Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

တိုက်တန်းနစ်ပေါ်က ချစ်သက်သေ တယောတစ်လက် လေလံပွဲတွင် စံချိန်တင် အရောင်းထွက်


Tuesday, October 22, 2013

တိုက်တန်းနစ်သင်္ဘော နစ်မြုပ်စဉ်က သင်္ဘောမှ တီးဝိုင်းခေါင်ေးဆာင် ဝေါလေ့စ်ဟာလီ တီးခတ်ခဲ့သော တယောကို လေလံတင် ရောင်းချခဲ့ရာ မထင်မှတ်ဘဲ ပေါင်ကိုးသိန်း (ဒေါ်လာ ၁ဒဿမ၅ သန်း) ရခဲ့သဖြင့် စံချိန်တင်ဈေး ဖြစ်ခဲ့ရသည်။ ဆားငံရေဒဏ် ခံထားရပြီး ကြိုးနှစ်ခေါင်းတည်းသာ ရှိတော့သည့် ထိုတယောကို လေလံတင်သူ များကိုယ်တိုင်က ပေါင် နှစ်သိန်း၊ သုံးသိန်းဝန်းကျဖြင့် ရောင်းထွက်လိမ့်မည်ဟု ထင်ထားကြပြီး အများဆုံး ပေါင်လေးသိန်းထက် မကျော်ဟု မျှော်လင့်ထားခဲ့ကြသော်လည်း ရလာဒ်မှာ အဆမတန် များပြားနေခဲ့သည်။

တယောကို ၁၉၁၂ ဧပြီလ ၁၅ရက်က လူပေါင်း ၁၅၀၀ ကျော် အဖြစ်ဆိုးတိုးခဲ့သော တိုက်တန်းနစ် သင်္ဘောနစ်မြုပ်အပြီး ရောက်လာသည့် ကယ်ဆယ်ရေးတပ်သားများက တွေ့ခဲ့ခြင်းဖြစ်သည်။

ဝေါလေ့စ်သည် သူ၏ချစ်သူထံမှ ရခဲ့သော ထိုတယောကို ရေခဲတမျှ အေးသော အတ္တလန်တိတ်ဝယ် သားရေအိတ်ထဲထည့်ကာ အိတ်ကို ကိုယ်တွင် တင်းကျပ်စွာ သိုင်းဖက်ရင်း သေဆုံးသွားခဲ့သည်။

တိုက်တန်းနစ် ဇာတ်ကားကြီးတွင် သူထိုးခဲ့သော Nearer My God To Thee ကိုပင် ပြန်လည်ဖော်ထုတ်ကာ ဖြစ်ရပ်မှန်အတိုင်း ရိုက်ကူးခဲ့သဖြင့် သူ့လက်ရာကို ကမ္ဘာ့ပရိသတ်အများစု ကြားခဲ့ပြီးဖြစ်သည်။

တယောကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် သူ၏ ချစ်သူ မာရီယာ ရောဘင်ဆန်ထံ ပြန်ရောက်သွားခဲ့သည်။ မစ္စရော်ဘင်ဆန်၏ ဒိုင်ယာရီအရ ၁၉၁၂ခုနှစ် ဇူလိုင်၁၉ရက်တွင် Nova Scotia ပြည်နယ်အတွင်းရေးမှူးမှ တစ်ဆင့် သူ့မထံသို့ တယော ပြန်ရောက်လာသည်ဟု ရေးသားထားသည်။

ချစ်သူ၏ တယောကို ပြန်ရ၍ ကူညီခဲ့သူအားလုံးကို နှလုံးသားနှင့်ရင်းကာ အထူးကျေးဇူးတင်ကြောင်းလည်း ရေးသားထားသည်။ သူမသည် ၁၉၃၉ခုနှစ် ကွယ်လွန် သည့်တိုင်အောင် အိမ်ထောင်မပြုခဲ့ပေ။

နောက်ပိုင်းတွင် သူမ၏ ညီမမာဂရက်က Birdlington ကယ်တင်ခြင်းတပ်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးရန်ဝိစ်ခ်ထံ တယောကို လက်လွှဲခဲ့ပြီး တိုက်တန်းနစ်နှင့် ပတ်သတ်သော တူရိယာဖြစ်ကြောင်း ပြောပြခဲ့သည်။ ရန်ဝိစ်ခ်က သူ၏ အဖွဲ့ထဲမှ တယောဆရာထံ တစ်ဆင့်လက်လွှဲပြန်သည်။ ထို့နောက် ၁၉၄၀ ပြည့်နှစ်ကာလအတွင်း ယခုလေလံတင်သူ၏ မိခင်ထံ နောက်ဆုံးရောက်သွားခဲ့သည်။

၂၀၀၆ခုနှစ်တွင် သူမ၏ သားက ရော့ရိုင်းယားရှိ နေအိမ်ထပ်ခိုးတွင် သိမ်းထားသော တယောကို ရှာတွေ့ခဲ့သည်။ ထိုအခါ တိုက်တန်းနစ်နှင့် ပတ်သတ်သော ကျွမ်းကျင်ပညာရှင်လည်းဖြစ်၊ လေလံတင်သူလည်းဖြစ်သူ ဟင်နရီအလန်အယ်ဒရစ်ခ်ျနှင့် သား လက်သို့ အပ်ကာ လေလံတင်ရန် စီစဉ်ခဲ့သည်။

ဟင်နရီ အလန်အကယ်ဒရစ်ခ်ျနှင့် သားတို့သည် ယင်းတယောကို အစစ်အမှန်ဟုတ်မဟုတ် ခုနှစ်နှစ်ကြာ စစ်ဆေးပြီးနောက်မှ ပစ္စည်းစစ်မှန်ကြောင်း အတည်ပြုကာ လေလံတင်စေခဲ့ခြင်းဖြစ်သည်။

မှတ်တမ်းများအရ တိုက်တန်းနစ်မှ ကျန်ရှိပစ္စည်းများ ရောင်းချမှုတွင် လွန်ခဲ့သော နှစ်နှစ်က ပေါင်နှစ်သိန်းနှစ်သောင်း ရရှိခြင်းသည် ယခုလေလံပွဲမှ အပ အမြင့်ဆုံး ရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရောင်းရငွေမှာ ပေါင် ၁ဒဿမ၁သန်းအထိ ရှိခဲ့သည်။

Ref: AP, Mail Online
မြန်မာ့ခေတ်

No comments:

Post a Comment