Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

လယ်ယာမြေပြဿနာများ ကူညီ၍ အကျဉ်းကျသူများကို စာရင်းပြုစုကာ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ညှိနှိုင်းမည်

နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၁ မိနစ်

လယ်ယာမြေပြဿနာများအား ကူညီဆောင်ရွက်ပေးသဖြင့် အမှုရင်ဆိုင်နေရသူများ၊ အကျဉ်းကျနေသူများကိုနိုင်ငံရေး အကျဉ်းသားများကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်ရန် စာရင်းပြုစုကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ သိရသည်။

“လယ်သမားတွေက လယ်သိမ်းခံရလို့ ပြဿနာတွေတတ်တဲ့အချိန်မှာ သူတို့တွေက ဥပဒေလည်း နားမလည်ကြဘူး၊ အဲ့ဒီတော့ လယ်သမားရေး တတ်ကြွလှုပ်ရှားသူတွေက ကူညီကြတယ်၊ အဲ့ဒါကို အရေးယူမှုတွေက ရှိနေတော့ ဒီလယ်သမားတွေပဲ နောက်ပိုင်းမှာ ပိုဒုက္ခရောက်မှာ။ အဲ့ဒီတော့ ဒီလိုအဖြစ်တွေက မရှိသင့်ဘူး၊ အဲ့ဒါကြောင့် လယ်သမား ကိစ္စနဲ့ အကျဉ်းကျနေတဲ့သူတွေကိုလည်း စာရင်းလုပ်ပြီး လွှတ်ပေး ဖို့တင်ပြဖို့ကို လုပ်ဆောင်မယ်”ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တောင်သူလယ် သမားရေးရာဌာနမှ အဖွဲ့ဝင် ဦးမျိုးသန့်က မဇ္ဈိမကို ပြောသည်။

တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် ပြဿနာများအပေါ်တွင် လွှတ်တော်နှင့် အာဏာပိုင်များဘက်မှဖြေရှင်းပေးနေသည်ဆိုသော်လည်း ယခုအချိန်ထိ ထိရောက်မှုမရှိသည့်အပြင် လယ်သမားရေး လိုက်လံဆောင်ရွက်နေသည့် တောင်သူလယ်သမား အဖွဲ့အစည်းများ၊ တောင်သူလယ်သမားသမဂ္ဂများကိုပင် အရေးယူမှုများရှိနေသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တောင်သူ လယ်သမားရေးရာဌာနမှ အဖွဲ့ဝင်ဦးမျိုးသန့်ကပြောသည်။

၈၈ မျိုးဆက်၊ တောင်သူလယ်သမားရေးရာဌာနမှ စာရင်းကောက်ယူထားမှုအရ အကြမ်းဖျင်းအားဖြင့် အမှုကြီး ၂၁ မှုအပြင် ကျန်သည့် အမှုသေးများလည်း ရှိသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတောင်သူလယ်သမားရေးရာဌာနမှ ဥက္ကဋ္ဌဦးထွန်းမြင့်အောင်က ပြောသည်။

“ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်နေတဲ့သူတွေကို အမှုတွေလည်း ရုပ်သိမ်းပေးပြီး ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်”ဟု ဦးထွန်းမြင့်အောင်က သုံးသပ် ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံး၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသနေ တောင်သူလယ်သမား လူတန်းစားများနှင့် လယ်ယာမြေပေါ်တွင် အမှီပြုနေထိုင်နေကြသူများဖြစ်ပြီး ထိုသူအားလုံးနီးပါးသည် လယ်ယာ မြေပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် လက်ရှိသုံးစွဲနေသည့် လယ်ယာမြေဥပဒေများသည် လယ်ယာမြေပေါ်တွင် အဓိက မှီခို လုပ်ကိုင်နေကြသည့် တောင်သူလယ်သမားများအား ကာကွယ်ပေးနိုင် မှုမရှိခြင်းကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဟု ၈၈ မျိုးဆက် တောင်သူလယ်သမားရေးရာဌာနက ဆိုသည်။

လယ်သမားအရေး ဆောင်ရွက်သူများအား အရေးယူမှုများ မရှိစေရန်နှင့် လယ်ယာမြေဆိုင်ရာ ပြဿနာများတွင် မသမာမှုများ၊ တာဝန်ပျက်ကွက်မှုများ၊ အာဏာအလွဲသုံးစားလုပ်မှုတို့ကို စောင့်ကြည့်ရန် လူမှု အရပ်ဘက် အဖွဲ့ အစည်းများ၊ လယ်သမားရေးရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ သမဂ္ဂများအား တရားဝင် ဖွဲ့ခွင့်ပေးရန်လည်း စီစဉ်နေသည်ဟု ဦးထွန်းမြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေများသည် ၂၀၁၂ ခုနှစ် အတွင်း အာဏာသက်ရောက်ခဲ့သည်။

No comments:

Post a Comment