Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 2, 2013

အိန္ဒိယနိုင်ငံတွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောမည်


Thursday, October 3, 2013

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့သော အသက် ၉၀ အရွယ်ရှိ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောရန် စီစဉ်ထားကြောင်း သိရသည်။

''ဆရာကြီးရဲ့ ဈာပနကို အောက်တိုဘာ ၁ ရက် အိန္ဒိယနိုင်ငံ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာငါးရာကျော်နဲ့ လူပရိသတ် တစ်သိန်းကျော် လိုက်ပါပို့ဆောင်ပြီး နိုင်ငံတော် ဈာပနအနေနဲ့ ပြုလုပ်ခဲ့တာပါ။ အခုချိန်မှာတော့ ဆရာကြီးရဲ့ အရိုးပြာကို မွန်ဘိုင်းမြို့က ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး (Global Vipas-sana Pagoda) မှာ ထားရှိပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဆရာကြီးရဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်သယ်လာမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ တရားပြဆရာ ဦးစန်းဝင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုသို့ သယ်ယူလာခဲ့ပြီးနောက် သီတဂူဆရာတော် ဦးဉာဏိဿရ၏ သြ၀ါဒအရ မြစ်ကြီးနား၊ ရွှေဘို၊ မန္တလေး နေရာသုံးနေရာခွဲ၍ အရိုးပြာကို ဧရာဝတီမြစ်အတွင်းသို့ တစ်ပြိုင်နက်တည်း မျှောချရန် စီစဉ်ထားကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် 'ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ' အမည်ဖြင့် ဟောပြောပွဲ တစ်ခုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြု လုပ် ကျင်းပခဲ့သည်။ ထိုဟောပြောပွဲတွင် ၁၉၅၀ ပြည့်နှစ်အချိန်က ဆရာကြီးရေးသားခဲ့သည့် 'ဧရာဝတီ' ကဗျာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ဦးဂိုအင်ကာ၏ အဘိုးဖြစ်သူ သီရိဘာဆာရာလာ လာဂိုအင်ဂါသည် အိန္ဒိယနိုင်ငံ၊ ဗီကာရ်နေပြည်နယ်၊ ကျူရုမြို့မှ မြန်မာနိုင်ငံသို့ ၁၈၇၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည့် ဦးဂိုအင်ဂါသည် ဆရာကြီး ဦးဘခင်ထံတွင် ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာ သင်ယူလေ့ကျင့်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ၀ိပဿနာ တရားတော်များ ပို့ချခဲ့သည်။

၁၉၇၆ ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ မဟာရက်ရှထရာပြည်နယ် နာရှစ်ခရိုင်၊ အီဂတ်ပူရီမြို့တွင် ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို စတင်ထူထောင်ခဲ့ပြီး ကမ္ဘာအနှံ့တွင် ၀ိပဿနာ ရိပ်သာပေါင်း ၁၇၂ ခုအထိ ဖွင့်လှစ်ထားခဲ့သည်။ ဆရာကြီးသည် ၀ိပဿနာ နည်းပြဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ်ပေးခဲ့ပြီး ၎င်းဦးဆောင်သည့် ၀ိပဿနာ တရားစခန်းများသို့ ၀င်ရောက်အားထုတ်သူ အရေအတွက် နှစ်စဉ် တစ်သိန်းခန့်ရှိကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် အိန္ဒိယ နိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် အာရေဗျပင်လယ်ကို မေးတင်လျှက် ရွှေတိဂုံစေတီတော် ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ် (Global Vipassana Pagoda) တစ်ဆူကိုလည်း ၂၀၀၉ ခုနှစ်တွင် အောင်မြင်စွာ တည်ထားပြီး ထီးတော်တင်ခဲ့သည်။

အောက်တိုဘာ ၁ ရက်က ဆရာကြီး ကွယ်လွန်ခြင်းကို ရည်စူးပြီး ရန်ကုန်မြို့ရှိ ဓမ္မဇောတိရိပ်သာ၌ သံဃာတော်များကို ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် တက်ရောက်ခဲ့ပါသည်။ ထို့နောက် ယောဂီများက တစ်နာရီကြာ မေတ္တာပို့ အမျှဝေခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ ဓမ္မဂီရိ ရိပ်သာအသီးသီးတွင်လည်း စုပေါင်းတရားထိုင်ပြီး မေတ္တာပို့ အမျှဝေခြင်းများကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group


ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနကို နိုင်ငံတော် ဈာပနအနေဖြင့် အောက်တိုဘာ ၁ ရက်က အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- Vipassana Facebook)

http://www.myanmaronlinenews.net/2013/10/blog-post_3430.html

No comments:

Post a Comment