CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, October 5, 2013
မန္တလေး ကုသိုလ်တော် ဘုရားဝင်း အတွင်းမှ ကျောက်စာချပ်များ တည်ရှိရာ နေရာတွင် ယူနက်စကိုမှ အထိမ်းအမှတ် ကျောက်စာတိုင် လာရောက်စိုက်ထူမည်
ကမ္ဘာ့မှတ်တမ်း စာရင်းဝင်အဖြစ် မြန်မာနိုင်ငံ၌ ပထမဆုံး ဖော်ပြခြင်း ခံရသည့် မန္တလေး ကုသိုလ်တော် ဘုရားဝင်း အတွင်းမှ ကျောက်စာချပ်များ တည်ရှိရာ နေရာတွင် ယူနက်စကိုမှ အသိအမှတ်ပြုသည့် အနေဖြင့် အထိမ်းအမှတ် ကျောက်စာတိုင် လာရောက်စိုက်ထူမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုမှ တရားဝင် အသိအမှတ်ပြုသည့် အနေဖြင့် ကုသိုလ်တော် ဘုရားဝင်း အတွင်း၌ ယင်းကဲ့သို့ အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး ဌာနခွဲ) မှ စုံစမ်းသိရသည်။
"မြန်မာနိုင်ငံမှာ ပထမဆုံး အနေနဲ့ ကမ္ဘာ့မှတ်တမ်း စာရင်းဝင် ဖြစ်ခဲ့တဲ့ ကုသိုလ်တော် ဘုရားဝင်း အတွင်းက ကျောက်စာချပ်တွေကို ယူနက်စကိုက တရားဝင် အသိအမှတ် ပြုတယ်လို့ ပြသတဲ့ အနေနဲ့ အထိမ်းအမှတ်ကျောက်စာ စိုက်ထူသွားမှာ ဖြစ်ပါတယ်။ ယူနက်စကိုက တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်ပြီးတော့ စိုက်ထူသွားမှာပါ။ စိုက်ထူမယ့် အချိန်ကတော့ အတိအကျ မသိရသေးပါဘူး" ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မန္တလေးတောင်ခြေ ကုသိုလ်တော် ဘုရားဝန်းတွင် စိုက်ထူထားသည့် ပဉ္စမ သင်္ဂါယနာတင် ပိဋကတ်သုံးပုံအား ကျောက်ထက်အက္ခရာ တင်ထားသည့် ကျောက်စာများကို ၂၀၁၂ ခုနှစ် အတွင်းက ယူနက်စကိုသို့ တင်သွင်းခဲ့ရာ ယခု ၂၀၁၃ ခုနှစ် ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်စာရင်း (Memory of World)တွင် ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရသည်။
ကမ္ဘာ့ အမွေအနှစ်စာရင်း (Memory of World) တွင် ထည့်သွင်းဖော်ပြခြင်း ခဲ့ရပြီး (The World's Biggest Book) ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် ကုသိုလ်တော်ဘုရားဝင်း အတွင်းတွင် တည်ရှိသည့် ကျောက်စာချပ်များကို မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် စတင်ထွင်းထုခဲ့ပြီး ၁၂၃၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ မာတိကာအလိုက် ကျောက်စာများမှာ (က) သုတ္တန်သုံးကျမ်း ကျောက်စာအချပ် ၄၁၀၊ (ခ) ၀ိနည်းငါးကျမ်း ကျောက်စာ ၁၁၁ ချပ်၊ (ဂ) အဘိဓမ္မာ ခုနစ်ကျမ်း ကျောက်စာ ၂၀၈ ချပ်၊ သမိုင်းကျောက်စာ တစ်ချပ် စုစုပေါင်း ပိဋကတ်သုံးပုံ ပါဠိတော် ကျောက်စာချပ်ပေါင်း ၇၂၉ ချပ် ဖြစ်သည်။ ကျောက်စာ တစ်ချပ်လျှင် ဓမ္မစေတီ တစ်ဆူနှုန်းဖြင့် ၁၃ ဧက ကျယ်ဝန်းသည့် စေတီပရိဝုဏ် သုံးထပ်အတွင်း၌ စိုက်ထူထားကြောင်း သိရသည်။
မန္တလေး ကောင်းမှုတော် ဘုရားအတွင်းရှိ ကျောက်စာချပ်များအား တွေ့ရစဉ်
Eleven Media Group
မန္တလေး ကုသိုလ်တော် ဘုရားဝင်း အတွင်းမှ ကျောက်စာချပ်များ တည်ရှိရာ နေရာတွင် ယူနက်စကိုမှ အထိမ်းအမှတ် ကျောက်စာတိုင် လာရောက်စိုက်ထူမည်
Reviewed by VC
on
October 05, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment