ်လိုပြန်ပို့သလဲ။
ဖြေ- ပင်လုံညီလာခံစတော့ သစ်ခက်သစ်နန်းတွေနဲ့ ရှေးပုံစံအတိုင်း ၀င်းကြီးထဲမှာ လုပ်တာ။ စော်ဘွားတွေက သူ့တဲနန်းနဲ့သူပေါ့။ အဲဒီကမှ အစည်းအဝေးခန်းမကို လာကြတာ။ ကျွန်တော့်အတွက်ကျတော့ စားပွဲတစ်လုံးထားပေးတယ်။ တစ်ယောက်တည်း အဲဒီဘော့စ်ကင်မရာလေးနဲ့ထိုင်ပြီး နားထောင်ရတာပေါ့။ အင်္ဂလိပ်စစ်တပ်က ၀ိုင်ယာလက်ကြေးနန်း လာလုပ်ထားပေးတယ်။ နောက် အစည်းအဝေးပြီးပြီဆိုတာနဲ့ ၀ိုင်ယာလက်ကြေးနန်းမှာ ကျွန်တော်ကသတင်းသွားပေး။ အဲဒီက တိုက်ကို သူတို့ပို့ပေးတယ်။ အဲဒီတုန်းက လက်မှတ်ထိုးတာတွေ၊ ဘာတွေ၊ ဓာတ်ပုံတွေက ကျွန်တော်ရိုက်ထားတာ။
မေး- အန်ကယ်လ် သတင်းထောက်စလုပ်တော့ လူတွေက ဘယ်လိုတုံ့ပြန်ကြသလဲ။ အားပေးသလား။ ကန့်ကွက်သလား။ သတင်းထောက်အလုပ်ကို ဘယ်လိုမြင်ကြသလဲ။
ဖြေ- အဖေကကြည့်တယ်။ သတင်းရေးမယ် ပြောပြပါဆိုရင် ပြောပေးတယ်။ သူက မကန့်ကွက်ဘူး။ သတင်းအမှန်ရေးပေါ့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ အဲဒီခေတ်တုန်းက သိပ်ကောင်းတယ်။ ရေးလိုက်ရင် ပါပါလာတယ်။ ပါလာတော့ သိပ်ပျော်တာ။ ဦးတင်က ဘာလုပ်ပေးလဲဆိုတော့ ကိုယ်က အကျိုးဆောင်ဆိုတော့ ကျောင်းဖွင့်ခါနီးကျရင် ဘယ်နှတန်းတက်မယ်ဆိုရင် သူက စာအုပ်အထုပ်လေးတွေနဲ့ ပို့ပေးတယ်။ အဲဒီတော့ ကျွန်တော်က ကျောင်းတက်ရင်းနဲ့ သတင်းထောက် လုပ်တယ်။
မေး- အန်ကယ်လ်တို့ အင်္ဂလိပ်ခေတ်ရော ဂျပန်ခေတ်ပါမီတော့ အဲဒီတုန်းက အန်ကယ်လ်တို့ လူငယ်တွေ ပညာသင်ကြားရေးအခြေအနေ ဘယ်လိုရှိခဲ့ပါသလဲ။
ဖြေ- တောင်ကြီးမှာ အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်မှာ အစိုးရကျောင်းမရှိဘူး။ အင်္ဂလိပ်အစိုးရက စာသင်ကျောင်းဖွင့်မပေးဘူး။ သူက ရှမ်းစော်ဘွားတွေအုပ်ချုပ်တဲ့ မိသားစုတွေအတွက်ပဲ အစိုးရကျောင်းဖွင့်ပေးတယ်။ အဲဒီ ကျောင်းတစ်ကျောင်းပဲရှိတယ်။ အဲဒါက လူထုအတွက်မဟုတ်ဘူး။ လူထုအတွက်က မစ်ရှင်နရီတွေကဖွင့်တယ်။ အမေရိကန် ဘက်ပတစ်မစ်ရှင်နရီက အထက်တန်းကျောင်းတစ်ကျောင်း၊ တစ်ခါ ရိုမန်ကက်သလစ်ကလည်း စိန့်အင်းဆိုပြီးတော့ ဟိုက်စကူးကျောင်းတစ်ကျောင်း၊ နောက်ထပ် ဘက်ပတစ်ကပဲတစ်ကျောင်း။ ရှမ်းပြည်တောင်ကြီးမှာဆို ဒီသုံးကျောင်းပဲရှိတယ်။ ကလောမှာ ကိန်းစ၀တ်ဆိုပြီးတော့ရှိတယ်။ မစ်ရှင်နရီကျောင်း၊ နောက် လားရှိုးမှာရှိတယ်။ ဒီလောက်ပဲရှိတယ်။
မေး- ပြည်နယ်တွေမှာ အစိုးရကျောင်းလုံးဝမရှိဘူးပေါ့။
ဖြေ- မရှိဘူး။ လုံးဝမရှိဘူး။ အစိုးရ အထက်တန်းကျောင်းတွေဆိုတာက ဗမာပြည်မှာပဲရှိတယ်၊ မန္တလေးရှိတယ်၊ စစ်ကိုင်းရှိတယ် စသဖြင့် ဒီစတြိတ်မြို့ကြီးတွေမှာ အစိုးရအထက်တန်းကျောင်းတွေရှိတယ်။ မြင်းခြံရှိတယ်၊ ကသာရှိတယ် ပြည်နယ်မှာဘာမှမရှိဘူး။
မေး- အဲဒီတော့ အန်ကယ်လ် ဘယ်လိုပညာသင်လာရသလဲ။
ဖြေ- ရှမ်းပြည်မှာ စော်ဘွားသားတွေကတော့ အစိုးရအထက်တန်းကျောင်းမှာ တက်ကြတယ်။ ကျွန်တော်တို့က ပထမတော့ ဒီက မစ်ရှင်နရီကျောင်းမှာနေရတယ်။ ညောင်ရွှေက စာတော်လို့ရှိရင် တောင်ကြီးမှာ လာတက်လို့ရတယ်။ မစ်ရှင်နရီကျောင်းမှာ ဘော်ဒါလည်းထားတယ်။ ဆိုလိုတာက အဲဒီခေတ်မှာ စာတတ်ဖို့ဆိုတာက ညောင်ရွှေကလူတွေရယ်၊ တောင်ကြီးရယ်၊ ကလောရယ် ဒီလောက်လူတွေပဲ ကျောင်းနေရတယ်။ ကျွန်တော်တို့အဖေက ၀န်ထမ်းလုပ်တာကိုး။ အင်္ဂလိပ်လက်အောက်မှာ ၀န်ထမ်းလုပ်တော့ နယ်ပြောင်းရတယ်။ ပထမ ကသာကို ပြောင်းတယ်။ ကသာရောက်တော့ အစိုးရအထက်တန်းကျောင်းသွားတွေ့တယ်။ စာကလည်း အဆင့်မြင့်တယ်။ မစ်ရှင်ကျောင်းတွေမှာကတော့ ကျမ်းစာကို အရင်အဓိကထားသင်ရတာကိုး။ နောက် အဲဒီကျောင်းမှာတက်တော့ ကျွန်တော်တို့ မျက်စိပွင့်လာတယ်။ ကျောင်းမှာ ပေါင်းတဲ့သင်းတဲ့သူတွေကလည်း နောက်ပိုင်းခေတ် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့သူတွေဖြစ်လာတယ်။
မေး- ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းတော့ သတင်းထောက်အနေနဲ့ အန်ကယ်လ်ဦးစံအောင် ဘာဆက်လုပ်သေးလဲ။
ဖြေ- လွတ်လပ်ရေးနောက်ပိုင်း တရုတ်ဖြူက ဗမာပြည်မြောက်ပိုင်းမှာ လေယာဉ်ကွင်းလာဆောက်တဲ့အထိ ဖြစ်လာတယ်။ အဲဒါကို ကျွန်တော်သတင်းရတယ်။ ရန်ကုန်အစိုးရက မသိဘူး။ ကျွန်တော်တွေ့တာသိတာတွေကို ဦးတင်ကို သတင်းပေးပြီး သူက ကက်ဘိနက်နဲ့ ကာကွယ်ရေးဝန်ကြီးကို ဆက်ပေးတာ။ သတင်းစာထဲတော့မပါဘူး။ ဒါပေမဲ့ ၆၂ အာဏာသိမ်းပြီးတဲ့နေ့ကစပြီးတော့ ကျွန်တော်က ကိုယ့်ဟာကိုယ်လည်း သိလိုက်တယ်။ သတင်းထောက်၊ သတင်းသမားအဖြစ်ကတော့ living dead သေပြီ။ ဘာမှလည်းလုပ်လို့မရတော့ဘူး။
မေး- အခုလက်ရှိ နိုင်ငံရေးအခင်းအကျင်းကို အန်ကယ်လ် ဘယ်လိုမြင်ပါသလဲ။
ဖြေ- အန်ကယ် စာအုပ်တစ်အုပ်က နိုဝင်ဘာလဆန်းမှာ ထွက်မယ်။ ပင်လုံက အဖြစ်အပျက်တွေနဲ့ ရှမ်း၊ ဗမာ ဆက်ဆံရေး အကြောင်း ရေးထားတယ်။ အရင် ရှင်ဘုရင် လက်ထက်က စော်ဘွားတွေနဲ့ ဆက်ဆံရေးအကြောင်း အင်္ဂလိပ်ရဲ့မှတ်တမ်းတွေမှာ ရက်စွဲနာမည်တွေနဲ့ ဖော်ပြထားတာတွေကို အန်ကယ်လ်ကိုးကား ထားတယ်။ ဘုရင်က သမီးတော်တွေ နားသမယ်ဟေ့ဆိုရင် စော်ဘွားတွေဆီကို ဆက်သားလွှတ်ပြီးတော့ မင်းတို့ဆီမှာ သမီးတော်တွေ နားသဖို့ရှိလား။ ရှိရင်နန်းတော် ကိုခေါ် လာခဲ့။ ငါအားလုံးစုပေါင်း လုပ်ပေးမယ် ဆိုတဲ့အထိ ဗမာတွေနဲ့ လူမျိုးရေး မရှိဘူးပေါ့။ ချစ်ကြည်ရေးက သိပ်ကောင်းတယ် ဆိုတာ ရေးထားတယ်။ ဗမာတပ်တွေ ဒီမှာ လာရှိတာတွေလည်း ရေးထားတယ်။ ယိုးဒယားကို သွားတိုက်တာတွေလည်း ပါတယ်။ မှတ်တမ်းတွေ အကုန်လုံးက အင်္ဂလိပ်ဆီကပဲ။ အဲဒါတွေက ရှေးခေတ်ဖက်ဒရယ်ပေါ့။ ဘုရင့်လက်ထက်မှာ သူကဘုရင်ပဲ၊ majority ပဲ။ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဆိုတော့ သိပ်ဝမ်းနည်းစရာကောင်းတယ်။ အင်္ဂလိပ်လည်း ရှမ်းပြည်ကို ငါးယောက်တည်းနဲ့ အုပ်ချုပ် သွားတာ။ စစ်ဖြစ်တဲ့အထိ လူဖြူငါးယောက်တည်း ရှမ်းပြည်တောင်ပိုင်းမှာ အုပ်ချုပ်သွားတယ်။ ပြည်နယ်တွေက ခွဲထွက်ရေးအတွက် စိုးရိမ်နေကြတယ်ပြောပေမယ့် ဘယ်သူကမှ ခွဲထွက်မှာမဟုတ်ဘူး။ ခွဲထွက်ဖို့လည်းမရှိဘူး။ အရင်ရှင်ဘုရင်တွေ လက်ထက်ကဆိုရင်လည်း ပြည်ထောင်စု သဘောအုပ်ချုပ် ခဲ့တာပဲ။ လူနည်းစုခေါင်းဆောင်တွေက အခွန်ဆက်တယ်။ အဲဒီဒေသတွေမှာ စစ်မက်ဖြစ်ရင် ဗမာဘုရင်က စစ်ကူလွှတ်တယ်။ အုပ်ချုပ်ရေးက သူ့ဘာသာသူပဲ။ ဗမာက လူများစုလေ။ အဲဒီတုန်းကတောင် ညီညီညွတ်ညွတ်နေနိုင်ခဲ့တယ်။ ပြောမယ်ဆိုရင် ဒါဖက်ဒရယ်ပဲ။ အစဉ်အဆက်မှာ သိမ်းပိုက်တဲ့ သဘောမရှိခဲ့ဘူး။ အဲဒီလို ပြန်လုပ်ဆိုရင် ဖက်ဒရယ်ရမယ်။ ခွဲထွက်ဖို့က ဘယ်လိုမှမဖြစ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူ့ဒေသသူ အုပ်ချုပ်ခွင့် အပြည့်ရရမယ်။
ခင်မေဇော်(၀ါရှင်တန်ဒီစီ)

No comments:

Post a Comment