Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 25, 2013

ကျွမ်းကျင်သည့် ငှက်ကြည့်ဧည့်လမ်းညွှန် တိုးပွားလာစေရန် သင်တန်းဖွင့်မည်


ရန်ကုန်၊ အောက်တိုဘာ ၂၃

ပြည်ပခရီးသွား ဧည့်သည်များ တစ်စထက်တစ်စ တိုးတက် ဝင်ရောက်လာသော မြန်မာနိုင်ငံ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အထောက်အကူ ပြုစေရန်နှင့် ကျွမ်းကျင်သည့် ငှက်ကြည့် ဧည့်လမ်းညွှန်များ တိုးပွားလာစေရန် ရည်ရွယ်၍ ငှက်ကြည့်အခြေခံ သင်တန်းတစ်ရပ်ကို ရန်ကုန်မြို့တွင် ထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ အလုပ်အမှုဆောင် ဦးကျော်နိုင်က ပြောကြားသည်။

အဆိုပါ ငှက်ကြည့် အခြေခံသင်တန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ကျွမ်းကျင်သည့် ငှက်ကြည့် ဧည့်လမ်းညွှန် ဖြစ်လိုသူများ၊ ငှက်များနှင့် စပ်လျဉ်း၍ သုတေသနပြုလုပ်နေသူများ၊ သတ္တဗေဒဘာသာရပ် အထူးပြုတက္ကသိုလ် ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများနှင့် ငှက်ချစ်သူ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းသင်တန်းတွင် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများ၊ မြန်မာနိုင်ငံရှိ ငှက်မျိုး စိတ်များနှင့် ၄င်းတို့ကို ရှာဖွေတွေ့ရှိရာ ဒေသများ၊ ငှက်အမျိုးအစား ခွဲခြားနည်း၊ ဆောင်းခိုငှက် များနှင့် ၄င်းတို့၏ လမ်းကြောင်းများ၊ ရှားပါးငှက်မျိုးစိတ်များ၊ ငှက်ကြည့်မှန်ပြောင်း အသုံးပြုနည်းနှင့် ငှက်များကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နည်းများ၊ ငှက်ကြည့် လေ့လာရာတွင် ဆောင်ရန် ရှောင်ရန်များ၊ သဘာဝ အခြေခံခရီးသွား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ကို အသင်းနှင့် အခြားအဖွဲ့အစည်း များမှ ကျွမ်းကျင်သူ ပညာရှင်များ၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့မှ ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဝါရင့် ငှက်ကြည့် ဧည့်လမ်းညွှန်များက စာတွေ့လက်တွေ့ သင်ကြားပို့ချကြမည် ဖြစ်သည်။

"ကျွမ်းကျင်တဲ့ ငှက်ကြည့် ဧည့်လမ်းညွှန်တစ်ယောက် ဖြစ်ဖို့ဆိုရင် စိတ်ပါဝင်စားရမယ်၊ အချိန်ပေးရမယ်၊ အပင်ပန်းခံနိုင်ရမယ်၊ ရေရှည် လေ့လာသွားဖို့လိုတယ်" ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ အလုပ်အမှုဆောင် ငှက်ကြည့်ဧည့်လမ်းညွှန် ဦးလေးကိုကို (ခ) ကိုရဲ က ပြောကြားသည်။

အသင်း၏ ရှေ့ဆက်လုပ်ဆောင်ချက် များအဖြစ် မည်သည့်ဒေသ၊ မည်သည့် အဖွဲ့အစည်း ကမဆို ငှက်ကြည့်သင်တန်း ဖွင့်လှစ်ရန် တောင်းဆိုလာပါက သင်ထောက်ကူ ပစ္စည်းများနှင့်အတူ အခမဲ့ သွားရောက် သင်ကြားပေးမည်ဖြစ်ကြောင်း ဦးကျော်နိုင်က ထပ်လောင်း ပြောကြားသည်။

ယင်းအသင်း စတင်တည်ထောင် ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစပြီး လက်ရှိအချိန် အထိ ရန်ကုန်၊ မန္တလေး၊ ကလောနှင့် ပုဂံတို့ တွင် ဧည့်လမ်းညွှန်များအတွက် ငှက်ကြည့် အခြေခံသင်တန်း ငါးကြိမ်နှင့် ယခုဖွင့်လှစ်မည့် သင်တန်း အပါအဝင် စုစုပေါင်းသင်တန်း ၁၂ ကြိမ်မြောက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

အဆိုပါသင်တန်းနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းလိုပါက အသင်း ရုံးဖုန်း ၀၁-၅၄၂၇၁၉၊ ၅၄၈၀၉၅ နှင့် ၀၉-၄၂၀၀၅၈၈၂၁၊ ၀၉-၄၂၀၀၁၅၃၅၀၊ ၀၉-၇၃၁၂၀၈၉၁ တို့ထံ ဆက်သွယ် စုံစမ်းနိုင်သည်။

No comments:

Post a Comment