- Category: ဆောင်းပါး
- Published on Thursday, 10 October 2013 11:02
- Written by အယ်ဒီတာတစ်ဦး
တစ်နေ့လုပ်တစ်နေ့စား
ဆင်းရဲသားတောင်သူလယ်သမားများ၏ သမီးဘဝကို ရောက်ရှိခဲ့ရသည်မှာ မလွယ်လှပါ။
အထူးသဖြင့် အာဖရိကတိုက်၊ တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း ရှင်ယန်ဂါလို
လူနေကျဲပြီး ချောင်ကျကျရွာတွင် လူလာဖြစ်ရသည်မှာ ပိုပြီး မလွယ်လှပေ။
ဟာလီမာ ဒိုတိုသည် အသက် ၁၄ နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူမကို
မိဘများက လူတစ်ယောက်ထံ နွား ၇ ကောင် နှင့် ရောင်းစားခဲ့သည်။ နွားနှင့်
အလဲခံရသူက သူမထက်အသက်နှစ်ဆကြီးသည်။ အသက် ၃၇ နှစ်အရွယ်ရှိ ကျေးရွာအတွင်း
ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးလည်းဖြစ်သည်။မကြာမီ ဒိုတိုတစ်ယောက် ကိုယ်ဝန်ရှိခဲ့သည်။ သမီးလေးတစ်ယောက် မွေးဖွားပြီးနောက် သူမနှင့် သမီးလေးကို ယောက်ျားဖြစ် သူက လှည့်ပင်မကြည့်တော့။ သို့ဖြစ်ရာ ဒိုတိုသည် ဒါအက်စ်ဆလမ်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ယခုအခါ အသက် ၁၇ နှစ်ရှိနေပြီ ဖြစ်သော ဒိုတိုသည် ကလေးတစ်ယောက်လည်းရ၊ ပညာလည်းမသင်ခဲ့ရသဖြင့် သူများတကာအိမ်များသို့ လှည့်လည်ပြီး ခိုင်းတာလုပ်ကာ ဘဝကျောင်းနေရသည်။ ရသည့်အခကြေးငွေကလည်း တစ်နှစ်အရွယ်သမီးလေးနှင့် ရပ်တည်နိုင်ရန် အတော်လေးခက်ခဲသည်။
“ကျွန်မက မိဘတွေဆီပြန်ပြီး အငယ်ဆုံးမောင်လေးကိုဖြစ်ဖြစ် ထိန်းပေးပါရစေလို့ တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ မိဘတွေက လက်မခံလို့ ဒီကိုရောက်လာရတာ” ဟု တအီအီလုပ်နေသည့် သမီးလေးကို ချော့ရင်းပြောပြရှာသည်။
ဒိုတို၏ မိဘများသည် ဤရွာရှိ အခြားသောမိဘများကဲ့သို့ အသက် ၁၈ နှစ်မပြည့်မီ သမီးများကို ရောင်းစားကြသည်မှာ အစဉ် အလာဖြစ်သည်။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သတိုးသားဘက်က စို့စို့ပို့ပို့နှင့် လာတင်တောင်းလျှင် သမီးတွေကို ပေးလိုက်ကြသည်သာဖြစ်သည်။
မိန်းကလေးများသည် အရွယ်ရောက်လာလျှင် ရောင်းစားသကဲ့သို့ စွန့်လွှတ်လိုက်ရမည်ဖြစ်သောကြောင့် ပညာလည်း သင်မပေး၊ အခြားဝင်ငွေရနိုင်သည့် အသက်မွေးဝမ်းကျောင်းတွေလည်း သင်ခွင့်မရ၊ ကျန်းမာရေးမကောင်းသည့် မိန်းကလေးများဆိုလျှင်လည်း ပစ်ထားလိုက်ကြသည်ကများသည်။ မိန်းကလေးများဘဝတွင် မည်သည့်အခွင့်အရေးမျှ တောင်းဆိုပိုင်ခွင့်လည်း မရှိပေ။ ဥပမာ ပညာသင်ခွင့်၊ ကျောင်းနေခွင့်များကို တောင်းဆိုခွင့်မရှိပေ။ သူတို့ လူလာဖြစ်ရခြင်းမှာ အချိန်မတန် အရွယ်ရောက်ပြီး လက်ထပ်ကြေးကောင်းကောင်းပေးလျှင် ယောက်ျားနှင့် လိုက်သွားရန်ပင်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၁၅ နှစ်မတိုင်မီ မိန်းကလေး ၇ ဦးလျှင် တစ်ဦးနှုန်းသည် အိမ်ထောင်ချပေးခြင်း ခံနေကြရ သည်။ အချို့မှာ အသက် ၈ နှစ် သို့မဟုတ် ၉ နှစ်သမီးအရွယ်များတွင် အိမ်ထောင်ချပေးခြင်းခံနေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ယခုနှစ် မတ်လအစီရင်ခံစာအရ သိရှိရသည်။
အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် မိန်းကလေး ၅ ဦးတွင် နှစ်ဦးနှုန်း အသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင်ပြု နေကြရသည်။ အရွယ်မရောက်မီ အိမ်ထောင်ပြုပေးနေသည့် ဓလေ့ခေတ်အစားဆုံးနိုင်ငံ ဆယ်နိုင်ငံတွင် အာဖရိကတိုက်က နိုင်ငံ ကိုးနိုင်ငံပါဝင်နေကြောင်း UNICEF ကလေးသူငယ်များဆိုင်ရာအဖွဲ့၏ အစီရင်ခံစာတွင် ဆိုထားသည်။
အထူးသဖြင့် တိရစ္ဆာန်များကို မွေးမြူကြသည့် လူမျိုးစုများကြားတွင် အရွယ်မရောက်သေးသည့် သမီးများကို တိရစ္ဆာန်များ နှင့် လဲလှယ်ခြင်းဓလေ့ ခေတ်စားသည်။ ဥပမာ ဒိုတိုတို့နေသည့် ရွာဓလေ့မှာ အမျိုးသမီးလေးများ ရာသီစလာသည်နှင့် လက်ထပ်ကြေးဖြင့် ရောင်းစားရန် လေသံလွှင့်ခြင်းခံရသည်။ ဒိုတိုတို့ရွာတွင် လက်ထပ်သည့် အရွယ်မှာ ၁၃ နှစ်ဖြစ်သည်။
ထိုဒေသရှိ မိန်းကလေးများသည် ကျောင်းနေရသည် ဆိုလျှင်ပင် သေစာရှင်စာအတွက် သုံးနှစ်ခန့်သာ နေကြရသည်။ ဒိုတို၏ ဖခင်သည် သူ့ကိုလက်ထပ်ကြေးပေးသည့် နွား ၇ ကောင်ကိုရောင်းပြီး သားသုံးယောက်ကို ကျောင်းဆက်ထားရန်အတွက် ကျောင်းစရိတ်အဖြစ် အသုံးပြုလိုက်ရသည်။
ထိုဒေသတွင် မူလတန်းပညာအဆင့်ပြီးဆုံးအောင် ကျောင်းတက်ခဲ့သည့် မိန်းကလေးအရေအတွက်မှာ အမျိုးသမီးဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သာရှိသည်။ စာလည်းမတတ်၊ အိမ်ထောင်လည်းစောစီးစွာ ပြုကြရခြင်းသည် ဆင်းရဲမွဲတေခြင်းကို ဖြစ်စေသည့် အကြောင်းတရားတစ်ခုလည်းဖြစ်သည်။
မိန်းကလေးများကို ငယ်ရွယ်စွာ အိမ်ထောင်ပြုစေခြင်းသည် ပညာမတတ်ရုံမျှမက ကျန်းမာရေးကိုလည်း ချို့တဲ့စေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း အရွယ်မရောက်မီ လင်ယူသားမွေးလုပ်ရခြင်းကြောင့် သေဆုံးနှုန်း သည် ထိပ်ဆုံးတွင်ရှိနေသည်ဟု HRW အစီရင်ခံစာတွင် ဆိုထားသည်။
“မိန်းကလေးများသည် အသက် ၁၅ နှင့်၂၀ ကြားတွင် လင်ယူသားမွေးလုပ်လျှင် ၂၀ ပြည့်မှ လင်ယူသားမွေးလုပ်သူများထက် သေနှုန်း ထက်ဝက်ပိုများနိုင်သည်။” ဟု HRW အစီရင်ခံစာကဆိုသည်။ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ကျခြင်းသည် မွေးဖွားလာသည့် ကလေးအတွက်လည်း အန္တရာယ်ရှိနိုင်သည်။ အသက် ၁၉ နှစ်ကျော် မိန်းကလေးများထက်၊ အသက် ၁၈ နှစ်မတိုင်မီ ကလေးမွေးရသူ မိန်းကလေး ၆၀ ရာခိုင်နှုန်းခန့်သည် ပထမကလေးမွေးဖွားစဉ်မှာပင် သေဆုံးခဲ့ရကြောင်း Save the Children ၂၀၁၂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုအခါ ကမ္ဘာအနှံ့ အရွယ်မတိုင်မီ အိမ်ထောင်ပြုနေကြရသော ကလေးပေါင်း ၅၇ ဒသမ ၅ သန်းခန့်ရှိသည်။ ထိုအထဲတွင် ၄၀ ရာခိုင်နှုန်းသည် အိန္ဒိယနိုင်ငံကဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ မိန်းကလေး ၄၆ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင် ချပေးခြင်း ခံနေကြရသည်။ အသက် ၁၈ နှစ်မတိုင်မီ အိမ်ထောင်ချပေးခြင်းခံနေရမှုသည် အာဖရိကတွင် ၄၂ ရာခိုင်နှုန်း၊ လက်တင်အမေရိကနှင့် ကရစ်ဘီယံတို့တွင် ၂၉ ရာခိုင်နှုန်းဖြစ်ကြောင်း National Family Health Survey-3 စစ်တမ်းတွင် ဖော်ပြထားသည်။
UNFPA (United Nations Population Fund) ၏အဆိုအရ ၂၀၁၂ ခုနှစ်နှုန်းအတိုင်းသာ သွားနေမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်တွင် အရွယ်မရောက်ဘဲ လင်ယူသားမွေးလုပ်ရသည့် မိန်းကလေးပေါင်း သန်း ၁၄၀ ခန့်ရှိလာ ပြီး၊ အသက် ၁၅ နှစ်အောက် အိမ်ထောင်ပြုရသူမှာ ၁၈ ဒသမ ၅ သန်းခန့်အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင်ဖြစ်သည်။ တာ့ဂ်ျ မိုဟာမက်သည် မျက်ရည်လည်ရွဲဖြင့် ယခုလိုရှင်းပြသည်။
“ကျွန်တော့် ခြောက်နှစ်သမီးလေး နဂါးမကို ဆွေမျိုးတစ်ယောက်ဆီရောင်းလိုက်ရတယ်။ ကျွန်တော့်မှာ အကြွေးတွေ ပေးစရာ ရှိနေတော့ မတတ်နိုင်ဘူး” ဟု သူကဆိုသည်။
နဂါးမဟု သူတို့အမည်ပေးထားသည့် ကလေးမလေးသည် တကယ့်အပြစ်ကင်းစင်သည့် ကလေးမျက်နှာလေးနှင့်ဖြစ်သည်။ ယခု ကလေးမလေးသည် သူမထက် အသက် ၁၀ နှစ်ကြီးသည့် လူတစ်ယောက်နှင့် စေ့စပ်ထားပြီး တစ်နှစ်အတွင်း ခင်ပွန်းအိမ် သို့ အရောက်ပို့ပေးရမည်ဖြစ်သည်။
သူမကိုယ်တိုင် အရွယ်မတိုင်မီ အိမ်ထောင်ပြုခဲ့ရသည့် နဂါးမ၏ အဖွားဖြစ်သူက
“မိသားစုထဲမှာ စိတ်မကောင်းဖြစ်ကြရတယ်။ ကျွန်မတို့ ငိုရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး”ဟုဆိုလိုက်သည်။ သူမကဆက်ပြီး “အမျိုးတွေဖြစ်ပေမယ့် သူတို့က တာ့ဂ်ျဆီက ပိုက်ဆံကို ပြန်လိုချင်နေကြတယ်။ သူကလည်း ကြွေးကို ပြန်မဆပ်နိုင်ဘူးလေ။ ဒါကြောင့် နဂါးမကို ထိုးပေးလိုက်ရတာ” ဟုရှင်းပြနေသည်။
တာ့ဂ်ျ မိုဟာမက်ကလည်း “ကျွန်တော့်မှာ အကြွေး ဒေါ်လာ ၂၅၀၀ လောက်တင်နေတာ။ မိသားစုကို ပြန်ပြီး ပျော်ရွှင်ဖို့ဆိုတာ အဲဒီငွေပမာဏကို ပြန်ရမှဖြစ်မှာ” ဟုဆိုသည်။
အာဖဂန်တွင် စစ်ပွဲတွေဖြစ်နေစဉ်ကာလအတွင်း သူတို့မိသားစု ဟယ်မန်းရှိအိုးအိမ်ကိုပစ်ပြီး ကမ်ဘာ ဒုက္ခသည်စခန်းရှိ ရွံ့အိမ်များအတွင်း ခိုလှုံနေကြရသည်။ သူ၏ သုံးနှစ်အရွယ် သားတစ်ယောက်နှင့် ဦးလေးတစ်ယောက် အေးလွန်းသဖြင့် သေဆုံးသွားကြရသည်။ ထိုအချိန်တွင် ဆွေမျိုးတွေက သူအကြွေးကို ပြန်တောင်းခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော် ငွေပေးနိုင်ရင်တော့ နဂါးမကို ၁၆ နှစ်သမီးလောက်အထိ အိမ်မှာထားနိုင်မယ်” ဟု တာ့ဂ်ျကဆိုခြင်းမှာ သူတို့ နိုင်ငံ ဥပဒေအရဖြစ်သည်။ အာဖဂန်တွင် အမျိုးသား ၁၈ နှစ်၊ အမျိုးသမီး ၁၆ နှစ်ဆိုလျှင် လက်ထပ်ထိမ်းမြားခွင့်ရှိသည်။
နိုင်ငံတကာ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အရ ကလေးဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသူကို ခေါ်ဆိုသည်။ ထို ၁၈ နှစ်မပြည့်သေးသည့် ကလေးတစ်ဦးကို ဖြစ်စေ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ခြင်း၊ အဓမ္မအကြပ်ကိုင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ မိမိအာဏာကို အသုံးချခြင်း၊ ထိုသူ၏ အားနည်းချက်ကို အခွင့်ကောင်းယူခြင်း၊ ထိုသူ၏ အုပ်ထိန်းသူအား သဘောတူဆန္ဒရရှိရန် အခကြေးငွေ သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း ယူခြင်းဖြင့် သိမ်းသွင်းခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံစရာနေရာပေးခြင်း၊ လက်ခံခြင်းကို ကလေးသူငယ်ဆိုင်ရာ ကူးသန်းရောင်းဝယ်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း အချို့သော နိုင်ငံများတွင် ဓလေ့ထုံးတမ်းအစဉ်အလာများက ထိုဥပဒေများကို မလိုက်နာသေးခြင်းသည် ယနေ့တိုင်အမျိုးသမီးများဘဝကို ခြိမ်းခြောက်နေဆဲဖြစ်သည်။
ကလေးသူငယ်ဆိုင်ရာ လက်ထပ်ထိမ်းမြားပေးမှုသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။ အမျိုးသမီးများ၏ အသက်၊ ကျန်းမာရေးနှင့် အနာဂတ်အခွင့်အလမ်းများကိုပါ စော်ကားနေခြင်းဟုလည်း ဆိုနိုင်သည်။ မည်သည့်အရွယ်တွင် အိမ်ထောင်ပြုခွင့်၊ မိမိနှစ်သက်သဘောကျသူနှင့် လက်ထပ်ထိမ်းမြားခွင့်သည် အမျိုးသမီးတိုင်း၏ အခွင့်အရေးလည်းဖြစ် သည်။ အရွယ်ရောက်သည့် မိန်းကလေးတစ်ယောက်သည် မိမိဘဝအတွက် အိမ်ထောင်ဖက်ရွေးချယ်ခြင်း၊ လက်ထပ်ထိမ်းမြား ခြင်းတို့အတွက် ကြောက်ရွံ့ခြင်း၊ အဓမ္မတိုက်တွန်းခံရခြင်း၊ ဖိအားပေးခြင်းများမှ ကင်းလွတ်ခွင့်ရှိရန်လည်း လိုအပ်သည်။ အရွယ်ရောက်ခြင်း၊ မရောက်ခြင်းသည် မိဘများနှင့် တရားဥပဒေက သတ်မှတ်ရန်ဖြစ်ပြီး၊ လက်ထပ်ထိမ်းမြားပိုင်ခွင့်ကို လွတ်လပ်စွာရွေးချယ်မှုသည် အမျိုးသမီးတိုင်း၏ အခွင့်အရေးဟုလည်း ဆိုနိုင်သည်။
နိုင်ငံတကာ ကလေးသူငယ်များဆိုင်ရာ ညီလာခံက အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို အဓမ္မလက်ထပ် ထိမ်းမြားပေးခြင်းကို လူ့အခွင့်အရေးချိုးဖောက်ခြင်းဟု သတ်မှတ်ထားပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း ကောင်း၊ အစိုးရများအနေဖြင့်လည်းကောင်း မိမိတို့နိုင်ငံနှင့် လူမျိုးစုအတွင်း အဓမ္မနည်းဖြင့် ပြုကျင့်နေကြသည့် ဓလေ့ ထုံးစံများကိုလည်းကောင်း၊ အယူအဆများကိုလည်းကောင်း ထိန်းသိမ်းတိုက်ဖျက်သွားကြရန်နှင့် ကလေးသူငယ် လက်ထပ်မှုများ ပပျောက်ရေးကို ထောင်စုနှစ်ပန်းတိုင်အဖြစ် သတ်မှတ်လုပ်ဆောင်သွားကြရန် နိုင်ငံတကာအဖွဲ့အစည်းများက ပြင်ဆင်နေကြပြီဖြစ်သည်။
ကလေးသူငယ်များ လက်ထပ်ပေးမှုပပျောက်ရေးသည် ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးထားပြီး ဆောင်ရွက်ရမည့် ကုလသမဂ္ဂ၏ MDGs (Millennium Development Goals) နှင့်လည်း သက်ဆိုင်နေသည်။ ထိုပန်းတိုင်သို့ရောက်စေရန်အတွက် နိုင်ငံများသည်
- အလွန်အကျွံဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုများကို တိုက်ဖျက်နိုင်ရေး လုပ်ဆောင်ပေးရမည်။
- အခြေခံပညာကို မသင်မနေရပညာရေးအဖြစ် သင်ကြားပိုင်ခွင့်ရှိရေးအတွက် အကောင်အထည်ဖော်ပေးနိုင်ရမည်။
- ကျားမ မခွဲခြား တန်းတူညီမျှ အခွင့်အရေးရရန်လိုသည်။ အမျိုးသမီးများအခွင့်အရေးကို ဖော်ဆောင်ပေးရမည်။
- ကလေးသူငယ်ဆိုင်ရာ သေဆုံးနှုန်းများကို လျှော့ချနိုင်ရမည်။
- မိခင်ဘဝ ကျန်းမာရေးစောင့်ရှောက်မှုများကို အပြည့်အဝရပိုင်ခွင့်ရှိရမည်။
- HIV/ AIDS နှင့် ငှက်ဖျားအပြင် အခြားရောဂါများကင်းစင်ရေး ဦးစားပေးဆောင်ရွက်ကြရမည်။
အထက်ပါအချက်များသည် ၂၀၁၅ ခုနှစ်အတွက် ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ ထိုအချက်များကို နိုင်ငံတကာတွင် အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် ကလေးသူငယ်ဆိုင်ရာ အဓမ္မလက်ထပ်ထိမ်းမြားပေးမှုများနှင့် အရွယ်မတိုင်မီ မိခင်ဘဝဖြင့် သေဆုံးရမှုများ လျှော့နည်းသွားမည်ဟု မျှော်လင့်ပါသည်။
The Voice Daily, 8.10.2013
No comments:
Post a Comment