Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးခ၀ါချမှု


မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်၏ အခွန်ဆောင်ထားမှု ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၇ သန်းဝန်းကျင်ဖြင့် အမြင့်ဆုံး ပေးဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အမြင့်ဆုံး ပေးဆောင်သည့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် အမေရိကန်ဒေါ်လာ သန်းတစ်ရာ၊ နှစ်ရာထက် ငွေဖြူပိုမရှိနိုင်သည့် သဘောဖြစ်သည်။ ထို့အတွက် ကျန်စီးပွားရေး လုပ်ငန်းများက ၀င်ငွေခွန် ပေးဆောင်မှု ပမာဏသည် ဒေါ်လာ ၁၀ သန်းအောက်တွင်ပင် ရှိနိုင်ပါသည်။ ရွှေတောင်အုပ်စု၏ The Nation သတင်းစာသို့ တရားဝင် ဖြေကြားချက်အရ ၎င်းတို့၏ ဆောက်လုပ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိကြောင်း သိရသည်။ ထို့ကြောင့် အခြားသူများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှု ပမာဏများသည် အမေရိကန်ဒေါ်လာ သန်းရာဂဏန်း အထက်တွင်ပင် ရှိနေနိုင်ပါသည်။ သို့သော် ရင်းနှီးမြှုပ်နှံနိုင်သည့် ပိုင်ဆိုင်မှု ငွေကြေးပမာဏနှင့် အခွန်ပေးဆောင်မှု ပမာဏကြား ကွာဟချက်က မေးခွန်းထုတ်စရာများ ဖြစ်နေသည်။

အချို့ အလွဲသုံးစား လုပ်ထားသော ငွေကြေးများ အပါအ၀င် ၀င်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသော ငွေများသည် စင်ကာပူဘဏ်၊ ဟောင်ကောင်ဘဏ်၊ တရုတ်ဘဏ်များမှတစ်ဆင့် အိမ်ခြံမြေကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍများ၌ ၀င်ရောက်မြှုပ်နှံခြင်းဖြင့် မြန်မာနိုင်ငံ အတွင်းသို့ တစ်ကျော့ပြန် ၀င်ရောက်လာသည်။ ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများမှာ ငွေကြေးခ၀ါချခြင်းများတွင် သွယ်ဝိုက်သော နည်းများဖြင့် ပတ်သက်မှု ရှိနေမည်ဖြစ်သည်။

တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၁၃ ခုနှစ် သြဂုတ်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်အထိ ရှိနေပြီး အဆိုပါ ပမာဏထဲတွင် နိုင်ငံသားများမှလည်း အကျိုးတူ ၀င်ရောက်မြှုပ်နှံထားသည့် ပမာဏများ ပါဝင်နေသည်။ ၎င်းအပြင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာလည်း ၂၀၁၃ ခုနှစ် သြဂုတ်လကုန်အထိ ဆိုပါက ကျပ်ဘီလျံပေါင်း ၃၃၂၉ ကျော်အထိ ရှိနေပြီဖြစ်သည်။

ဤကဲ့သို့သော ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများနှင့် ပတ်သက်၍ အခွန်ဆောင်ထားသည့် ငွေကြေးများ ဟုတ်မဟုတ် ဖော်ထုတ်ရှင်းလင်းပေးရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့တွင် တာဝန်ရှိမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံထားသည့်ငွေ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံရန် တင်ပြထားသော ငွေကြေးများမှာ အခွန်ဆောင်ထားပြီး ငွေများ ဟုတ်မဟုတ်၊ ငွေကြေးခ၀ါချခြင်း ဟုတ်မဟုတ် ဆိုသည်ကို ဖော်ထုတ်ဖို့ လိုမည်ဖြစ်သည်။ အကယ်၍ အခွန်ပေးဆောင်ထားပြီးငွေများ မဟုတ်ပါက အဆိုပါ ငွေကြေးများကို သီးခြားအခွန်ဥပဒေ၊ နည်းဥပဒေများဖြင့် အခွန်ပြန်လည် ကောက်ခံရန် လိုအပ်မည်ဖြစ်သည်။

Wikipedia တွင် နောက်ဆုံးဖော်ပြထားသော အချက်အလက်များအရ မြန်မာနိုင်ငံသည် ဘိန်းထုတ်လုပ်မှုတွင် ကမ္ဘာပေါ်၌ အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယမြောက် ဘိန်းထွက်ရှိမှု အများဆုံး နိုင်ငံအဖြစ် ရှိနေကြောင်း သိရသည်။

ထိုသို့သော အခြေအနေမျိုးတွင် ခရိုနီ စီးပွားရေးစနစ်၊ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခ၀ါချမှု၊ မူးယစ်ဆေးဝါး ပြဿနာနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတို့ ပတ်သက်ခြင်း ရှိမရှိကို သေချာစွာ စိစစ်ရမည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ပွင့်လင်းလာသော စီးပွားရေး စနစ်တွင် ငွေကြေးခ၀ါချမှု၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ စိစစ်ရှင်းလင်းရန် အချိန်ကျရောက်လာပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
Eleven Media Group

No comments:

Post a Comment