Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 3, 2013

အသက် ၁၈ နှစ်ပြည့် မှ ဖတ်ပါ - Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁)




ဆေးပညာမှာ ပါလို့ သိစေဘို့သာ ရေးတာပါ။ ဒီအတိုင်းလုပ်ပါလို့ မညွှန်းပါ။ ကျွန်တော်က မြန်မာပြည်က ဆေးပညာ ဘွဲ့ရထားတာမို့ ကျင့်ဝတ်အရ Induced abortion ကိုယ်ဝန်ကို တမင်ပျက်အောင် လုပ်လဲမပေး၊ အကြံလဲမပေးပါ။ Incomplete abortion ကိုယ်ဝန် တဝက်တပျက် ပျက်သူနဲ့ Septic abortion ကိုယ်ဝန်ပျက်ရင်း ပိုးဝင်နေသူတွေကိုတော့ ဆေးကုပေးပါတယ်။ အထဲမှာ နေခွင့်မရှိလို့ အပြင်မှာနေရပေမဲ့ ကျင့်ဝတ်ဟောင်းဟာ နေရာပြောင်းတာနဲ့ လိုက်ပြောင်းရတယ် မထင်ပါ။

Medical abortion ကိုယ်ဝန်ကို ဆေးနဲ့ဖျက်ဘို့ Mifepristone ဆေးကို ပြင်သစ်မှာ စသုံးခဲ့တယ်။ ၄၉ ရက် ကိုယ်ဝန် ၆ဝ% ပျက်ကျတယ်။ ဆေး ၂ မျိုးတွဲ RU 486 ကို ၂၈-၉-၂ဝဝဝ နေ့မှာ FDA ကနေ အသိအမှတ် ပြုပေးခဲ့တယ်။ ပဌမဆေးက ပျက်စေပြီး၊ နောက်ဆေးက ကျစေတယ်။ ကိုယ်ဝန်ဖျက်ဆေးကို Mifepristone, RU486, Mifeprex, Mifegyne လို့လဲ ခေါ်ကြတယ်။


ဆေးပေးနည်း အမျိုးမျိုး -
ဆေး (၂) မျိုးတွဲသုံးတဲ့နည်းနဲ့ (၁) မျိုးထဲနည်းဆိုပြီးရှိတယ်။
၁။ အမေရိကန် FDA က အသိအမှတ် ပြုထားတာကတော့ ၄၉ ရက် ကိုယ်ဝန်အတွက် Mifepristone 600mg ကို သောက်ရပြီး၊ Misoprostol (Cytotec) 400µg ကို ၂ ရက်အကြာမှာ သောက်ရတယ်။
၂။ ပြင်သစ်မှာ ၄၉ ရက် ကိုယ်ဝန်အတွက် Mifepristone 600mg စသောက်ခိုင်းပြီး၊ ၃၆-၄၈ နာရီ အကြာမှာ Misoprostol (Cytotec) 400µg ကို ပါးစပ်က ဒါမှမဟုတ် Gemeprost 1mg ကို (ဗဂျိုင်းနား) ထဲထည့်ခိုင်းတယ်။
၃။ တခြားနိုင်ငံတွေ (ဗြိတိန် နဲ့ ဆွီဒင်) မှာ ၆၃ ရက်အထိ ကိုယ်ဝန်အတွက် Mifepristone 200 mg ကို ပဌမ အသောက်ခိုင်းပြီး၊ ၂ ရက် အကြာမှာ Misoprostol (Cytotec) 400µg ပါးစပ်က၊ ဒါမှမဟုတ် 800µg ကို (ဗဂျိုင်းနား) ထဲ ထည့်ခိုင်းတယ်။


သတိထားရမှာတွေ -
• ဘာသာရေး၊ လူမှုရေး နဲ့ တရားဥပဒေအရ တားမြစ်ထားတာတွေကို အထူးသတိထားရမယ်။
• ၄၉ ရက် ကိုယ်ဝန် ဖျက်တာမှာ ၉၅% အောင်မြင်တယ်။
• ၆၇% က ဒုတိယဆေးနောက် ၄ နာရီအတွင်း ပျက်ကျစေပြီး၊ ၉ဝ% က ၂၄ နာရီအတွင်း ပျက်ကျစေတယ်။
• အားလုံး ပျက်မကျသူတွေကို Aspiration စုပ်ထုတ်ပေးရတယ်။ တချို့လူနာတွေက စုပ်ထုတ်ပေးပါလို့လဲ ခိုင်းတတ်တယ်။
• ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့-အန်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ မူးဝေ၊ ချမ်း၊ အားယုတ်တာတွေ ဖြစ်တယ်။ ကိုယ်ဝန်ရင့်လေ အဖြစ်များလေ။ သားဦးဆို ပိုဖြစ်မယ်။
• ဆေးသုံးနေတုံး ရေနဲ့ ဓါတ်ဆား မနည်းစေရပါ။
• ဖျားလာရင် ပိုးဝင်တာနေမယ်။ ဆရာဝန်ကို ချက်ချင်းပြပါ။
• သွေးဆင်းတာ သိပ်များရင် Blood or Drip သွေး-ဆေး သွင်းရနိုင်တယ်။
• ဗိုက်နာရင် အပူကပ်ပေးနိုင်တယ်။ အနာသက်သာဆေး သောက်နိုင်တယ်။ နားပါ။
• ဒီနည်းကို မသုံးရမဲ့သူတွေကတော့ ကိုယ်ဝန်က Ectopic pregnancy သားအိမ်မှာတည်တာ မဟုတ်ရင်၊ သားအိမ်ထဲ ကိုယ်ဝန်တားတဲ့ပစ္စည်း IUCD ထည့်ထားရင်၊ ကျောက်ကပ် မကောင်းသူ၊ အသဲ မကောင်းသူ၊ သွေးအား သိပ်နည်းနေသူ၊ (စတီရွိုက်) ဆေး သောက်နေရသူ၊ သွေးယိုရောဂါ အခံရှိနေသူ၊ ပန်းနာရောဂါ ထနေသူ၊ သွေးတိုး များနေသူ၊ နှလုံးရောဂါ ဆိုးနေသူတွေဖြစ်တယ်။
• အကိုက်အခဲ-အဖျား ပျောက်ဆေး Aspirin (အက်စပရင်) နဲ့ အရက်ကို ရှောင်ပါ။
• ဆေးနည်းနဲ့ ဖျက်မရရင် Surgical abortion ခွဲစိတ်နည်းနဲ့ ဆက်ရမယ်။
• တချို့မှာ စိတ်ပိုင်းဆိုင်ရာ လာထိခိုက်တတ်တာ သတိထားပါ။
• ပြီးရင် အနည်းဆုံး ၇ ရက်တပတ် လင်-မယားအတူနေတာ ရှောင်ပါ။

နောက်တပုဒ်မှာ Misoprostol (Cytotec) ဆေးတမျိုးထဲသုံးနည်းကိုရေးပါမယ်။

Dr. တင့်ဆွေ
၂၈-၃-၂ဝ၁၁

1 comment:

  1. Your blog provided us with valuable information to work with. Each & every tips of your post are awesome. Thanks a lot for sharing. Keep blogging,미프진

    ReplyDelete