Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 9, 2013

တိုင်းပြည်အတွက် လက်ဝဲကပ်မောင်းစနစ်ကို ပြန်ပြောင်းမည်လော

ဒီနေ့ထုတ် နိုဝင်ဘာလ (၈) ရက်နေ့ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာမှာပါတဲ့ ကျွန်တော့်ရဲ့ဆောင်းပါး "တိုင်းပြည်အတွက် လက်ဝဲကပ်မောင်းစနစ်ကို ပြန်ပြောင်းမည်လော။"
ဒီဆောင်းပါးကို ရေးဖို့ တိုက်တွန်းကြတဲ့ ကျွန်တော့်ရဲ့တူမောင် နိုင်နိုင်နဲ့ ရန်ကုန်က ကျွန်တော့်ပိရိသတ်များအတွက်။

တိုင်းပြည်အတွက် လက်ဝဲကပ်မောင်းစနစ်ကို ပြန်ပြောင်းမည်လော။
ဤဆောင်းပါးသည် လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ ရည်ရွယ်ရေးသားပါသည်။ မြန်မာနိုင်ငံတွင် လမ်းတံတားဆောက်လုပ်မှုသည် ယခင်ကထက်စာလျှင် အတော်အတန်ဆက်သွယ်မှုအား ကောင်းလာသည်မှာ ငြင်းစရာမရှိချေ။ သို့ရာတွင် ပြည်နယ်များနှင့် ဆက်သွယ်ရေးလမ်းကြောင်းများတွင်မူ အားနည်းမြဲ အားနည်းနေစဲ ရှိသည်။
ဦးနေဝင်းသည် နဂိုလက်ဝဲကပ်မောင်းမှ လက်ယျာကပ်မောင်းစနစ်ကို ၁၉၇၀ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် ပြောင်းလဲလိုက်သည်။ ကမ္ဘာ့နိုင်ငံအများစုသည် မြန်မာနိုင်ငံကဲ့သို့ လက်ယျာကပ်မောင်းစနစ်ဖြစ်သည်။ သို့ရာတွင် ထိုလက်ယျာကပ်မောင်းစနစ်ကြီးသည် မြန်မာပြည်တွင် ယဉ်တိုက်မှုအများဆုံးကို ဖြစ်ပေါ်စေသည့် အဓိကတရားခံ ဖြစ်လာခဲ့ပါသည်။ ယနေ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယဉ်တိုက်မှုများ ကားမှောက်မှုများသည် လက်ယျာကပ်မောင်းစနစ်နှင့် ဆက်စပ်နေခဲ့သည်ကို သတိပြုမိသူ ရှားသည်။

အဘယ့်ကြောင့် လက်ယျာကပ်မောင်းစနစ်သည် တရားခံဟုဆိုရသနည်း
မြန်မာပြည်တွင်းသို့ သွင်းလာသောမော်တော်ကားများ၏ ၉၀% သည် ဂျပန်နိုင်ငံမှဖြစ်သည်။ အထူးသဖြင့် ဂျပန်နိုင်ငံမှကားများကို ပြည်တွင်းသို့ အများဆုံး တင်သွင်းခဲ့၊ တင်သွင်းစဲဖြစ်သည်မှာ မည်သူမျှ မငြင်းနိုင်ပါ။ ဂျပန်နိုင်ငံတွင် လက်ဝဲကပ်မောင်းစနစ်ကို ကျင့်သုံးသည့်အတွက် ယင်းနိုင်ငံမှ တစ်ပတ်နွမ်းကားများကို တင်သွင်း လာသောအခါ ထိုကားများသည် သူတို့၏ လက်ဝဲကပ်မောင်းစနစ်နှင့်ကိုက်ညီသည့် “ညာမောင်းကား” များသာ ဖြစ်သည်။ တရုတ်နိုင်ငံမှ အစိုးရက မှာယူသော ဇိမ်ခံလီမိုဆင်း (limousines) ကားများမှာမူ “ဘယ်မောင်းကား” များ ဖြစ်သော်လည်း ထိုကားများသည် အနည်းစုသာဖြစ်သည်။ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့သည် လက်ယျာကပ်မောင်း စနစ်ဖြစ်၍ မြန်မာနိုင်ငံနှင့်တူသော်လည်း ထိုနိုင်ငံမှကားများကို မြန်မာပြည်သူတို့က ကြိုက်နှစ်သက်ခြင်း မရှိလှပေ။ ထို့ကြောင့် ယင်းနိုင်ငံတို့မှ ကားတင်သွင်းမှု နည်းပါးသည်။

ယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံခြားငွေ ကိုင်ဆောင်နိုင်သည့် နိုင်ငံခြားသင်္ဘောများတွင် အလုပ်လုပ်နေသည့် သင်္ဘောသားများ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံးများတွင် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းဆောင်နေရသည့် နိုင်ငံခြားတွင် အလုပ်လုပ်သူများကို ကားတင်သွင်းခွင့် ပေးထားရာမှ ၁၉၉၀ ခုနှစ်တွင် ရပ်ဆိုင်းလိုက်ပြီး ကားတင်သွင်းမှုကို စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက လက်ဝါးကြီးအုပ်ထားခဲ့သည့်အတွက် စစ်တပ်အသိုင်းအဝိုင်းက တင်သွင်းလာသည့် ဂျပန်နိုင်ငံမှ ကားဟောင်းများကိုသာ မြန်မာပြည်သူများ မတန်တဆ ဈေးကြီးပေး၍ စီးခဲ့ရသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာသည့်နောက်ပိုင်း နိုင်ငံခြားမှကားတင်သွင်းခွင့်စနစ်ကို ပြောင်းလိုက်သည့်အခါ ခရိုနီများနှင့် အခွင့်ထူးခံလူတန်းစားများက အနောက်ဥရောပနိုင်ငံများမှ ဘယ်မောင်းကားအသစ်များကို တင်သွင်းနိုင်သည့် ဓနအင်အားရှိသည့်အတွက် ၎င်းတို့ကသာ ဝယ်ယူတင်သွင်းနိုင်ခဲ့သည်။ အများစုမှာမူ  ကားအသစ် ဝယ်စီးနိုင်လောက်အောင် ငွေကြေးဓန မရှိသဖြင့် တစ်ပတ်ရစ် ညာမောင်းကားများကိုသာ အားထားနေရသည်မှာ ယနေ့အချိန်အထိပင် ဖြစ်သည်။

(၁) တင်သွင်းလာသည့်ကားက ယာဉ်မောင်းစနစ်နှင့် ဆီလျော်မှုမရှိသည့်အတွက် ယဉ်တိုက်မှုများ ပိုမို များပြားလာ ခဲ့သည်။ ကားအချင်းချင်း ကျော်တက်သည့်အခါတွင်ဖြစ်စေ ကားချင်းရှောင်တိမ်းသည့်အခါဖြစ်စေ၊ လမ်းနှင့် ယာဉ်မောင်းတို့ အနေအထားမှာ လုံးဝသင့်လျော်သည့် အနေအထားတွင် မရှိပါ။ (ပုံ ၁ တွင်ကြည့်ရန်)

ဘတ်စ်ကားများသည် လမ်းတွင်ကားကျော်တက်ရန်ရှိလျှင် ယာဉ်မောင်းက တစ်ဖက်မှကားကို မမြင်နိုင်သည့် ညာမောင်းကားဖြစ်နေသဖြင့် စပယ်ယာမှကြည့်ပြီး ကျော်တက်နိုင်မနိုင် ပြောပြရသည်မှာ စနစ်နှင့်ကိုက်ညီသော ကားမဟုတ်၍ ဖြစ်သည်။

ထို့ပြင် ကားရှေ့မီးများကို ဘယ်မောင်းနှင့် ညာမောင်းကားတို့တွင် ချိန်ထားသည့်ပုံစံသည်လည်း တူညီမှု မရှိချေ။ ညာမောင်းကားများတွင် ညာဖက်မှရှေ့မီးလုံးကို အောက်သို့စိုက်၍ချိန်ပြီး၊ ဘယ်ဖက်မှ ရှေ့မီးလုံးကို ရှေ့တည့်တည့်သို့ ချိန်ရသည့်သဘောရှိသည်။ ထို့အတူဘယ်မောင်းကားများတွင် ဘယ်ဖက်ရှေ့မီးလုံးသည် အောက်သို့စိုက်ထားပြီး ညာဖက်မီးလုံးကိုတည့်တည့်ချိန်ရသည့်သဘောရှိသည်။ ထိုအခါ လက်ယျာကပ်မောင်း စနစ်ရှိသော မြန်မာနိုင်ငံတွင် ဘယ်မောင်းကားနှင့်မှ ကိုက်ညီသော်လည်း တင်သွင်းလာသည့်ကားများမှာ ညာမောင်းဖြစ်သဖြင့် ယဉ်မောင်းလာစဉ် မျက်နှာချင်းဆိုင်မှ လာသော ကားမောင်းသူ မျက်နှာကို မီးတည့်တည့် ထိုးထားသလို ဖြစ်နေသည်ကိုလည်း မည်သူကမျှ ဂရုပြုမိခြင်း မရှိချေ။ ထိုကဲ့သို့ တစ်ဖက်ယဉ်မောင်းမျက်နှာကို မီးထိုးထားသလို မိမိမျက်နှာကိုလည်း တစ်ဖက်ကားမှ မီးထိုးထားသဖြင့် ဘာမျှမမြင်တော့ဘဲ အရှိန်နှင့်တိုက်မိပြီး လူများသေကြေပျက်စီးရသည်။ ထို့ပြင် မြန်မာပြည်ကဲ့သို့ ယဉ်မောင်းများနှင့် ဘေးတွင်ထိုင်လိုက်သည့် ခရီးသည်များကပါ လုံခြုံရေးခါးပတ်ပတ်လေ့မရှိသည့်နိုင်ငံမျိုးတွင် ယဉ်တိုက်မှုကြောင့် လူအများ သေကြေဒါဏ်ရာ ရခြင်းမှာ မထူးဆန်းချေ။

(၂) ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးတွင် ယဉ်တိုက်မှုများ ကြောက်ခမန်းလိလိဖြစ်နေရခြင်းမှာ ကားလမ်းသည် ကွန်ကရစ်ကားလမ်းဖြစ်နေသည့်အပြင် မျက်နှာပြင်သည် လိုအပ်သည်ထက်ပို၍ ကြမ်းနေသဖြင့် ကားတာယာများကို တံစဉ်းနှင့် ကော်ပတ်စားသလို အစားမြန်ခြင်းကြောင့် ကားဘီးများ လျှင်မြန်စွာ ပါးလွယ်ပြီး အရှိန်နှင့်မောင်းနေစဉ် ပေါက်ကွဲပြီး တိမ်းမှောက်ခြင်းကို ဖြစ်စေသည်။ မြန်မာလူမျိုးတို့သည် တာယာဈေးကြီးသဖြင့် ပန်းကုန်အောင် စီးလေ့ရှိခြင်းသည် ကွန်ကရစ်ခင်းထားသည့် အမြန်လမ်းမကြီးပေါ်တွင် သေမင်းကို ဖိတ်ခေါ် နေခြင်းနှင့်တူသည်။ ကတ္တရားလမ်းများတွင်မူ ကွန်ကရစ်လမ်းနှင့်နှိုင်းယှဉ်လျှင် လမ်းတိုက်စားမှု နည်းသဖြင့် ဘီးပေါက်ကွဲမှုနှုန်း နည်းပါးသည်။ အစိုးရအနေနှင့် အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်ထားသော အမြန်နှုန်းထက် ပို၍မောင်းနှင်သောကားများကို ပြင်းထန်စွာ အရေးယူနိုင်ရမည်။ ထို့ပြင် အဝင်ဂိတ်များ၌ ကားဘီးတာယာများကို ပန်းရှိမရှိ စစ်ဆေးပြီးမှ သွားခွင့်ပြုသင့်သည်။ အကောင်းဆုံးမှာ ကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာခင်းပေးခြင်းပင် ဖြစ်သည်။

(၃) ကာလမ်းအကွေ့များတွင် ဗဟိုခွာအား (Centrifugal Force) ကို ခြေဖျက်နိုင်ရန် တစ်ဖက်စောင်း၍ မြင့်ထားသည့်ပုံစံနှင့် မဆောက်လုပ်ဘဲ အပြားလိုက် ရေပျဉ်ညီခင်းထားခြင်းတို့ကြောင့် အကွေ့တွင် အရှိန် မထိမ်းနိုင်ဘဲ တိမ်းမှောက်ခြင်းတို့သည် အမြန်ကားလမ်း၏ ချို့ယွင်းချက်များဖြစ်သည်။ နောက်တစ်ချက်မှာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ပလက်ဖေါင်း အကာအရံအတားများ မရှိခြင်းပင်ဖြစ်သည်၊ တချို့နေရာများတွင် လမ်းဇောင်းများသည် စောက်နက် နေတတ်ပြီး ကားမောင်းသူသည် ကားမောင်းနေစဉ် အိပ်ငိုက်၍သော် လည်းကောင်း၊ တစ်စုံတစ်ခုကို ငေးကြည့်မိ၍ ကားလမ်းဘေးသို့ ကျသွားခဲ့လျှင်သော်လည်းကောင်း ထိုအရံအတား မရှိသော လမ်းစောက်နက်တွင်းသို့ ကျခဲ့ပါက ကားအရှိန်နည်းသည့်တိုင် တိမ်းမှောက်သွားနိုင်သည့် အခြေအနေ ရှိသည်။ အနောက်နိုင်ငံများတွင် ကတ္တရာလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် ကားပျက်လျှင် ရပ်ရန် ကာတစ်စီးစာ အကျယ် အပိုခင်းထားတတ်သလို၊ ကားလမ်းနယ်နမိတ်ကို အဖြူရောင်မျဉ်းရေးဆွဲထားသဖြင့် ကားမောင်းသူတို့သည် ညဖက်တွင် ကားလမ်းကို ကောင်းစွာ မြင်နိုင်သလို အကွေ့များတွင်လည်း ရောင်ပြန်အမှတ်အသားများ သို့မဟုတ် သတ္တုရောင်ပြန်အဖုများကို လမ်းအလယ်တွင်လည်းကောင်း လမ်းဘေးအကွေ့ တစ်လျှောက်တွင်လည်းကောင်း၊ ကတ္တရာလမ်းထဲတွင်လည်းကောင်း မြှုပ်ထားသဖြင့် အကွေ့များတွင် လမ်းကို ကောင်းကောင်း မြင်နိုင်သည်။

ပို၍အရေးကြီးသည့်အချက်မှာ ယာဉ်မောင်းများသည် ညတွင်လည်းကောင်း၊ နေ့တွင်လည်းကောင်း ကားမောင်း နေရင်း ပင်ပန်းလာသည့်အခါ အိပ်ငိုက်တတ်ကြသည်။ ထိုအခါ ကားသည် ဘေးသို့ဆွဲသွားတတ်ပြီး လမ်းမပေါ်မှ သွေဖယ်ကာ လမ်းဘေးသို့ ကျသွားတတ်သဖြင့် ကားတိုက်မှု၊ ကားမှောက်မှုတို့ ဖြစ်တတ်သည်။ အမေရိကန် နိုင်ငံတွင် ကားလမ်းနယ်နမိတ် အဖြူလိုင်း၏ အပြင်ထိ ကတ္တရာလမ်းကို ၃-၄ ပေခန့် အပိုခင်းထားပြီး ထိုအပိုခင်းထားသော လမ်းပေါ်တွင် ခွေးသွားစိတ် သဏ္ဍာန်လိုင်းများဖေါ်ထားသဖြင့် ယာဉ်မောင်းများ အိပ်ငိုက်၍သော် လည်းကောင်း၊ ငေးနေမိ၍သော် လည်းကောင်း ဘေးသို့ဆွဲသွားသဖြင့် လမ်းဘေးသို့ ကားကျသည်နှင့် တဂျစ်ဂျစ် မြည်သံကြီးကို ကြားရလျှင် မိမိကား လမ်းဘေးသို့ကျနေပြီဟု ချက်ချင်းသိနိုင်သည်။ အိပ်ငိုက်နေသူ ဖြစ်ပါက ချက်ချင်းမျက်လုံးကျယ်ပြီး လန့်သွားတတ်သည်။ ကားများ လမ်းဘေးသို့ ထိုးကျမသွားအောင် လမ်း၏ဘေး တစ်လျှောက်တွင် လိုင်းများလုပ်၍ ကြမ်းထားပေးခြင်းကြောင့် လမ်းဘေးသို့ကျသည်နှင့် တစ်ပြိုင်နက် အသံကြီး မြည်လာခြင်းပင် ဖြစ်သည်။ ကားတိုက်မှုများ၊ လမ်းဘေးကျ၍ တိမ်းမှောက်မှုများကို ဤနည်းဖြင့် ကာကွယ်ထားသည်။

ထို့ပြင် ကားလမ်းများတွင် အပေါက်အပြဲများလာ၍ အသစ်ပြန်ခင်းရမည့်အချိန်ရောက်လျှင် လမ်းဟောင်းကို စက်ဖြင့် အလွှာလိုက်ချစ်ပစ်ပြီး ထရပ်ကားများနှင့် လမ်းဟောင်းအပိုင်းအစများကို သယ်ယူစွန့်ပစ်ပြီးမှ အသစ်ပြန်ခင်းလေ့ ရှိသည်။ လမ်းဟောင်းအပေါ်မှ အသစ်ထပ်ခင်းလေ့မရှိသဖြင့် လမ်းသည် ပြန့်ပြူးညီညာနေပြီး မြန်မာပြည်မှ လမ်းများကဲ့သို့ မောက်တက်လာခြင်း မရှိချေ။

ရှေ့လဆက်ဖတ်ရန်

No comments:

Post a Comment