7 October 2013 at 10:04
မောင်ဒိုး (ကံပေါက်) | တနင်္လာနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၁ မိနစ်“ဗေဒါနဲ့ရွှေကြာ ဆွေးနွေးခန်း”
ဗေဒါ ။ ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာတဖြည်းဖြည်းနဲ့ တောရိုင်းတိရစ္ဆာန်တွေ တဖြည်းဖြည်းနဲ့ မျိုးတုန်း ပျောက်ကွယ်တော့မယ့် အနေအထားကတစ်နေ့တခြား နီးကပ်လာပြီလို့ ထင်ရတယ်။
ရွှေကြာ ။ ။ ဟုတ်တော့ ဟုတ်တယ်ဗျ။အေပီသတင်းတစ်ပုဒ်အရဆိုရင် တရုတ်နိုင်ငံရဲ့ စီးပွားရေး မြို့ တော်တစ်ခုဖြစ်တဲ့ ရှန်ဟိုင်းတိရစ္ဆာန်ဥယျာဉ်မှာ ကျားရိုးကနေအဆီအနှစ်ထုတ်ထားတဲ့ ၀ိုင်တွေရောင်း နေတယ်လို့ ဖော်ပြ ထားတာ တွေ့ရတယ်ဗျ။လူတွေ ကလည်းဗျာ...။ ဘာဖြစ်လို့ ဒီလောက်တောင်လျှာ အရသာခံချင်နေကြသလဲ မသိပါဘူး။ ရိုးရိုးဝိုင်တစ်ခွက်နဲ့ ကျားရိုးအဆီအနှစ်ထည့်ထားတဲ့ဝိုင်က ဘယ် လောက်တောင်ကွာခြားသွားမှာ မို့လို့လဲ။
ဗေဒါ ။ ။ သူတို့လည်း သူ့ယုံကြည်ချက်နဲ့သူပဲလို့ ပြောရတော့မှာပေါ့ဗျာ။ ကျားရိုးအဆီပါတဲ့ ၀ိုင်ဟာ ဒူလာရောဂါနဲ့ အဆစ်ရောင်ရောဂါတွေကို ခံစားနေကြတဲ့သူတွေ သောက်ရင်ရောဂါခံစားရတာသက်သာ တယ်လို့ ယုံကြည်နေ ကြတယ်လေ။ အဲဒီလိုကျားရိုးသက်စောင့်ဆေးကို ဖော်စပ်ဖို့ဆိုပြီး ကျားဆယ် ကောင်ကောင်လောက်ကို အမြဲတမ်းမွေးထားရတယ်လို့ ပြောတယ်ဗျ။
ရွှေကြာ ။ ။ ဒါဆိုရင် အဲဒီကျားရိုးဝိုင်တစ်ခွက်ဈေးနှုန်းက ပေါ့ပေါ့သေးသေးနဲ့တော့ မရလောက်ဘူးထင်တယ်။
ဗေဒါ ။ ။ ဘယ်ရမလဲဗျာ။ အခုသူတို့ ရောင်းနေတဲ့ဈေးနှုန်းက တောင်ကျားရိုးဝိုင်တစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၃၀ နီးပါးလောက်ရှိတယ်လို့ ဆိုထားတယ်ဗျ။သူတို့ အပြောအရကတော့ အသက်ကြီးလို့ သေသွားတဲ့ကျား၊ ဒါမှမဟုတ် မတော်တဆဖြစ်ပြီးသေသွားတဲ့ကျားကနေ အဆီအနှစ်ထုတ်ယူတယ် လို့ ပြောပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ယုံကြည်မှုမရှိကြဘူးဗျ။ ဒီလိုမျိုး ၀ိသမလောဘသားတွေရှိနေလို့သာ ကမ္ဘာတစ်ဝန်းလုံးက ကျားတွေမျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင် ဆိုင်နေကြရတာလေ။
ရွှေကြာ ။ ။ ဟုတ်တော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ ကျားတစ်မျိုးတည်းတော့ မဟုတ်ဘူးလေဗျာ...။ အချို့ တောရိုင်း တိရစ္ဆာန်တွေဆိုရင်လည်း တဖြည်းဖြည်းနဲ့ မျိုးသုဉ်းတော့မယ့် ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေကတော့ မီဒီယာတွေမှာ မကြာခဏတွေ့မြင်နေရတာပဲ။
ဗေဒါ ။ ။ တကယ်တမ်းကျတော့ ကျားတွေမျိုးတုန်းတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာက တခြား တိရစ္ဆာန်တွေနဲ့ မတူတဲ့ထူးခြားချက်တချို့ ရှိတာလည်းပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျားတွေကိုပစ်ခတ် သတ်ဖြတ်တယ်ဆိုတာထက် ကျားတွေရဲ့အသက်ရှင်နေထိုင်ဖို့လိုအပ်တဲ့ အစားအစာတွေ တဖြည်းဖြည်း ကွယ်ပျောက် ကုန်တာကလည်း တစ်ကြောင်းပေါ့ဗျာ။ ဆိုလိုတာကလူတွေက ကျားတွေရဲ့ အဓိကအစားအစာဖြစ်တဲ့ သမင်၊ ဂျီ၊ တောဝက်၊ ဆတ် စတဲ့ သတ္တ၀ါတွေကို လူတွေအမဲလိုက်ပြီး သတ်ဖြတ်ကြတော့ ကျားတွေခမျာ စားစရာ မရှိတော့တဲ့ အနေအထားအထိ ဖြစ်သွားစေတယ်လေ။ အဲဒီတော့ တောတောင်တွေမှာ သားရဲတိရစ္ဆာန်တွေလျှော့ပါးလေလေ၊ ကျားတွေလည်း အစာရေစာပြတ်လပ်ပြီး မျိုးတုံးတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလေလေ ဆိုရမှာပေါ့ဗျာ။
ရွှေကြာ ။ ။ လူတွေကလည်း စားစရာရှားလို့ဗျာ။ အသားစားချင်ရင်လည်း ကြက်၊ ၀က်၊အမဲမျိုးစုံစားနေရတာပဲ။ ဘာဖြစ်လို့ တောရိုင်းတိရစ္ဆာန်ရဲ့အသားတွေကိုမှ စားချင်နေရတာလည်း မသိပါဘူးဗျာ။
ဗေဒါ ။ ။ ၀မ်းစာရှာစားဖို့ ရည်ရွယ်ချက်သက်သက်နဲ့ဆိုရင် အဲဒီလောက်မပြုန်းတီးဘူးဗျ။ မြို့ကြီးတွေက စားသောက်ဆိုင်တွေမှာရှားပါးသားရဲတိရစ္ဆာန်အသားဆိုတာ ဈေးကြီးတဲ့ဟင်းပွဲလျာတစ်မျိုး ဖြစ်တော့ တောတွင်း အသားတွေကို စီးပွားဖြစ်သတ်ဖြတ်ပြီးရောင်းချလိုတဲ့ စီးပွားရေးသမားတွေကြောင့် အခုလို ဖြစ်ရတာပါ။ တချို့ကလည်း မြွေတွေကို အရက်နဲ့စိမ်ထားပြီး ဆေးဖက်ဝင်တယ်ဆိုပြီး သောက်ကြတာမျိုးလည်းရှိသလို လိပ်သား၊ ဂျီသား၊ ဆတ်သားကစားရခဲတယ်ဆိုပြီး ရှားရှားပါးပါး အစားအသောက်အနေနဲ့ ဂုဏ်ယူစားသောက်ကြ တယ်လေ။ တကယ်တမ်းကျတော့ အဲဒီစားသောက်ဆိုင်တွေဟာ စားသုံးသူတွေ ဆီကနေ အဆန်းထွင်ပြီး ငွေကို သဲ့ယူနေ ကြတာပါဗျာ။ ဒီလို ရှားရှားပါးပါးအစားအသောက်တွေစားလို့လည်း ထူးထူးခြားခြားဖြစ်လာတာမျိုးလည်း မရှိပါဘူး။ ကမ္ဘာမှာလည်း ဒီလိုမျိုးရှားရှားပါးပါး တိရစ္ဆာန်တွေ ရဲ့အသားစားတာ၊ အရိုး၊ သားရေတွေကို အသုံးအဆောင်တွေ လုပ်တာနဲ့ပဲ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး စီးပွားရှာမှု (Wildfare Economy) ဆိုပြီးတောင် စီးပွားရေးလောကမှာ နာမည်ဆိုးနဲ့ ကျော် ကြားနေတာပေါ့ဗျာ။
ရွှေကြာ ။ ။ ဟုတ်တော့လည်း ဟုတ်တာပေါ့။ ကျားဆိုတဲ့သတ္တ၀ါမျိုးက အသားစားပြီးမှ အသက်ရှင်သန် ရတဲ့မျိုးနွယ် ဆိုတော့ သားကောင်တွေရှားပါးလာတော့ ကျားတွေလည်းအစာငတ်ပြီး သေကြရမယ့် သဘောဖြစ်နေတာပေါ့။ ဒီလိုမျိုးကျားအကောင်ရေ လျော့ပါးလာနေတာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်တားဆီးနိုင်မယ်လို့ ထင်သလဲ။
ဗေဒါ ။ ။ ခက်တာက ကျားဆိုတဲ့သတ္တ၀ါတွေက မျိုးပွားနှုန်းအင်မတန်နှေးတဲ့ အကောင်မျိုးဗျ။ အဲဒီတော့ မျိုးမသုဉ်းအောင် ထိန်းသိမ်းထားနိုင်ဖို့ အခွင့်အလမ်းရှိနေတာက တိရစ္ဆာန်ရုံတွေပဲ။ တိရစ္ဆာန်တွေရဲ့ သဘာဝတောတောင် ထဲမှာလို လွတ်လွတ်လပ်လပ်မနေကြရတော့ ဒီကျားတွေမိတ်လိုက်ချင်တဲ့ ဆန္ဒ တွေလည်း ကုန်ခမ်းနေကြတာ ကလည်း ပြဿနာတစ်ရပ်ပဲ။
ရွှေကြာ ။ ။ ဟ ...ဒါဆိုရင် ဘယ်လိုလုပ်ပြီး မျိုးပွားနှုန်းတက်လာတော့မှာလဲ။
ဗေဒါ ။ ။ ဒါပေမဲ့ တိရစ္ဆာန်ရုံတချို့ကတော့ ဒီပြသနာကိုတချို့တစ်ဝက်ဖြေရှင်းနိုင်အောင် နည်းလမ်း ပေါင်းစုံနဲ့ကြိုးပမ်းနေကြတာတွေကို ပေကျင်းမောနင်းပို့စ် သတင်းတစ်ပုဒ်မှာ ရေးသားထားတယ်ဗျ။
ရွှေကြာ ။ ။ ဟ ... ဆိုစမ်းပါဦး။ ဘယ်လို နည်းလမ်းတွေတုန်းဗျ။
ဗေဒါ ။ ။ ဒီလိုလေဗျာ ...။ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ရင်ဆိုင်နေရတဲ့ ပန်ဒါဝက်ဝံ တွေတုန်းက ဆိုရင် ပန်ဒါတွေကာမဆန္ဒ နိုးကြားလာအောင်ဆိုပြီး အပြာရုပ်ရှင်ကားတွေပြသပြီး စမ်းသပ် ကြည့်ဖူးတယ်လို့ပြောထား တယ်ဗျ။ အခုလည်း တရုတ်နိုင်ငံတောင်ပိုင်းက ကျားမျိုးတွေမျိုးမသုဉ်း အောင်ဆိုပြီး တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ ချုံကင်းတိရစ္ဆာန်ရုံမှာ ကျားတွေမိတ်လိုက်ချင်တဲ့ စိတ် ပေါက်လာအောင်ဆိုပြီး အဲဒီကျားတွေကို ဗိုင်ရာဂယာပုံမှန်တိုက်ပြီး ကာမဆန္ဒတိုးပွားလာအောင် စမ်းသပ်နေတယ်လို့ ဆိုထားတယ်။
ရွှေကြာ ။ ။ ဟ...ဗိုင်ရာဂယာဆိုတာ ယောက်ျားတွေသုံးတဲ့ဆေး မဟုတ်ဘူးလား။ ဒီလိုလုပ်လို့ကော အဆင်ပြေနိုင်ပါ့မလား။
ဗေဒါ ။ ။ ဟုတ်တာပေါ့ဗျာ ...။ ဒီဆေးက အမျိုးသားတွေ ကာမဆန္ဒနည်းပါးနေတာမျိုး၊ စိတ်သွားတိုင်း ကိုယ်မပါ တာမျိုး တွေမှာသုံးတဲ့ဆေးပါ။ သတင်းရဲ့အဆိုအရက တိရစ္ဆာန်ရုံ ၁၀ ရုံမှာရှိနေတဲ့ တောင်ပိုင်း တရုတ်နိုင်ငံတောင်ပိုင်းက ကျား ၄၉ ကောင်ကို ကိုဗိုင်ရာဂယာဆေးတွေ ပုံမှန်တိုက်ကျွေးတာမျိုး ခြောက်နှစ်လောက်စမ်းသပ်ကြည့်တော့ မျှော်မှန်းထားသလောက်မအောင်မြင်ပေမယ့် တောင်ပိုင်းကျားတစ် ကောင်တော့မွေးဖွားနိုင်ခဲ့တယ် လို့ ဆိုထားတယ်ဗျ။ အခုလည်း ဗိုင်ရာဂယာဆေးက ဘယ်လောက်အထိ အောင်မြင်မှု ရမရဆို တာကို တိတိကျကျအဖြေမထုတ်နိုင်သေးပေမယ့် လောလောတစ်ကောင်တော့ မွေးဖွားသွားတယ်လို့ ပြောတယ်။
ရွှေကြာ ။ ။ ဟ ...မျိုးသုဉ်းတော့မယ့် အန္တရာယ်ရှိနေတဲ့ အကျပ်အတည်းကြားထဲကနေ အခုလို မျိုးဆက်ပွားနိုင်တာ က ကမ္ဘာမြေကြီးအတွက် လက်ဆောင်တစ်ခုပဲဗျ။တောရိုင်းတိရစ္ဆာန်ဆိုတာ မြေပေါ်သဘာဝ သယံဇာတတစ်မျိုးဖြစ် သလို သဘာဝတောတောင်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေဆိုတာကလည်း တောတောင်တွေရဲ့ အလှတစ်ပါးပါပဲဗျာ။ ဒါကြောင့်လည်း သဘာဝခရီးသွားလုပ်ငန်း (Natural Tourism)၊ ပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း (Eco Tourism) ဆိုတာတွေ ပေါ်လာတာပဲလေ။ အခုလို ကိုရွှေ ကျားတွေ ဗိုင်ရာဂယာသောက်ပြီး မျိုးဆက်ကို ထိန်းသိမ်းထားနိုင် တာက အနာဂတ်မှာမျိုးသုဉ်းတော့မယ့် အန္တရာယ် တွေနဲ့ရင်ဆိုင်နေရတဲ့ အခြားတောရိုင်း တိရစ္ဆာန်တွေအတွက် လည်း သတင်းကောင်းတစ်ရပ်လို့ ဆိုချင် တယ်ဗျာ။ ။
No comments:
Post a Comment