Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ရန်ကုန်ဘူတာကြီးဝင်း တစ်ခုလုံးကို အဆင့်မြှင့်တင်ရန် ဂျပန်နှင့် စင်ကာပူ နိုင်ငံတို့၏ ကုမ္ပဏီလေးခုမှ တင်ပြ




၂၃.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရန်ကုန်ဘူတာကြီး ၀င်းတစ်ခုလုံးကို အဆင့်မြှင့်တင်ရန် ဂျပန်နှင့် စင်ကာပူကုမ္ပဏီ လေးခုမှ တင်ပြသဖြင့် ပြည်ထောင်စု အဆင့်သို့ တင်ပြထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းသို့ အဆင်မြှင့်တင်ရန် ဂျပန်ကုမ္ပဏီ နှစ်ခုနှင့် စင်ကာပူကုမ္ပဏီ နှစ်ခုတို့မှ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနသို့ ယခုနှစ်အတွင်း လာရောက်တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ တင်ပြလာမှုများမှာ ခိုင်လုံသော အချက်အလက်များ ပါရှိသည့်အတွက် ၎င်းအခြေအနေကို ပြည်ထောင်စု အဆင့်သို့ တင်ပြထားပြီးဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်ထံက သိရသည်။

"ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်ဖို့ဆိုပြီး တင်ပြတဲ့အထဲမှာ ဂျပန်ပါတယ်။ စင်ကာပူ ပါတယ်။ ပြည်တွင်းကုမ္ပဏီ တစ်ခုလည်း ပါတယ်။ လုပ်မယ့် ပရောဂျက်နဲ့ကျတော့ ပြည်တွင်းကုမ္ပဏီနဲ့ ဘယ်လိုမှဖြစ်ဖို့ မလွယ်ဘူး။ လုပ်ဆောင်မယ့် အဆင့်က နိုင်ငံတကာ အဆင့်မီ လုပ်မှဖြစ်မယ့် အနေအထားပါ" ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ဆိုသည်။

ပြည်ထောင်စုအဆင့်မှ ခွင့်ပြုချက်ရရှိပြီ ဆိုပါက တင်ဒါခေါ်ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရရှိသွားသော ကုမ္ပဏီ အနေဖြင့် လုံလောက်သော အရည်အသွေးနှင့် ဘတ်ဂျက်အနေအထားတို့ကို ကြည့်ရှုစစ်ဆေး သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အဖွဲ့အစည်းများနှင့် အင်ဂျင်နီယာ အဖွဲ့အစည်းများ၏ အကြံပေး အတည်ပြုချက်များကို တောင်းခံမည်ဖြစ်ကြောင်း တည်ဆောက်နေစဉ် ကာလအတွင်းမှာလည်း အဆောက်အအုံ၏ အရည်အသွေး စစ်ဆေးမှု အဖွဲ့များလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ စံချိန်မီ အဆင့်မြှင့်သွားမည်ဆိုသော ရန်ကုန်ဘူတာကြီးတွင် အထပ်မြှင့် လူနေအဆောက်အအုံများ၊ Public Service နေရာများ ပါဝင်မည်ဖြစ်ပြီး ဘူတာကြီးမှာလည်း လက်ရှိထက် အဆင့်မြင့်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

"ဆောက်မှာက နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်သွားမှာ။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတစ်ခု ဖြစ်နေတယ်။ ဆောက်မယ့်အခြေအနေတွေမှာ ဘာတွေထည့်သွင်းမလဲဆိုတော့ ကလေးထိန်းကျောင်းတွေ စတဲ့ပြည်သူလူထုကို အကောင်းဆုံး ၀န်ဆောင်မှုတွေ စီးဆင်းမယ့် နေရာတွေ အများဆုံး ပါဝင်မှာဖြစ်တယ်။ ခန့်မှန်းအဆင့်မြှင့်မယ်ဆိုရင် ဘီလျံနဲ့ချီပြီး ကုန်ကျနိုင်မှာ ဖြစ်ပါတယ်" ဟု ဦးဝင်းနောင်က ဆိုသည်။

လက်ရှိတွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ဂျပန်နှင့် ပူးပေါင်းလုပ်ဆောင် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး မြန်မာနိုင်ငံ အတွင်းရှိ ရထားကဏ္ဍများတွင် အကောင်အထည် ဖော်မှုတွင် ရန်ကုန်-မန္တလေး အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်မြို့ပတ် ရထားတွဲများကို အဲယားကွန်း ရထားဖြင့် အစားထိုးပြေးဆွဲခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

EMG

No comments:

Post a Comment