Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

မိုင်လီနှင့် နှိုင်းယှဉ်မှုများအပေါ် အလေးမထားသည့် ဆယ်လီနာ

မိုင်လီသည် ယခုအခါ လူငယ်ပုံရိပ်ကို လုံးဝစွန့်ခွာပြီး ညှို့ဓာတ်ပြင်းပြသည့် အဆိုတော် တစ်ဦးအဖြစ် လမ်းကြောင်းပြောင်းသွားခဲ့ပြီး ယင်းအခြေအနေသည် ဆယ်လီနာ့အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့

မိုင်လီနှင့် နှိုင်းယှဉ်မှုများအပေါ် အလေးမထားသည့် ဆယ်လီနာ
မိုင်လီဆိုင်းရပ်စ်နှင့် နှိုင်းယှဉ်၍ ဝေဖန်မှု၊ အကြံပြုမှုများအပေါ် သူမအနေဖြင့် နားယောင်မည် မဟုတ်သလို ကိုယ်ပိုင် အမြင်ဖြင့်သာ ရှေ့ဆက်မည်ဟု ဆယ်လီနာဂိုမက်ဇ်က ပြောကြားလိုက်သည်။ ဆယ်လီနာနှင့် မိုင်လီတို့သည် အသက်အရွယ် မတိမ်းမယိမ်း ရှိကြသလို ကလေးသရုပ်ဆောင် ဘဝကတည်းက Disneyက စင်တင်ပေးခဲ့သူများ ဖြစ်ကြသည်။ မိုင်လီသည် ယခုအခါ လူငယ်ပုံရိပ်ကို လုံးဝစွန့်ခွာပြီး ညှို့ဓာတ်ပြင်းပြသည့် အဆိုတော် တစ်ဦးအဖြစ် လမ်းကြောင်းပြောင်းသွားခဲ့ပြီး ယင်းအခြေအနေသည် ဆယ်လီနာ့အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း Disney၏ တက်သစ်စ ကြယ်ပွင့်လေးများအဖြစ် အတူတကွ တောက်ပခဲ့ဖူးသော မိုင်လီနှင့် မိမိတို့ကြား အရာရာ တူညီအောင် နှိုင်းယှဉ်နိုင်မည် မဟုတ်ဟု ဆယ်လီနာက မှတ်ချက်ပြုခဲ့သည်။

အသက်(၂၁)နှစ်ရှိ ဆယ်လီနာက "နေ့တိုင်းလိုလို ကျွန်မကို အကြံပေးနေတာတွေ အများကြီး ကြုံရတယ်။ ဒီထက်ပိုပြီး Sexyဖြစ်သင့်တယ်၊ ဒါမှမဟုတ် ဒီထက်ပိုပြီး အေးဆေး တည်ငြိမ်သင့်တယ် ဆိုတာမျိုးတွေပေါ့။ ကျွန်မကို ချစ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကျွန်မဟာ ပရိသတ်တွေ ချစ်ခင်လာအောင် ဘာမှ ပြောင်းလဲနေစရာ မလိုဘူးလို့ ထင်ပါတယ်။ ဒီအခန်းထဲကို ကြည့်လိုက်ပါ။ ကျွန်မကို ချစ်တဲ့သူတွေ အများကြီးပဲ မဟုတ်လား"ဟု ဖျော်ဖြေပွဲ တစ်ခုတွင် ပရိသတ်များအား ရည်ရွယ် ပြောကြားခဲ့သည်။

ရေဒီယို အစီအစဉ် တစ်ခုတွင် ဆယ်လီနာအား မိုင်လီကဲ့သို့ ဝတ်လစ်စားလစ် ဂီတဗီဒီယိုတစ်ခု ရိုက်ကူးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ဆယ်လီနာက "ဒီမှာရှင့်။ ကျွန်မက လူတစ်ယောက်အကြောင်း ကောင်းတယ်၊ မကောင်းဘူး ဆိုတာတွေ မပြောချင်ဘူး။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင် အယူအဆနဲ့ ရွေးချယ်မှု ရှိပါတယ်။ လူတိုင်းဟာ ကိုယ့်ခရီး ကိုယ်သွားနေတာပါပဲ။ အဆုံးတစ်နေ့မှာ ကိုယ်ရွေးချယ်ခဲ့တဲ့ အရာကို ချစ်ခင်သင့်ကြောင်း ကိုယ်တိုင် ခံစားယုံကြည်ဖို့ပဲ အရေးကြီးတယ်။ ဒါဟာ ပုံသေနည်း တစ်ခုတော့ မဟုတ်ဘူး။ ကျွန်မအနေနဲ့ အပြောင်းအလဲ တစ်ခုခု လုပ်မလား ဆိုတာကိုလည်း မသိသေးပါဘူး"ဟု ပြောကြားခဲ့သည်။

သူမက "ကျွန်မဟာ (၁၅)နှစ် သမီးလို ခံစားဖူးတယ်။ (၂၁)နှစ် အရွယ်နဲ့ ကိုက်ညီတဲ့ ခံစားချက်လည်း ရှိတယ်။ အိမ်မှာထိုင်ပြီး Friends ဇာတ်လမ်းတွဲတွေ ကြည့်မိတဲ့အခါ အသက်(၃၀)အရွယ်လို ခံစားမိလိမ့်မယ်။ ဒါကြောင့် ကျွန်မရဲ့ အရွယ်က စပ်ကူးမတ်ကူး အခြေအနေအတွက် အပြည့်အဝ သင့်တော်ပြီလား ဆိုတာကို ကျွန်မကိုယ်တိုင် တကယ်ပဲ အဖြေမရှာတတ်ဘူး"ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar Network

No comments:

Post a Comment