Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 25, 2013

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) မြန်မာနိုင်ငံရေးအပေါ် စိုးရိမ်ဟု သူရဦးရွှေမန်းဆို



နေပြည်တော်၊ အောက်တိုဘာ ၂၄

ကာလကြာရှည်စွာ ဖြစ်ပွားနေသော ပြည်တွင်းစစ်မီးနှင့် လတ်တလော ဖြစ်ပွားနေသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရေး ဖြစ်စဉ်များအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေက စိုးရိမ်လျက် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော် လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် မြန်မာ့နိုင်ငံရေးအပေါ် ယင်းကဲ့သို့ စိုးရိမ်မှုများ ရှိသော်လည်း မြန်မာ့ နိုင်ငံရေးတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများတွင် မည်သို့မှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ၎င်းကပြောကြားသည်။
“မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေအတွက် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘေးက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ သဘောရှိပါတယ်။ မဖြစ်သင့်တာတွေ ဖြစ်မလာဖို့ အတွက်တော့ သူ့မှာ လူကြီးတစ်ယောက် အနေနဲ့ စိုးရိမ်စိတ် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက မြန်မာနိုင်ငံရေး ဖြစ်စဉ်၏ မည်သည့် ကဏ္ဍကို စိုးရိမ်နေခြင်းကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် နိုင်ငံတော်အပေါ် စေတနာထား လုပ်ခဲ့သော်လည်း တိုင်းပြည်မှာမူ အားလုံးသိသည့်အတိုင်း ဖြစ်ကြောင်း၊ အကျိုးရလဒ်ကို ကြိုက်ချင်မှ ကြိုက်မည် ဖြစ်သော်လည်း ၎င်း၏စေတနာကို လေးစားရမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“နိုင်ငံရေး ဖြစ်စဉ်မှာက အစိတ်အပိုင်းတွေ အများကြီး ရှိတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်းက ဘယ်အစိတ်အပိုင်းကို စိုးရိမ်တာလဲ။ သူတို့ အချင်းချင်းတော့ အသေးစိတ် ပြောကြပါလိမ့်မယ်” ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသူ နိုင်ငံရေး အကဲခတ်တစ်ဦးက ဆိုသည်။

ထို့ပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အနေနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါကလည်း ၎င်း၏အခွင့်အရေးသာ ဖြစ်ပြီး ပြည်သူများကသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း မီဒီယာများ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းကျွတ် ကာလအတွင်း သူရဦးရွှေမန်းနှင့် ၎င်း၏ မိသားစုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေထံ သွားရောက်၍ ဂါရဝပြုခဲ့ကြောင်း သူရဦးရွှေမန်းက မီဒီယာများသို့ ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်ပေါ်ပြီး တပ်မတော်က အာဏာသိမ်းယူမှု နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ နေရာကို တာဝန်ယူခဲ့သူ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကို နှစ်ပေါင်း၂၀ ကျော်ကြာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအဖြစ် အုပ်ချုပ်ခဲ့ကာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရသစ်ထံ အာဏာလွှဲပြောင်း ပေးအပ်ခဲ့သည်။

No comments:

Post a Comment