Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 26, 2013

ဂုဏ်ယူပါတယ် ပုသိမ်မြို့

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ဒီလ ၂၃ ရက်နေ့က အသက် မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးငယ် တဦးကို သားမယားအဖြစ်ပြုကျင့်ဖို့ကြိုးပမ်းတဲ့ကိစ္စ ဖြစ်ပွားခဲ့ပါတယ်။ 



ကျူးလွန်တယ်လို့ စွပ်စွဲခံရသူက ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ရာမည ၅ လမ်းနေ ဦးတင်ဝင်း (ခေါ်) ဟာဘီဘိုလာဖြစ်ပါတယ်။ 

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဦးတင်ဝင်း (ခေါ်) ဟာဘီဘိုလာက တရပ်ကွက်တည်းနေ အသက် ၁၅ နှစ် အရွယ် မိန်းကလေးငယ်ကို အ၀တ်လျှော်ဖို့ အလုပ်ပေးမယ်ဆိုပြီး အိမ်ထဲခေါ်ကာ သားမယား အဖြစ် ပြု ကျင့်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိန်းကလေးငယ်က ကြောက်လန်ပြီ့းအော်ဟစ်တော့မှ ပတ်ဝန်းကျင်ကအမျိုးသမီးတွေသိသွားပြီး မိန်းကလေးငယ်ရဲ့အဒေါ်ဖြစ်သူကို သွားရောက်ခေါ်ဆောင်ပါတယ်။ 

သူ့အဒေါ်ရောက်လာတော့ အဒေါ်ဖြစ်သူက ဦးတင်ဝင်း (ခေါ်) ဟာဘီဘိုလာကို ရန်တွေ့ပြီးရိုက်နှက်ဖို့ လုပ်ရာမှာ ဒေသခံတွေက တရားဥပဒေအတိုင်း တိုင်ကြားဆောင်ရွက်ဖို့ပြောလို့ ရပ်ကွက်ရုံးကိုသွားတိုင်ပါ တယ်။ 

ရပ်ကွက်ရုံးကလည်း ချက်ခြင်းပဲ ရဲကိုအကြောင်းကြားခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ ပုသိမ်မြို့က အစ္စလာမ် ဘာသာရေး
ခေါင်းဆောင်တွေနဲ့ပူးပေါင်းပြီး ဦးတင်ဝင်း(ခေါ်) ဟာဘီဘိုလာကို ရဲစခန်းခေါ်သွားပါတယ်။ 

စခန်းမှာ ရဲလုပ်ထုံးလုပ်နည်းနဲ့ အမှုဖွင့်ပြီးတဲ့နောက်တော့ ဦးတင်ဝင်း(ခေါ်) ဟာဘီဘိုလာကို ပုသိမ်ထောင် ကို ပို့ဆောင်ချုပ်နှောင်ခဲ့ပါတယ်။ 

ရာမညရပ်ကွက်ကိုလည်း ချက်ခြင်း ရဲနဲ့ပြည်သူ့စစ်လုံခြုံရေးတွေချပြီး ပြဿနာမဖြစ်အောင် တာဝန်ရှိသူ
တွေ က အချိန်မီ ထိန်းခဲ့ကြပါတယ်။ 

ဒီနေရာမှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ မပေါ်ပေါက်အောင် သက်ဆိုင်ရာ တာဝန်ရှိ သူတွေက အချိန်မီလုပ်ဆောင်ခဲ့တာကိုလည်း ချီးကျူးရမှာဖြစ်ပါတယ်။ 

ဒီထက်ပိုပြီး ချီးကျူးသင့်တာကတော့ ရာမည (၅) လမ်းက ဒေသခံအမျိုးသမီးတွေပဲဖြစ်ပါတယ်။ သူတို့ အနေနဲ့ ခုလို အမှုအခင်းကြီးတခု ဖြစ်လာပေမယ့် ဒီအပေါ်မှာ ဥပဒေမဲ့တဲ့အပြုအမူတွေ မလုပ်ဆောင်ခဲ့ဘဲ တရားဥပဒေအတိုင်း စီမံဆောင်ရွက်ဖို့ သတိရှိရှိနဲ့ လုပ်ဆောင်ခဲ့တာဟာ အင်မတန်ချီးကျူးစရာ ကောင်းတဲ့ အချက်ပဲဖြစ်ပါတယ်။ 

တကယ်တော့ ပုသိမ်မြို့မှာ အခုလို ဘာသာ ၂ ခု ထိပ်တိုက်တွေ့နိုင်တဲ့ ပြဿနာမျိုး လူမသိ သူမသိ ဖြစ် ပွားနေတာ ၅ ခုလောက်ရှိပါပြီ။ အဲ့လိုတွေဖြစ်လာတိုင်းမှာ မြို့ခံတွေဟာ ဒေါသကို ရှေ့တန်းမတင်ဘဲ အသိတရားရှိရှိနဲ့ တရားဥပဒေအတိုင်းဖြစ်အောင် လုပ်ဆောင်ခဲ့ကြလို့သာ ပုသိမ်မြို့ဟာ ဒီနေ့အချိန်အထိ တည်ငြိမ်အေးချမ်းနေတာ ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးပိုင်းကလည်း ဘာသာကြီး ၂ ခု ထိပ်တိုက်တွေ့နိုင်တဲ့ပြဿနာတွေကို အဓိက အလေးထား
စောင့်ကြည့်ပြီး ဖြစ်လာတာနဲ့ ချက်ခြင်းလုံခြုံရေးချပြီး မီးစ မီးပွားတွေ ကြီးထွားမလာအောင် အချိန်မီ ငြှိမ်းသတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

လူဆိုတာ ဘယ်ဘာသာဝင်ရယ်မှ မဟုတ်ပါဘူး။ ပုထုဇဉ်သဘောအရ အမှားကင်းတယ်ဆိုတာလည်း မရှိပါ ဘူး။ အမှုအခင်းဆိုတာကလည်း နေ့စဉ်နဲ့အမျှ ဖြစ်နေကြတာပါပဲ။ ကျူးလွန်သူကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဖို့သာ အရေးကြီးပါတယ်။ 

ရာဇ၀တ်မှု အမှုအခင်းတွေအပေါ်မှာ လူမျိုးရေး၊ ဘာသာရေးတံဆိပ်ကပ်ပြီး နိုင်ငံကို မတည်မငြိမ် ဖြစ်
အောင်၊ ဒီမိုကရေစီလမ်းကြောင်းကို ယိမ်းယိုင်သွားအောင် လူတစုက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့ ကြလို့ မိတ္ထီလာ၊ လားရှိုးအပါအ၀င်မြို့ကြီးတွေ မီးဟုန်းဟုန်းတောက်ခဲ့ကြပါတယ်။ 

ကျနော်မီဒီယာသမားတယောက်အနေနဲ့ ထူးခြားတဲ့ မှတ်တမ်းတွေ၊ အခြေအနေတွေကို မှတ်တမ်းတင်ဖို့ တာဝန်ရှိတဲ့အလျှောက် ရာဇ၀တ်မှုကို ရာဇ၀တ်မှုအဖြစ် ရှင်းလင်းစွာရှုမြင်ပြီး ဥပဒေအတိုင်းလုပ်ကိုင်
ဆောင်ရွက်ခဲ့ကြတဲ့ ပုသိမ်မြို့ခံတွေကို ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ 

ဂုဏ်ယူပါတယ် ပုသိမ်မြို့ 

ဆလိုင်းသန့်စင် 
http://mmplayboys.blogspot.jp/2013/10/blog-post_5649.html

No comments:

Post a Comment