Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

ဆေးလိပ် သောက်ခွင့်မရှိသည့် နေရာများ ထုတ်ပြန်ကြေညာ

ဆေးလိပ် လုံးဝသောက်ခွင့် မရှိသော နေရာများအား လူထုသိရှိခြင်း မရှိသည့် အတွက် ဆေးလိပ်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် ပါဝင်သည့် ဆေးလိပ်သောက်ခွင့် မရှိသော နေရာများအား ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာ လိုက်သည်။ ဆေးလိပ် လုံးဝသောက်ခွင့် မရှိသော နေရာများမှ ဆေးရုံ အဆောက်အအုံနှင့် ပတ်ဝန်းကျင်၊ ဆေးကု သဂေဟာနှင့် ဆေးခန်းများ၊ ကလေးကစား ကွင်းများ အပါအ၀င် အားကစားရုံနှင့် အမိုးအကာ ရှိသည့် အားကစားကွင်းများ၊ စာသင်ကျောင်းများနှင့် ပတ်ဝန်းကျင်နေရာများ၊ တက္ကသိုလ် ဒီဂရီကောလိပ် စသည်တို့၏ စာသင်ခန်းနှင့် ရုံးခန်းနေရာများ ပါဝင်သည်။
ထို့အပြင် လူအများစုဝေးပြီး အမိုးအကာရှိသည့် ရုပ်ရှင်ရုံများ၊ ဇာတ်ရုံများ၊ ဈေးဝယ်စင်တာများ၊ ဈေးရုံများ၊ စာဖတ်ခန်းများ၊ ပြတိုက်၊ မော်ကွန်းတိုက်များ၊ အများပြည်သူသုံး စာကြည့်တိုက်များ၊ ဓာတ်လှေကားနှင့် ရွေ့လျားစက်လှေကားများ၊ မော်တော်ယာဉ်နှင့် လေယာဉ်များ၊ လေအေးစက်တပ်ဆင်ထားသော အများပြည်သူသုံးအခန်းများ၊ ခန်းမများ၊ ကိုယ်ပိုင်ဘာသာရပ် သင်တန်းကျောင်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသည့် အများပြည်သူနှင့်ဆိုင်သည့် နေရာများအားလုံး ပါဝင်သည်။
ထိုနေရာများတွင် ဆေးလိပ်သောက်ပါက ပြစ်ဒဏ်ချ အရေးယူရန် ပြည်ထဲရေးကဲ့သို့ အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာ နန်းနိုင်နိုင်ရှိန် ကပြောသည်။ “ဒီနေရာတွေမှာ ဆေးလိပ် မသောက်ဖို့ သတ်မှတ်ထားတာ လူတွေက မသိဘူးဆိုတဲ့အတွက် ထပ်ပြီးသတိပေးတာပါ။ လူထုအပြင် အဲဒီနေရာတွေရဲ့ တာဝန်ခံတွေလည်း သူတို့ရဲ့တာဝန်ကို သိလာအောင်လို့ပါ”ဟု ဒေါက်တာ နန်းနိုင်နိုင်ရှိန် ကပြောသည်။
ဆေးလိပ် မသောက်ရနေရာများ သတ်မှတ်ထားသော်လည်း ဥပဒေအရ ထိရောက်စွာ အရေးယူမှု အားနည်းခြင်းနှင့် လူထုပါဝင်မှု မရှိခြင်းတို့ကြောင့် ဥပဒေများပြဋ္ဌာန်း ထားသော်လည်း အောင်မြင်မှု မရှိသေးခြင်းဖြစ်ကြောင်း ဆေးလိပ်ဆန့်ကျင်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ထောက်ပြထားသည်။ လွန်ခဲ့သည့်နှစ်များကလည်း ကွမ်းတံတွေးမထွေးရနေရာများ သတ်မှတ်၍ အရေးယူမှုများ ဆောင်ရွက်ခဲ့သော်လည်း ကာလတိုသာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ထိရောက်မှုမရှိခဲ့ပေ။
“အခုကတော့ ဆေးလိပ်ငွေ့လွတ်တဲ့နေရာက တော်တော်ရှားနေပြီ။ ကားမှတ်တိုင်တွေမှာရော ကားပေါ်မှာလည်း ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်တွေရော သောက်နေကြတာ”ဟု အရောင်းမြှင့်တင်ရေးဝန်ထမ်းဖြစ်သည့် မစုကပြောသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေပေါ်ပေါက်လာစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment