Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 1, 2013

" ဟစ်တစ်လုံး ၏ ဖုံးမှတ်တမ်း "


တစ်နေ့သ၌ကျွန်ုပ်သည် ကျွန်ုပ်တာဝန်ကျရာ အခြေခံဥပဒေ ပြင်ဆင်ရေး အကြံဥာဏ်လက်ခံရေး ရုံးတွင် တာဝန်ထမ်းဆောင်နေသခိုက် ကျွန်ုပ်ရှေ့စားပွဲပေါ်မှ ဖုံးမည်လာသဖြင့် ကမန်းကတန်း ကောက်ကိုင်လိုက်သည် ။
" ကလိန် ကလိန် "
" ဟုတ်ကဲ့ ပါ"
" အကြံဥာဏ် လက်ခံရေးဌာန ကလား "
" ဟုတ်ပါတယ် ခင်ဗျာ ,, အမိန့်ရှိပါ "
" ကျွန်မ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အကြံပေးချင်လို့ပါ "
" ဟာ ,, ဝဲကမ်းပါ,, ပေးပါခင်ဗျာ ,, ပေးပါ "
" ကျွန်မက အခြေခံဥပဒေ စာအုပ် အရောင်ကြီးကို မကြိုက်ဘူး ,,,အဲဒါ ပြင်ဖို့ အကြံပေးချင် တယ်,, ကြံ့ အရောင်ကြီး ဖြစ်နေတယ်,,"
" ဗျာ ,,ကြံ့ ဟုတ်လား ,, ကြံ့ အရောင် က မဲညစ်ညစ် မဟုတ်ဘူးလား ,,ခုစာအုပ်က အစိမ်း,,,,"
" ရှင်ကလည်း တုံးလိုက်တာ ,, ကြံ့ ဆိုတာ ကြံ့ ပါတီကို ပြောတာ ရှင့်,, သူ့ပါတီ အရောင်ကြီး ဖြစ်နေတယ် ,, "
" အစ်မကြီးရယ် ,, ကြံ့ပါတီ အရောင်က ရိုးရိုးအစိမ်းပါ ,, ခုဟာက အစိမ်းပုပ် လေ"
" အို ,, ဘာပဲဖြစ်ဖြစ် ,, အစိမ်းကအစိမ်းပဲ ,, ကျွန်မက အစိမ်းဆို သားစိမ်း ငါးစိမ်းတောင် မစားဘူး"
" ခင်ဗျာ,, ဘယ်သူကကော သားစိမ်းငါးစိမ်း စားလို့ လဲဗျာ "
" စားတဲ့သူတွေ စားနေကြတာ ရှင်မသိဘူး လား ,, စစ်အစိုးရခေတ်တုံး က အမြီးကျက် အမြီးစား,,ခေါင်းကျက် ခေါင်းစား ,,အ ခု ခေတ်မှာ အစိမ်းလိုက်စား တာ ,,ကျက်အောင်တောင် စောင့် မနေတော့ဘူး ,, ကဲ ကဲ အခြေခံဥပဒေ စာအုပ်ကို ထင်သာမြင်သာ ရှိအောင် အနီရောင်လေးပါ လုပ်ပေး ,, ပြီးတော့ Transparency ဖြစ်အောင် စက္ကူ အစား ပလပ်စတစ် အကြည်လေးနဲ့ ရိုက် ,,,ပြီးတော့ တံဆိပ်က ခြင်္သေ့ ကလည်း ကြံ့ ပါတီ တံဆိပ် နဲ့ တူနေတယ် ,, အဲဒါ တစ်ခြား အကောင်ပြောင်း ပေးပါ,, "
" ဟုတ်ကဲ့ ဘာအကောင်ပြောင်း ပေးရမလဲ အကြံပြုပါဗျာ "
" မြွေ ,, ဖါး,, ငါးရှဥ့် တစ်ခုခုပေါ့ "
" ခင်ဗျားဟာ လေးကောင်ဂျင် ဖြစ်နေပြီ ,, တစ်ခြား အကောင်ပြောပါဗျာ "
" အို ကျွန်မက ရှမ်းပြည်မှာ ရဲကို လာဘ်ထိုးပြီး ၃၆ ကောင်ဖွင့်စားတာ ,, ဒီ အကောင်တွေပဲ သိတယ် ,, ကဲကဲ ခြင်္သေ့ မဟုတ်ရင်ပြီးရော ,, ကြိုက်တာထည့် ,, ဒါပဲ "
" ဟလို,, ဟလို "
သတင်းစာရှင်းလင်းပွဲတွင် ငါ့စကား နွားရ ကဘောက်တိကဘောက်ချာ ပြောပြီး သူ့ကို သတင်းထောက်များ ပြန်မမေးမှီ ထွက်ပြေးသွား သော ဝန်ကြီး တစ်ဦး ( အမည်မမှတ်မိ ဦးဆန်းကျော်လား ဦးရဲထွက် ဆိုလား မသိ ) လို သူပြောချင်တာပြောပြီး ထိုအမျိုးသမီး ဖုံးချသွားသဖြင့် ကျွန်ုပ်မှာ အမည် ၊ နေရပ်လိပ်စာ နှင့် မှတ်ပုံတင် နံပါတ်ကလေးပင် မမေးလိုက်ရ။ သို့သော် ကျွန်ုပ်သည် ဒီမိုကရေစီခေတ် ဝန်ထမ်းကောင်းပီပီ လာဘ်လာဘမရသော်လည်း တာဝန်ရှိသည့် အလျောက် သူမ၏ အကြံဥာဏ်ကို မှတ်တမ်းရေးသွင်းပြီး လက်ထဲက ဘောပင်ကို ချသခိုက် ဖုံးက မည်လာပြန်သည် ။
" ကလိန် ,, ကလိန် "
" ဟလို,, "
" ဦး,, မီး ပြောစရာရှိလို့ "
" ဗျာ,, ဖုံးများ မှားသလားဗျာ,, အကြံဥာဏ် လက်ခံရေး ကော်မတီရုံး ကပါ "
" ဟုတ်ပါတယ် ,, မီးလည်း အဲဒီကို ခေါ်တာပါ "
" ဟုတ်ကဲ့ ,, အမိန့်ရှိပါ "
" မီးက လိင်ဝါကာပါ,,,"
" ဗျာ ,, လိမ်ဝါကာ ,,,ဟုတ်လား "
ကျွန်ုပ်သည် အွန်လိုင်းတွင် လိမ်ပန်းချီ ဟူသော ဖြတ်ကပ်ညှပ် ကဗျာဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ပြီး လူထု ကဗျာဆရာ ဖြစ်အောင်ကြိုးပမ်း နေသူဖြစ်ရာ သူမ၏ စကားကို ကုန်ကြမ်းပြုရန် အတွက် ပြန်မေးလိုက် မိသည် ။
" လိင် ရှင့် ,,, လိင်,, လိင်,, လိင် ,,,ဂျရစ် ,, ဂျရစ်,, ဖုံးတွေကလည်း ဘယ်သူ တက်တက် မကောင်း ပါဘူး ,, mpt ကလည်း တကတည်း မှပဲ ,,, ဘယ်ခေတ်ဖြစ်ဖြစ် မကောင်းဘူး ,, သူ့ ကြောင့် အော်ဒါ တွေလည်း လွတ်ပေါင်း များပြီ ,, "
" ကဲ ကဲ ,, အမိန့်ရှိပါဗျာ "
" မီးတို့ အလုပ်သမ တွေ အတွက် အခြေခံဥပဒေ မှာ လူ့အခွင့်အရေး ဆိုင်ရာ ပြဌာန်းချက် တစ်ပိုဒ် ထဲ့ ပေးပါ ,, လိင်ပါတီ ထောင်ခွင့် ,, လိင်လုပ်ငန်း လုပ်ကိုင်ခွင့် ,, လိင်အသင်းအဖွဲ့ ဖွဲ့ခွင့် ,,လိင်,,,, "
" အဲ,,, အဲဒါက အခြေခံ ဥပဒေနဲ့ မဆိုင်ဘူးဗျ ,, နည်းဥပဒေ ဖြစ်နေတော့ ,, အဲ ,, လွှတ်တော် အမတ် ဒေါ်လမင်း ဆိုတာက အဲဒီကိစ္စ တင်တာကြားဖူးတယ် ,, သူ့ဆီ ဆက်သွယ် လိုက်ပါ ခင်ဗျာ "
" ဟာ ,, ဦးပဲ ဆက်အကြံပြုပေးပါ,, ခဏလေး ခဏလေး ,, မီးသူငယ်ချင်းက လည်း အကြံပြုချင်လို့ တဲ့ "
" ဟုတ်ကဲ့ပါဗျာ,, ဟုတ်ကဲ့ပါ "
" အု,, များတို့ အတွက်လည်း လိင်တူချစ်သူများ အခွင့်အရေးတွေ ပါအောင် အကြံပြုပေးပါ,, အမေရိကားလို လိင်တူခြင်း လက်ထပ်ခွင့် တို့ ဘာတို့ပေါ့ ,,ပြီး တော့ ဟို မျိုးစောင့် ဥပဒေ ဆိုတာကြီး နဲ့လည်း ဆွဲမဟပ် လိုက်ပါနဲ့ ,, များက ဖေါရိန်နာ နဲ့ ယူမှာ ,,,"
" အဲ,, အဲဒါလည်း ကျွန်တော်နဲ့ မဆိုင်ဘူးဗျ ,, သင်္ဃန်းကျွန်းက ဆရာကြီး ဦးညွန့်သိန်း ဆီ ဆက်မေးကြည့်ပါလား "
" ဟာ အုတို့က ရှုပ်နေတာပဲ ,, ဟိုဘက်လွှဲချ ,, ဒီဘက်လွှဲချနဲ့ ,, ဟို အိမ်တွေကားတွေ ရောင်း တဲ့ ဦးမင်းအောင်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျနေတာပဲ "
နောက်ဆုံး ကျွန်ုပ်သည် မလွန်ဆန်သာတော့ပဲ မီးဆိုသူနှင့် များဆိုသူတို့၏ ဆန္ဒအတိုင်း သူတို့ အကြံပြုချက်များကို မှတ်သားထားလိုက်ပြီး စိတ်ရှုပ်လာသည်နှင့် ကုလားထိုင်( ဘာသာခြားထိုင်) ကျောမှီပေါ်လှန်ချ လိုက်စဉ်မှာ ပင် " ကလိန် ကလိန် " ဟု ဖုံးကမြည်လာပြန်သဖြင့် ကောက်ကိုင်ပြီး ဖြေရပြန်သည် ။
" ဟုတ်ကဲ့ခင်ဗျာ "
" မောင်ရင်,, ကျုပ်ပြောတာနားထောင် ,,, ဘာမှ ပြန်မပြောနဲ့ ,,, ကျုပ်တို့က တော့ ဖက်ဒရယ် က တစ်ပြားမှ မလျှော့ဘူး,, ဖက်ဒရယ် ရ ရင်ရ,, မရ ရင်ချ မှာပဲ ,,ဟင်းဟင်း "
" ဗျာ ,, ကျွန်တော်တို့က အန်ကယ်တို့ အကြံပြုချက်တွေကို စုစည်း တင်ပြပေးရုံပါပဲ ,, ကော်မတီက စိစစ်,, "
" တော်,, တော်,, ကျုပ်ပြောတာကမောင်ရင်တို့ တင်တဲ့ အထဲမှာ ဖက်ဒရယ် မူနဲ့ ပါတ်သက်ပြီး မပါမှာ စိုးလို့ ထပ်သတိပေးတာ ,, ကျုပ်တို့က ဖက်ဒရယ်မူအတွက် နှစ်ပေါင်း ၆၀ ကျော် လုပ်စား ,, အဲ လှုပ်ရှား လာခဲ့တာ ,,, ဒါပဲ "
" ဟုတ် ,, အန်ကယ် ,, ဒါပေမဲ့ ဖက်ဒရယ်မူဆိုတာလေးကို အကျယ်ရှင်းပါအုံး ,, မြန်မာလိုလေး လည်း ဒပ်ဖနေးရှင်း လေး လုပ်ပေးပါအုံး "
" ဟ ,, ဘာပြောနေစရာ ရှိလည်းကွ ,,, ဖက်ဒရယ် ဆိုမှတော့ ဖက်ဒရယ်ပေါ့ ,, ကျုပ်လည်း သေချာ မသိဘူး ,,ဖက်ဒရယ် သာရေး လိုက် နောက်မှ ကျုပ်တို့ လိုရာဆွဲ ပြောမယ် ,,, ဒါပဲ ,, မမေ့နဲ့ နော် ဖက်ဒရယ် "
ကျွန်ုပ်သည် အဆိုပါ လူကြီး၏ အောင်မြင်ခန့်ညားသော အသံဝဲဝဲကြီးဖြင့် အကြံပြုချက်များကို မှတ်သားပြီး ဖုံးချလိုက်သည်နှင့် နောက်ဖုံး တစ်လုံးက မြည်လာပြန်သည် ။
" ကလိန် ကလိန် "
" ဟလို "
" ကျွန်တော်က ၁၈၈၈ မျိုးဆက်ကပါ,,,အခြေခံဥပဒေ ပြင်ဖို့ အကြံပြု ချက်ကလေး ,,,,,"
" ဗျာ ,,, ၁၈၈၈ ဆိုတော့ သီပေါမင်း ပါတော်မူစ ပေါ့ ,,, ခင်ဗျား တော်တော် အသက်ရှည်တာပဲ"
" ဟာ ကျွန်တော့် အဖိုးက ၁၈၈၈ တုံး ဘုန်းကြီးကျောင်းသားဗျ ,, ကျွန်တော်က သူ့မြေးဆိုတော့ ၁၈၈၈ မျိုးဆက် ကျောင်းသားပေါ့ ,,, ကဲကဲ ထားလိုက်ပါ ,,, ကျွန်တော်တို့ က အခြေခံဥပဒေ ပြင်ဖို့ ဥရောပသမဂ္ဂ နဲ့ သမ္မတအိုဘမ ဆီကို အကြံတောင်း ထားတယ် ,, ရရင် သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြန်ကြေငြာပေးမယ် ,,, "
" ခင်ဗျားကလည်းဗျာ ,, ကိုယ့်နိုင်ငံရဲ့ အခြေခံဥပဒေ ပဲ,, အိုဘမတို့ ဆီက ဘာ အကြံဥာဏ် တောင်းစရာလို သလဲဗျာ ,, ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ ဥ,,,ဥ "
" ခင်ဗျားကလည်း တော်တော်ဒုံး တာပဲ ,,, ဟိုတစ်နေ့ကပဲ ကျွန်တော်တို့ သယ်ရင်း ABCDEF က ကိုမိုးသီးသြဂုတ် ကပြောသွားသေးတယ်,, အမေရိကန်ကို ဘာကြောင့်ချစ်သင့် တယ်ဆိုတဲ့ အချက် ၁၀ ချက်,,ခင်ဗျား မကြားလိုက်ဘူး ထင်တယ် ,, "
" ကဲကဲ ,, ကောင်းပါပြီဗျာ,, အကြံသာပြုပါ တော့ "
" အသေးစိတ်ကတော့ သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ပြန်မယ်,, အခု ကျွန်တော် တို့အဖွဲ့ က သတိပေးချင်တာက အခြေခံ ဥပဒေကို အသက်ရင်းပြီးကာကွယ်မဲ့ သူတွေရှိသလို အသက်နဲ့ရင်းပြီး ပြင်ချင်တဲ့ သူတွေ ရှိတယ် ဆိုတာ မှတ်ထားပေးပါ ,,, ဒါပဲ "
" ဗျာ,, ဟုတ်ကဲ့ ဟုတ်ကဲ့ ,, မှတ်ထားပေးပါ့ မယ် "
၁၈၈၈ မျိုးဆက် ဆိုသူဖုံးချသွား၍ မှမကြာသေး နောက်ဖုံးတစ်လုံး က "ကလိန် ကလိန်" ဟု မည်လာပြန်သဖြင့် ကျွန်ုပ်သည် အသက်ပင် ဝအောင် မရှူနိုင်သေးပဲ ကောက်ဖြေလိုက်ရသည် ။
" ဟလို "
" ဦးဟစ်တစ်လုံး လား"
" ဟုတ်ပါတယ် ခင်ဗျာ"
" ကျုပ်တို့က အစိမ်းဝတ်တွေပါ ,,, ကျုပ်တို့ အစိတ်သား ကတော့ နဲနဲမှ မလျော့ နိုင်ဘူးနော် "
" ဗျာ ,, အစိမ်းဝက် ? ,, အစိတ်သား ? ဘာတွေလဲဗျာ ရှုပ်နေတာပဲ ,, "
" ခင်ဗျား နာချင်ပြီ ထင်တယ် ,, ကျုပ်နံမည် စိမ်းမောင်မောင် ,,ယူနီဖေါင်း အစိမ်းဝတ် ,,ကျုပ်တို့ အစိမ်းတွေရဲ့ ၂၅ ရာခိုင်နှုးံ လုံးလုံးမလျှော့ နိုင်ပါ ,, ပြင်ဖို့ လုံးဝ မစဉ်းစားနဲ့ ,,"
" ကျွန်တော်က အကြံဥာဏ်တွေကို စုစည်းတင်ပြပေး ရုံပါ ,, ဘာလုပ်ပိုင်ခွင့် မှ မရှိပါဘူး "
" ဒီမယ် ,, ခင်ဗျား အူတူတူ လုပ်မနေနဲ့ ,, ခင်ဗျား အကြောင်း ကျုပ်တို့ ဘက်ကင် လိုက်ပြီးပြီ ,, ခင်ဗျားကို ၅-၁၀-၁၇-၁၈-၅၀၅-၁၀၀၀ ပုဒ်မ ပေါင်းစုံနဲ့ ဆွဲစိလို့ ရတယ် ,, ခင်ဗျား အစီရင်ခံစာမှာ ကျုပ်တို့ အစိတ်သား လုံးဝ မထိနဲ့ ,, အဲ မဟုတ်ရင်တော့ ခင်ဗျား မိသားစု လုံခြုံရေး လုံးဝ တာဝန် မယူဘူး ,,, "
" ဗျာ"
" အဲ ,, ပြီးတော့ ခင်ဗျား ဟို ရှပ်တစ်ပက် ဂျာနယ်က ဆံပင်ညှပ်ခ မတတ်နိုင်တဲ့ ကိုဆံရှည် ကို ခေါ်ပြီး ဗျူးတာတွေ ဘာတွေ နဲ့ ဖေါ်ကောင် မလုပ်နဲ့ အုံး ,, ဒါပဲ ,, လေးစားပါတယ် "
ကျွန်ုပ်သည် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ထိုအစိမ်းကောင် အဲ စိမ်းမောင်မောင်၏ အကြံပြုချက်ကို မှတ်တမ်းရေးသွင်းရင်း ဇောချွေးများပြန်လာသည်အထိ တုံလှုပ် နေမိသည် ။ ရွာက လယ်ယာမြေများ မတရား အသိမ်းခံရသဖြင့် အလုပ်လက်မဲ့ ဖြစ်ကာ ခိုကိုးရာမဲ့ ဖြစ်နေသော ကျွန်ုပ် ထောက်ပံ့ နေရသည့် ဖခင်အိုကြီးနှင့် မိခင်အိုကြီး အတွက်လည်း စိုးရိမ်သွားမိသည် ။ ထိုအချိန်မှာပင် ဖုံးတစ်လုံးက ကလိန် ကလိန် ထမြည်ပြန်သဖြင့် ကျွန်ုပ် မှာ အကြောက်မပြေသေးပဲ ကောက်ကိုင်လိုက်သော်လည်း တစ်ဖက်မှ အသံရှင်ကြောင့် စိတ်နှလုံး အေးငြိမ်းသွားရသည် ။
" ဒကာကြီး ဟစ်တစ်လုံး လား "
" မှန်ပါဘုရား "
" ဒကာကြီး ကျန်းမာချမ်းသာပါစေလို့ မေတ္တာပို့ ပါတယ်ကွယ် ,, ဦးဇင်း အကြံလေး ပေးချင်လို့ပါ"
" တင်ပါ,,မိန့်တော်မူပါဘုရား "
" ဦးဇင်းတို့ က သမ္မတကို ကိုယ်တိုင်ရိုတ် ချင်တာကွဲ့ "
" ဗျာ "
" အဲအဲ ,, သမ္မတကို ကိုယ်တိုင် တိုက်ရိုက် ရွေးချယ်ချင်တာ ပြောတာပါ ,, ခုဟာက လွှတ်တော် ထဲမှာ ရွေးတာ ဆိုတော့ အကယ်ဒမီ ဆုပေးသလို လက်သင့်ရာ ရွေးလိုက် သလိုပဲ ,, ဦးဇင်းတို့ ပြည်သူတွေက အမေရိက မှာလို တိုက်ရိုက် ရွေးတာ ပိုကောင်း မယ် လို့ အကြံပြု ချင်တာပါ "
" ဦးဇင်းအကြံ က ကောင်းပါတယ်ဘုရား ,, တပည့်တော် မှတ်တမ်း တင်ထားပါတယ် ,, ဦးဇင်း ဘွဲ့ လေးသိပါရစေ "
" ဦးဇင်းက ဦးဝိသူရ ပါ,, မန်းလေး စိုးရိမ်ရ ကျောင်းတိုက်က ,, "
" တပည့်တော် ကြားဘူး သလိုပဲ "
" အေး,, ဦးဇင်းတို့ က အသစ်ကွဲ့ ,, ဦးဇင်းတို့ ကုဒ် က ၅၃၈ ကွဲ့ ,, နိကယ် ၅ ရပ် ပိဋကတ် ၃ ပုံ မဂ္ဂင် ၈ ပါး လေ ,, "
" မှန်ပါ ,အော် , တပည့်တော် မှတ်မိပါပြီဘုရား ,, အရှင်ဘုရားတို့ က အသစ်သာ ဆိုတယ် နံမည် တော်တော်ကြီး တာပဲ ,, ဟိုတလောကတောင် ဖိုဘီ မဂ္ဂဇင်း မှာ ဦးဇင်းပုံ မျက်နှာဖုံး တင်ထား တာ ကြားမိတယ် ,, Charming Face ဆိုပြီး "
" အေးကွဲ့ ,,, ဦးဇင်းတို့ က ဥပဒေတွေ ပြင်ဖို့ ကြိုးစားနေတာ ,,ပါရဇိကံ အခန်းကိုတောင် ပြင်ဖို့ စဉ်းစားနေတာ ,, "
" မြတ်စွာဘုရား ,,, ဦးဇင်း ဒါတော့ မလုပ်ပါနဲ့ ဘုရား ,,, ဘုရားဥပဒေတော်ကြီး ဆိုတော့ မပြင်ကောင်းပါဘူး ,, သီးခံပါဘုရား ,, လူဥပဒေ ကိုပဲ ကြိုက်တာပြင်ပါ "
" အေးကွယ်,, စဉ်းစားပါ့မယ် ,, ဒါပဲ ဒကာကြီးရေ,, "
"ကလိန် ကလိန်"
" ကျွန်တော်က ဂီတအစည်းအရုံးက ခွဲထွက်တဲ့ ပျို့ရတုရကန် ပတ်ပျိုး အဖွဲ့ ကပါ,, ကမ္ဘာမကြေ ကို ခြေဆင်း မဆိုချင်ဘူး "
" ဗျာ ကမ္ဘာမကြေက မတ်တပ်ရပ် ဆိုရတာ လေ,, ခြေဆင်းမဆိုရပါဘူး "
" ကိုယ့်လူ ဒုံးဝေးတာပဲ ,, ခင်ဗျားတို့ လိုလူတွေကြောင့် မြန်မာ့ဂီတ ကမ္ဘာ ကို မလွှမ်းတာ "
" ဗျာ "
" ပထမ အပိုဒ်ကို ပြောတာဗျာ,, အဲဒါဖြုတ်ပြီး အရင်လို ကမ္ဘာမကြေ အပိုဒ်က စ ဗျာ "
" ကောင်းပါပြီ ဗျာ ,,, ကောင်းပါ့ "
ကျွန်ုပ်ကား ဖုံးဆက်လာသမျှ အကြံပြုချက်များကို လက်ခံ နားထောင်ရင်း ရူးချင် သလိုပင် ဖြစ်လာမိသည် ။ ထိုအချိန်မှာပင် စားပွဲပေါ်က Hot Line ဖုံးတွေ အားလုံး တစ်လုံးပြီး တစ်လုံး မြည်လာ တော့သည် ။
"ကလိန် ကလိန်"
" ကလိန် ကလိန် "
" ကျုပ်တို့ က ညစတ ကဗျ ,,, သမ္မတ ဖြစ်ခွင့် ပုဒ်မ ၅၉ (စ) လုံးဝ မပြင် ,, ဒေါ်စု မပါရ ,ဒါပဲ"
"ကလိန် ကလိန်"
" ကျုပ်တို့ ကြံ့တွေ ကတော့ လုံးဝ ( လုံဝ ) မပြင် ရေးချ မပြင် ,, ကျုပ်တို့ ဒုဥက္ကဌ ဦးဌေးရူး က ဒီကိစ္စ အပြတ်ပြောပြီးပြီ ,,, စက္ကူဖြူ ကဒ်နဲ့ မဲပေးခွင့် လည်း ကျုပ်တို့ မပြင်နိုင်ဘူး ,, ဘင်္ဂလီတွေက ကျုပ်တို့ရဲ့ အမာခံတွေ ,,,လူတွေက ရူးလို့ ၂၀၁၅ ဒေါင်းတွေ နိုင်သွားရင် လည်း ကျုပ်တို့ ပွဲဆူ အောင်လုပ်ပြီး ကာချုပ်လက်ထဲ အပ်ပစ်လိုက်မယ် ,, ဒါပဲ ,, ပြင်ရဲ ပြင်ကြည့် "
"ကလိန် ကလိန်"
" မြို့တော်က နေပူတော်,, အဲ နေပြည်တော် ပဲလား ? ဝ တို့ မန်းလေးမြို့ လုပ်ပါ ဗျ "
" ကလိန် ကလိန်"
"ကျုပ်တို့ ဒေါပုံ သာကေတ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်ချင်တယ်"
" ကလိန် ကလိန်"
" ကလိန် ကလိန်"
" ကလိန် ကလိန်"

သဗ္ဗေသတ္တာကမ္မသကာ

" ဟစ်တစ်လုံး"

မှတ်ချက်။. ။ ဤဖုံးမှတ်တမ်းကို ရေးသားသူ ဟစ်တစ်လုံးသည် ထိုနေ့မှာပင် သွက်သွက် လည်အောင်ရူးသွပ်သွားပါသဖြင့် စိတ်ရောဂါအထူးကုဆေးရုံတွင် ယနေ့တိုင် တက်ရောက် ဆေးကုသ နေပါသည် ။ ယခုအခါ အခြေခံဥပဒေကို လူထုအကြိုက် ပြင်ဆင်အတည်ပြုပြီး သကာလ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင် သမ္မတ တာဝန် ဝတ္တရားများ စတင် ထမ်းဆောင်နေပြီဖြစ်ရာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခဲ့သော စိတ်ဝေဒနာသည် ဟစ်တစ်လုံးကို ဂုဏ်ပြုသည့် အနေဖြင့် သူ၏ ဖုံးမှတ်တမ်းအား အများပြည်သူ ဖတ်ရှု နိုင်ရန် ဖြန့်ဝေပါသည် ။
"အယ်ဒီတာ"

( မည်သူ့ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါ ၊ ခေတ်ကို သရော်လိုရင်းသာ ဖြစ်ပါသည် )

" ဟစ်တစ်လုံး" ကိုဂုဏ်ပြုသောအားဖြင့် ဤပို့စ်လေးအားတတ်နိုင်သမျှ လူများများ ဖတ်ရှုနိုင်ကြစေရန် ဝိုင်းဝန်းကာ Like / Share လုပ်ပေးကြစေလိုပါသည် ။
တဆင့်ပြန်လည်ကာကူးယူပြီးတင်ပြသူများ အနေဖြင့်လည်း MyanmarDaily.net ကို Credit လေးတော့ပေးပါရန်တောင်းဆိုပါသည်။ ( Admin )

No comments:

Post a Comment