CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အုန်းနို့ ခေါက်ဆွဲ
ဒေါ်ပုက အုန်းနို့ ခေါက်ဆွဲကို ကြက်သား၊ကြက်အမြစ်၊ငါးဖယ် တို့နှင့် ချက်ထားတာပါ။ အုန်းနို့ ခေါက်ဆွဲချက်ရန် အတွက် ကြက်နှင့်ကြက်အမြစ်ကို ရေစင်အောင်ဆေး၍ အတုံးသေးသေးလေးတွေ တုံးပြီး ဆား၊ငံပြာရည်၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။ ကုလားပဲအကြတ်မှုန့်များကို ရေနှင့် လုံးပြီးခဲမနေအောင် သေချာမွှေပြီး ဖျော်ထားပါ။ငါးဖယ်ကို ဆား၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့်ရောနယ်ပြီး ငါးဖယ်ကို အနည်းငယ်မာသည် အထိထောင်းကာ သင့်ရုံအပြားလေးများပြုလုပ်ပြီး ကြော်ထားပါ။ ကြက်ဥ (သို့) ဘဲဥများကို ပြုတ်ထားပါ။ ကြက်သွန်နီဥသေး အလုံးလေးများကို အခွံခွါထားပါ။
ကြက်သွန်နီများများကို ပါးပါးလှီးပြီး နနွင်းအနည်းငယ်နှင့် ရွှေရောင်သမ်းလာအောင်ကြော်၍ တဝက်ကိုခပ်ထုတ်ထားပြီး ဆီစစ်ထားကာ ကျန်တဝက်ထဲသို့ ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် နှပ်ထားသော ကြက်သားများကိုထည့်ပြီး မွှေပါ။ ဆား၊ငံပြာရည်၊သကြား အနည်းငယ်စီ ထည့်ပြီးမွှေပေးပါ။ အသင့်အရည်ဖျော်ထားသော ပဲမှုန့်အရည်ကို ထည့်ပြီးမွှေပေးပါ။ အရည်များပွက်ပွက်ဆူလာလျှင် အုန်းနို့ရည်များကို ထည့်ပါ။ ဟင်းအရည်များ အရမ်းပျစ်နေလျှင် ရေအသင့်အတင့်ကို မှန်းပြီးထည့်ပေးပါ။ ဟင်းရည်အိုးကို မကြာခဏမွှေမွှေပေးပါ။ အရည်များဆူလာလျှင် အခွံခွါထားသော ကြက်သွန်နီအလုံးသေးများ၊ဆီစစ်ထားသော ကြက်သွန်နီကြော်များနှင့် ငါးဖယ်ကြော်များကို သေးသေးလေးညှပ်ပြီးထည့်ပါ။ ပဲသွေး (ခေါ်) ဘဲသွေး ကြိုက်လျှင် အနေတော် အရွယ် အတုံးလေးများ တုံးပြီး ထည့်ပါ။ ကြက်ဥ (သို့) ဘဲဥ ပြုတ်ကိုပါးပါးလှီးပြီး ထည့်ပါ။ ဟင်းရည်များပွက်ပွက်ဆူလာ၍ ကြက်သားများနူးပြီး ပဲရည်၊အုန်းနို့ရည်၊ကြက်သွန်နီများ အားလုံးလဲ ကျက်လာပြီဆိုလျှင် အပေါ့၊အငံ၊အချို မြည်းကာ အရသာရှိသော ကြက်သားအုန်းနို့ ဟင်းရည်လေး ကျက်ပါပြီ။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်။ သွေးတိုးရှိသူများ အုန်းနို့အစား နို့စိမ်းနှင့်လဲ ချက်လို့ရပါတယ်ရှင်။)
ကြက်သားအုန်းနို့ဟင်းရည်ကို ခေါက်ဆွဲအစို၊ငါးဖယ်ကြော်၊ဗူးသီးကြော်၊ပဲကြော်၊ကြက်သွန်ကြော်၊မုန့်ကြွပ်ကြော်၊ကြက်သွန်နီ၊ငရုတ်သီးမှုန့်၊နံနံပင်၊ကြက်သွန်မိတ်၊သံပုရာသီး တို့ဖြင့် တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။
လူ ဆယ်ယောက်စာအတွက်
ခေါက်ဆွဲအစို ၁ ပိသာ (သို့) ၁ ပိသာ ၅၀ သား
ကြက်သား ၅၀ သား (ပိုထည့်ချင်လဲ ပိုထည့်လို့ ရပါတယ်)
ကြက်အမြစ် ၂၀ သား
ကြက်သွန်နီ ၂၀ ကျပ်သား
ကြက်သွန်နီအလုံးသေး ၁၅ ကျပ်သား
အုန်းနို့ နို့ဆီဗူး ၁ ဗူး (အုန်းနို့ကို လျှော့ပြီး ထည့်ထားတာပါ၊ ပိုထည့်ချင်လျှင် ပိုထည့်လို့ ရပါတယ်)
ကုလားပဲမှုန့်အကြတ် နို့ဆီဗူး ၂ ဗူး
ဆီ ၁၅ ကျပ်သား
ငံပြာရည် နို့ဆီဗူး သုံးပုံ ၁ ပုံ ( အငံပေါ့၍ လိုအပ်မှ ထပ်ထည့်ပါ)
သကြား ထမင်းစားဇွန်း ၂ ဇွန်း
ဆား အနည်းငယ်
ငါးဖယ် ၁၅ ကျပ်သား (သို့) ၂၀ ကျပ်သား
ကြက်ဥ (သို့) ဘဲဥ ၈ လုံး
ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်
နနွင်းမှုန့့် အနည်းငယ်
အုန်းနို့ ခေါက်ဆွဲ
Reviewed by
VC
on
November 18, 2013
Rating:
5
No comments:
Post a Comment