Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 5, 2013

သွေးပေါင် ကျခြင်း၊ တက်ခြင်း နှင့် သွေးအားနည်းရောဂါ


ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု
သွေးပေါင် ကျခြင်း၊ တက်ခြင်း နှင့် သွေးအားနည်းရောဂါ

သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်း ရောဂါလက္ခဏာ နှစ်ခုဟာ ခပ်ဆင်ဆင်တူနေတဲ့အတွက် ဒီရောဂါ နှစ်ခုဟာ အတူတူပဲလို့  လူအများစုက တွေးထင်နေကြပါတယ်။ တစ်ချို့ မတူဘူးဆိုတာ သိနေကြတဲ့ လူတွေတောင်မှပဲ သွေးပေါင်ကျနေရင် ဒါဟာ သွေးအားနည်းရောဂါရှိနေလို့  လို့ တွေးထင်နေတတ်ကြပါတယ်။ တစ်ကယ်တမ်းမှာတော့ ဒီရောဂါနှစ်ခုရဲ့ဖြစ်ရိုးဖြစ်စဉ် အရင်းအမြစ်တွေဟာ လုံးဝ ခြားနားပါတယ်။ တစ်ခါတစ်ရံမှာ သွေးအားနည်းရောဂါရဲ့နောက်ဆက်တွဲကြောင့်
သွေးပေါင်ကျလာတာမျိုးတွေဖြစ်တတ်ပေမယ့် သွေးအားနည်းတိုင်း သွေးပေါင်ကျလာမှာ မဟုတ်သလို၊ သွေးပေါင်ကျတိုင်းလည်း သွေးအားနည်းလို့ မဟုတ်ပါဘူး။ ဘာလို့  သွေးပေါင်ကျတယ်၊တက်တယ်၊ ဘာကြောင့်သွေးအားနည်းတယ် ဆိုတဲ့ အခြေခံအကြောင်းအရာ လေးတွေကို ကွဲကွဲပြာပြားသိထားရအောင်လို့အနည်းငယ် တင်ပြလိုပါတယ်။

Blood Pressure (သွေးပေါင်ချိန် သို့ မဟုတ် သွေးဖိအား)
နှလုံးဟာ တစ်ချက်ခုန်တိုင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အတွက်လိုအပ်တဲ့ သွေးတွေကို ညှစ်ထုတ်ပေးနေပါတယ်။ သွေးတွေဟာ ခန္ဓာကိုယ်အနှံ့ ရွေ့ လျားနေတဲ့ အလျောက်သွေးကြောနံရံတွေကို တွန်းတိုက်သွားပါတယ်။ ရေဘုံဘိုင်က ထွက်လာတဲ့ရေတွေဟာ ရေပိုက်အပျော့တွေထဲကို စီးဆင်းသွားနေသလို ပါပဲ။ အဲ့ဒိလို စီးဆင်းနေတဲ့ အချိန်မှာဖြစ်ပေါ်လာတဲ့ တွန်းတိုက်အား ကို သွေးပေါင်ချိန်လို့ သတ်မှတ်တာပါ။ သွေးကြောတွေကျဉ်းနေပြီး စီးဆင်းလာတဲ့သွေးတွေများနေတယ် ဆိုရင် သွေးကြောတွေဟာ တင်းမာနေမှာပါ။ တိုင်းကြည့်လိုက်မယ်ဆိုရင်တော့ သွေးပေါင် တက်နေတာပေါ့။ သွေးကြောတွေကျယ်နေပြီး စီးဆင်းနေတဲ့သွေးတွေဟာ နည်းနေမယ်ဆိုရင်တော့ သွေးကြောတွေဟာ ပျော့နေပြီး သွေးပေါင်ကျနေမှာပါ။
ဆေးခန်းသွားလို့ သွေးပေါင်တိုင်းတဲ့ အချိန်မှာ အပေါ်သွေးက ဘယ်လောက်၊အောက်သွေးက ဘယ်လောက်ဆိုပြီး ပြောတာမျိုးတွေကို လည်းကြားဖူးမှာပါ။ အဲ့ဒိတော့ အပေါ်သွေး၊အောက်သွေး ဆိုတာဘာတွေလဲဆိုတာကိုလဲသိထားသင့်ပါတယ်။ နှလုံး အဆို့ ရှင်တွေပွင့်ပြီး နှလုံးက သွေးတွေညှစ်ထုတ်တဲ့ အချိန်မှာ သွေးကြောတွေဟာ သွေးပြည့်ပြီးတင်းမာနေပါတယ်။ အဲ့ဒိအချိန်မှာတိုင်းလိုက်တဲ့ သွေးပေါင်ချိန်ကို အပေါ်သွေးလို့ သတ်မှတ်နိုင်ပါတယ်။ နှလုံးအဆို့ ရှင်တွေပြန်ပိတ်လိုက်ပြီး သွေးတွေကို မထုတ်တဲ့အချိန်မှာတော့ သွေးကြောတွေဟာ ပုံမှန်အတိုင်းရှိနေမှာပါ၊ အဲ့ဒိအချိန်မှာ တိုင်းလိုက်ရင်တော့ အောက်သွေးကို ရပါတယ်။ ဒါကြောင့် ပုံမှန်လူတွေမှာ အပေါ်သွေးက အောက်သွေးထက်အမြဲများနေတာကို တွေ့ ရမှာပါ။ ဆေးစာအုပ်တွေမှာ BP 120/80 mmHg လို့ ရေးထားမျိုးတွေတွေ့  ရမှာ။ BP ဆို တာ Blood Pressure( သွေးပေါင်ချိန်) ကိုပြောတာဖြစ်ပြီး 120 ဆိုတာက အပေါ်သွေး၊ 80 ကတော့အောက်သွေးပေါ့။ ပုံမှန်လုတွေမှာတော့ အပေါ်သွေး ၁၂၀ပတ်ဝန်းနဲ့  အောက်သွေး ၈၀ ပတ်ဝန်းခန့် စီ ရှိတတ်ကြပါတယ်။ အပေါ်သွေး ၁၄၀ကျော် နဲ့  အောက်သွေး ၉၀ ကျော်ပြီဆိုရင်တော့ သွေးတိုးရောဂါရှိပြီ လို့ မှတ်နိုင်ပါတယ်။ အပေါ်သွေး ၉၀အောက်နဲ့  အောက်သွေး၆၀ အောက်ဆိုရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒါပေမယ့် လူတစ်ယောက်ချင်းစီရဲ့  သွေးပေါင်ချိန်တွေဟာ ကွဲပြားခြားနားနိုင်တဲ့အတွက် ကိုယ့်ရဲ့ ပုံမှန်သွေးပေါင်ချိန်ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာပြီးမှတ်သားထားသင့်ပါတယ်။

Anaemia (သွေးအားနည်းရောဂါ)
သွေးအားနည်းရောဂါ အကြောင်းကို မပြောခင် သွေးအကြောင်းကို အနည်းငယ်ရှင်းပြပါရစေ။ သွေးထဲမှာ Plasma (သွေးရည်ကြည်) တွေပါပါတယ်။ အဲ့ဒိသွေးရည်ကြည်တွေထဲမှာတော့ Red Blood Cells (သွေးနီဥ)၊ White Blood Cells(သွေးဖြူဥ)၊ Platelets( သွေးဆဲလ်မွှား) တွေနဲ့ Proteins(အသားဓာတ်) တွေပါဝင်ပါတယ်။ သွေးနီဥတွေထဲမှာတော့ Haemoglobin(ဟေမိုဂလိုဘင်) လို့  ခေါ်တဲ့ အနီရောင်ချယ်ပစ္စည်းလေးတွေပါတယ်။ သွေးနီဥတွေနဲ့ ဟေမိုဂလိုဘင် တွေကို ရိုးတွင်းချဉ်ဆီတွေကနေ ထုတ်လုပ်ပေးတာဖြစ်ပြီး သူတို့ ကို နေ့ စဉ်မှန်မှန် အဆက်မပြတ်ထုတ်လုပ်ပေးနိုင်ဖို့ အတွက် သံဓာတ်၊ ဗီတာမင် ဘီ12 နဲ့  ဖောလစ်အက်ဆစ်တွေကို မရှိမဖြစ်လို အပ်ပါတယ်။
အကယ်၍ ရိုးတွင်းချဉ်ဆီမကောင်းလို့ ဖြစ်စေ၊ လိုအပ်ချက်တစ်ခုခု မပြည့်စုံလို့ သွေးနီဥနဲ့ ဟေမိုဂလိုဘင်တွေကို မထုတ်လုပ်နိုင်တဲ့အခါဖြစ်စေ၊ သွေးထွက်လွန်တဲ့အခါမှာဖြစ်စေ၊ သွေးကင်ဆာကဲ့သို့ သွေးရောဂါတစ်ခုခု ရှိတဲ့အချိန်မှာဖြစ်စေ၊ သွေးထဲမှာ ဟေမိုဂလိုဘင်တွေရဲ့ပမာဏ အပြည့်အ၀ မရရှိတာကို သွေးအားနည်းတာလို့ ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ သွေးအားနည်းတယ်ဆိုတာ သွေးထဲမှာ ဟေမိုဂလိုဘင်တွေနည်းနေတာကို ပြောတာပါ။ ပုံမှန် ရှိရမယ့် ဟေမိုဂလိုဘင်ပမာဏတွေကတော့
အသက်/လိင်
ဟေမိုဂလိုဘင်(g/dl)
ကလေး (၆လ မှ ၅နှစ်)
၁၁ မှ ၁၃
ကလေး (၅နှစ် မှ ၁၂နှစ်)
၁၁.၅ မှ ၁၃.၅
ဆယ်ကျော်သက် ( ၁၂နှစ်မှ ၁၅နှစ်)
၁၂ မှ ၁၆
အမျိုးသမီး ( ၁၅နှစ်အထက်- ကိုယ်ဝန်မရှိ)
၁၂ မှ ၁၆
ကိုယ်ဝန်ဆောင် အမျိုးသမီး
၁၁ မှ ၁၃
အမျိုးသား ( ၁၅ နှစ်အထက်)
၁၃ မှ ၁၇
တို့ ဖြစ်ပါတယ်။
သွေးပေါင်ကျခြင်း၊ တက်ခြင်း နဲ့ သွေးအားနည်းခြင်း တို့ ကို ကွဲကွဲပြားပြားသိနိုင်ရန်အတွက်ဖော်ပြလိုက်ပါတယ်။

မေသူ-သံတွဲ(ဆေးဝါးတက္ကသိုလ်)
Education Digest Journal

No comments:

Post a Comment