မြန်မာစာပေလောက၌ ဘာသာပြန်စာပေကို
တစိုက်မတ်မတ် ပြန်ဆိုရေးသားခဲ့သော
စာရေးဆရာကို ပြပါ ဆိုလျှင်
ဆရာမြသန်းတင့်ကိုသာ ပြရမည်ဖြစ်၏။
ဆရာသည် စာဖတ်တတ်သည့် အသက်အရွယ်မှစ၍
ယ နေ့အထိ အင်္ဂလိပ်စာပေနှင့်
ကမ္ဘာ့စာပေများကို နှံ့နှံ့စပ်စပ်ဖတ်ရှုလေ့လာခဲ့ပြီး
မြန်မာစာဖတ်ပရိသတ်နှင့်ဆီ
လျော်သည့် နိုင်ငံခြားစာပေများကို
ဘာသာပြန်ဆိုခဲ့ပါသည်။ International
အယ်ဒီတာအဖွဲ့သည် ၁၃-၂-၉၇ ရက်နေ့က
ဆရာမြသန်းတင့်နှင့် တွေ့ဆုံကာ
ဘာသာပြန်စာပေနှင့် ပတ်သက်သော
ဆရာ့အတွေးအ မြင်များကို မေးမြန်းတင်ဆက်လိုက်ပါသည်။
ဆရာမြသန်းတင့်သည် ဘာသာပြန်စာပေ
ရေးအားကောင်းသူ ဖြစ်သည့်အလျောက်
ဘာသာပြန်စာပေကို လေ့လာလိုသ
မျိုးဆက်သစ်လူငယ်များအတွက်
ဤ “တွေ့ဆုံ ခန်း” သည် အကျိုးရှိမည်ဟု
ယုံကြည်မိပါကြောင်း။
မေး။ ဆရာကျောင်းသားဘဝကစပြီး
အင်္ဂလိပ်စာကို ဝါသနာပါခဲ့ပုံနဲ့
ဒီဘာသာစကားကို ဘယ်လိုချဉ်းကပ်
လေ့လာခဲ့တယ်ဆိုတာ ပြောပြပေးပါဆရာ။
ဖြေ။ ကျွန်တော်တို့ငယ်ငယ်က
ကျောင်းစတက်တော့ အင်္ဂလိပ်ကဗျာလေးတွေ
စသင်ရရွတ်ရတယ်ဗျာ။ Twinkle Twinle Little
Star, How I wonder what you are? ဆိုတဲ့ကဗျာလေးမျိုး။
Baa Baa Black Sheep, Have you any wool? ဆိုတဲ့ကဗျာလေးမျိုး
ရွတ်ရဆိုရတာကောင်းတယ်။ စိတ်ဝင်
စားတော့ အင်္ဂလိပ်စာကို စိတ်ဝင်စားလာတယ်ဗျာ။
ဆရာသမားတွေက အသင်အပြလည်းကောင်း
တော့ ဝါသနာပါသွားတယ်။ နောက်ပြီး
နှစ်တန်း၊ သုံးတန်း စသည်ဖြင့်မှာ
ဆုရတဲ့ စာအုပ်ကလေး တွေရှိတယ်။
အင်္ဂလိပ်ကဗျာလေးတွေ၊ ပုံပြင်လေးတွေ၊
ဒီစာအုပ်ကလေးတွေ အကုန်ဖတ်ဖြစ်တယ်။
နောက် ဂျပန်ခေတ်ရောက်တော့
အင်္ဂလိပ်လေယာဉ်ပျံတွေဗုံးလာကြဲေ ရာ၊
အဲဒီအခါမှာ Church တစ်ခု ပျက်သွားတယ်။
အဲဒီဘုရားရှိခိုးကျောင်းပျက်ကြီးထဲမှာ
စာအုပ်လှလှကလေးတွေတွေ့တော့
ကျွန်တော်ယူထားမိတယ်။ စာရေးဆရာကြီး
Charles Dickens ရဲ့ စာပေပေါင်းချုပ်၊
Complete Works စာအုပ်ရတယ်။ ခုထိ ကျွန်တော်
ဖတ်ပြီး သိမ်းထားတယ်။ နောက်ပြီး
Thousand Masterpiece Short Stories ဆိုတဲ့ “ကမ္ဘာ့အကောင်းဆုံးဝတ္ထုတိုများ”
စာအုပ်ပေါ့ဗျာ။ ဆယ်တွဲ လောက်ရှိမယ်။
ဒါလည်း ကျွန်တော်ဖတ်ရတယ်။
စာဖတ်ဝါသနာသန်လို့ မဖတ်တတ်ဖတ်တတ်
ဖတ်တာပဲ။ အဘိဓာန်စာအုပ်လည်းရှိတော့
ဖတ်လိုက်လှန်လိုက်ပေါ့ဗျာ။
အကုန်လုံးလည်း ဘယ် နားလည်မလဲ။
အဲဒီတုန်းက ကျွန်တော်က ငါးတန်းပဲရှိတာ။
ဒစ်ကင်းရဲ့ စာတက်ဖတ်တော့
နားမ လည်တလည်ပေါ့ဗျာ။ ဒါပေမယ့်
သူ ဘာတွေရေးတယ်ဆိုတာ သိချင်လွန်းလို့
မဖြစ်မနေတွန်းဖတ် နေတာဗျ။
နောက် ဒစ်ကင်းရဲ့ David Copperfield စာအုပ်ကို
ဖတ်ဖြစ်တယ်။ ဒီတုန်းက ကျွန်တော့်
ဦးလေးတွေ ပြောပြောနေတဲ့
David Copperfield စာအုပ်က နားယဉ်နေတော့
ဖတ်ချင်တာနဲ့ဖတ် ခဲ့တာပါ။
နောက် အထက်တန်းကျောင်းရောက်တော့
A poetry for Pleasure ဆိုတဲ့စာအုပ် သင်ရ
တယ်။ ပညာမင်းကြီးဦးကောင်းက
စုစည်းပေးတဲ့ အင်္ဂလိပ်ကဗျာစာအုပ်ပေါ့။
နောက်ပြီး ဆရာ ဒေါက်တာထင်အောင်ရွေးပေးတဲ့
အင်္ဂလိပ်ကဗျာစာအုပ်ဗျာ။ နာမည်ကိုတော့
နည်းနည်းမေ့နေ တယ်။ The Golden Gate
လားမသိဘူး၊ သင်ရတယ်။ Prose စကားပြေလည်း
စာအုပ်ပြဋ္ဌာန်း တယ်။ အင်္ဂလိပ်ကဗျာဆရာတွေဖြစ်တဲ့
Keats တို့၊ Shelly တို့ရဲ့ ကဗျာတွေ
ကျွန်တော်ဖတ်နေပြီ။ Lord Ullin's
Daughter ဆိုတာ ဒဂုန်တာရာတောင်
မှီးပြီးရေးထားသေးတယ်။ ဒါတွေဖတ်ပြီးပြီ။
နောက် Sir Arthur Conandoyle ရေးတဲ့ Brigadier
Gerald တို့လို စာအုပ်တွေ ဖတ်ပြီးပြီ။
ဆရာ ကြီးရွှေဥဒေါင်းက ဂျမဒါကိုကိုကြီးဆိုပြီး
မှီးရေးခဲ့တာလေ။ (၁၀) တန်းလောက်မှာတော့
ချက်ကော့ နဲ့ ဂေါ်ကီတို့ ဖတ်ပြီးပြီ။
ကျွန်တော်က ဂျပန်ခေတ်မှာ
နိုင်ငံရေးစာပေတွေဖတ်၊ အဲဒီစာအုပ်တွေဖတ်
ပြီး ၄၇ ခုနှစ်ကျမှ (၁၀) တန်း
ပြန်ဖြေတာ။ တစ်ခါတည်းအောင်သွားတယ်။
ရာဘင်ဒရာနတ်တဂိုးရဲ့ “ချစ်သူ့လက်ဆောင်”
Lover's Gift တို့၊ ဥယျာဉ်မှူး Gardener
ထဲက ကဗျာအချို့ကို ဘာသာပြန်
နေပြီ။ အသက် ၁၇ နှစ်လောက်မှာ
တက္ကသိုလ်ကို ရောက်လာရော။
စာကြီးပေကြီးတွေ ရွေးဖတ်
တတ်ပြီ။ တက္ကသိုလ်ရောက်တော့
အင်္ဂလိပ်စာပေ English Literature၊ ဖီလိုဆိုဖီဆိုတဲ့
ဒဿနိက ပေါ့ဗျာ။ နောက် PS လို့ခေါ်တဲ့
နိုင်ငံရေးသိပ္ပံတွေယူတယ်။
စာတွေလည်း တော်တော်ဖတ်ဖြစ်
တယ်။
မေး။ မြန်မာစာပေကို လေ့လာခဲ့ပုံနဲ့
စာရေးဆရာဖြစ်လာဖို့ စာပေပိုးဝင်လာတဲ့အကြောင်းလေး
ပြောပြပေး ပါ။
ဖြေ။ မြန်မာစာပေကိုတော့ ကျွန်တော်တို့မြို့
မြိုင်မြို့မှာ ဘုန်းကြီးလေးတစ်ပါးရှိတယ်။
အသက် ၂၅-၂၆ လောက်ပေါ့။ သူက
သူရိယမဂ္ဂဇင်းတို့၊ တိုးတက်ရေးမဂ္ဂဇင်းတို့ကို
စုထားတယ်။ ကျွန်တော်တို့က
၁၅ နှစ် ၁၆ နှစ်။ ကျွန်တော်တို့ကလည်း
စုဆောင်းပြီးဝိုင်းဖတ်ကြတယ်။
စာကြည့်တိုက်ကလေးလို ပေါ့။
ဦးဇင်းက ပါဠိကျွမ်းကျင်တော့
ကိုးခန်းပျို့တို့ ဘာတို့
သင်ပေးတယ်။ မာဃဒေဝလင်္ကာကြီးကို
လေ့လာခဲ့တယ်။ နောက် ကျွန်တော်တို့
လက်ရေးစာစောင်တွေ ထုတ်တယ်။
အားလုံးလက်ရေးနဲ့ ရေးကူးပြီး
ကျွန်တော်က အငယ်ဆုံး၊ လက်ရေးအလှဆုံးဖြစ်လို့
တည်းဖြတ်ပြီး လှည့်ဖတ်ကြတာ
ပေါ့။ နောက်ပြီး “ရွှေကျေး”
ဆိုတဲ့ ကလောင်ရှင်ရေးတဲ့
“အိုတံငါ” ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ကြည့်ပြီး
သိပ်သဘောကျ အားကျမိတယ်။ တာရာမဂ္ဂဇင်းကို
ကျွန်တော် သိပ်သဘောကျတယ်။
တက္ကသိုလ် ရောက်တော့ တာရာမှာ
ဝတ္ထုနဲ့ ကဗျာလေးတွေ ဝင်ရေးတယ်။
ဒီလိုနဲ့ စာပေလောကထဲ ရောက်လာ
တာပဲ။
မေး။ ဆရာကျောင်းပြီးတော့
အစိုးရလခစားလုပ်သေးလား။ တစ်ခါတည်း
စာကိုပဲ ရေးတော့တာပဲလား။
Freelance ပေါ့ ဆရာ။
ဖြေ။ မလုပ်ဖြစ်ဘူး။ ကျောင်းက
မထွက်မီကလေး ဆရာမင်းရှင်
တပ်ထဲမဝင်မီလား အသံလွှင့်ရုံပြောင်း
သွားတာလား မသိဘူး။ တိုးတက်ရေးသတင်းစာမှာ
ဘာသာပြန်ဝင်လုပ်ပေးပါဆိုလို့
တစ်နှစ် လောက် ဘာသာပြန်အယ်ဒီတာ
ဝင်လုပ်တာပဲရှိတယ်။ ဒီနောက်ပိုင်း
ကျွန်တော် စာပဲရေးခဲ့တာ ယနေ့ထိပေါ့ဗျာ။
မေး။ ဆရာ ဘာသာပြန်စာပေကို
တစိုက်မတ်မတ် ပြန်ဆိုရေးသားခဲ့တာ
ကျွန်တော်တို့အနေနဲ့ ဆရာ့ရဲ့
စာ ပေဝါသနာနဲ့ စာပေဇွဲကို
အထူးလေးစား ဂုဏ်ယူမိပါတယ်။
ဆရာ ဘာသာပြန်စာပေကို စတင်ရေး
သားခဲ့ပုံကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ကျွန်တော် အဦးဆုံးရေးခဲ့တာ
ပြောရရင် တဂိုးရဲ့ Lover's Gift
ချစ်သူ့လက်ဆောင်စာအုပ်ကလေး
တစ်အုပ်လုံး ဘာသာပြန်ကြည့်မိတယ်။
ကုန်ခဲ့တဲ့ ၁၅ နှစ်အထိ ရှိသေးတယ်။
အခုတော့ ပျောက် သွားပြီဗျာ။
ကျွန်တော် ဘယ်သူတွေကို အားကျမိသလဲဆိုတော့
အဲဒီတုန်းက ပြန်နေကြတဲ့ မင်းသု
ဝဏ်တို့၊ စံဝင်းတို့၊ ဟင်္သာတချစ်ဦးတို့ရဲ့
ဘာသာပြန်ဆိုတဲ့ စာညွန့်လို့
ကာရန်မဲ့ပဲဆိုဆိုဗျာ။ ခုခေတ်
Free Verse လို ဟာမျိုးကလေးတွေကို
အားကျမိတယ်။ Inspiration ရခဲ့တာပေါ့ဗျာ။
အဲဒီလို ဘာ သာပြန်ခဲ့ရာကအစ
ဘာသာပြန်စာပေထဲ ရောက်လာတာပါပဲ။
ပထမဆုံး in print ကတော့ ဂျာနယ် ကျော်မှာ
ဝတ္ထုတိုကလေးတစ်ပုဒ် ပြန်တယ်။
ဂေါ်ကီရဲ့ ဝတ္ထုတိုလေးတွေ စပြန်ဖြစ်တယ်။
မေး။ ကျွန်တော်တို့
ဘာသာပြန်စာပေရေးတဲ့အခါ နှစ်ဘာသာစလုံး
အထူးကျွမ်းကျင်ရမယ်။ ဘာသာပြန်ဆို
မယ့် မြန်မာစာကို အထူးကျွမ်းကျင်ရမယ်ဆိုတဲ့
အဆိုအမိန့်ကို ဆရာ သဘောတူလက်ခံပါသလား။
ဖြေ။ ဒါကိုတော့ ကျွန်တော်
သဘောတူလက်ခံပါတယ်။ နှစ်ဘာသာစလုံး
ကျွမ်းကျင်ရမယ်။ အထူးသဖြင့်
ဘာသာပြန်ဆိုရမယ့် မြန်မာစာကို
ကျွမ်းကျင်ရမယ်ပေါ့ဗျာ။
မေး။ အဲဒီမေးခွန်းကို
ဆရာ ဘာသာပြန်ခဲ့တဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး
ဖြေပေးပါဆရာ။ ဥပမာ - ပါမောက္ခ
ဆရာဦးအေးမောင် အင်္ဂလန်ရာဇဝင်ကို
ဘာသာပြန်တော့ Feudalism ကို ဘာသာပြန်ဖို့
မြန်မာစ ကားလုံး ရှာရတာ ခက်ခဲနေတယ်။
သူက မြန်မာစာတွေဖတ်ထားတဲ့လူဆိုတော့
ဦးပုညရဲ့ ကာကဝလိ ယထဲက “အသုံးကံကျွေး
ငါးရွာစား ပေးပြီးလျှင်”
ဆိုတဲ့ စာကြောင်းကလေး သွားသတိရပြီး
Feudalism “ကံကျွေးချစနစ်” လို့
ပြန်လိုက်တာမျိုးပေါ့ဆရာ။
ဖြေ။ ဟုတ်ပြီ၊ ဟုတ်ပြီ။ ခင်ဗျားပြောသလို
ကျွန်တော် စဉ်းစားမိပြီ။
ဥပမာဗျာ။ ဆရာမင်းသုဝဏ် တစ်ခါက
ပြောဖူးတယ်။ King Lear ပြန်တုန်းက
Nothing ဆိုတဲ့စကားကို ထိထိမိမိပြန်ဖို့
မြန်မာစာပေထဲက “နတ္ထိ” ဆိုလား
အဲဒါကို ယူလိုက်ရတယ်လို့
ပြောဖူးတယ်။ ဒါ ကျွန်တော်
နမူနာ ပြောတာနော်။ သေ ချာအောင်
ပြန်တိုက်ကြည့်ရမယ်ဗျ။ ကျွန်တော်လည်း
“စစ်နှင့် ငြိမ်းချမ်းရေး”
ပြန်တုန်းက အဓိက ဇာတ်ကောင်ပီယာနဲ့
ဆက်နွယ်နေတဲ့ လယ်သမားဇာတ်ကောင်တစ်ယောက်ရှိတယ် ။
သူ့နာမည်က “ကာရတီယက်ဗ်” တဲ့။
သူ့ကိုကြည့်ပြီး ဇာတ်လိုက်
“ပီယာ” က Peace ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး
အဓိပ္ပါယ်ပေါက်သွားခဲ့တာလေ။
အဲဒီလယ်သမားအကြောင်း မူလအင်္ဂလိပ်စာထဲမှာ
ဖွဲ့ကြတော့ မျက်နှာက လုံးတယ်၊
ဝိုင်းတယ်၊ ကိုယ်လုံးက လုံးဝိုင်းတယ်၊
လက်မောင်းကလုံးတယ်ဆိုပြီး
round ဆိုတဲ့ နာမဝိသေသနကိုပဲ
သုံးထားတယ်။ အဲဒါကို ကျွန်တော်
ဘယ်လို အများနားလည်အောင်
မြန် မာပြန်ရမလဲ စဉ်းစားရတယ်။
ကံအားလျော်စွာ သင်္ဘောနဲ့ခရီးသွားတော့
သင်္ဘောဆိပ်မျာ လူနှစ် ယောက်
အချင်းချင်း မေးကြဖြေကြလုပ်တာ
ကြားလိုက်တယ်။ ခင်ဗျား ကိုဘယ်သူ့ကို
တွေ့မိသ လားလို့မေးတော့ ဖြေတဲ့သူက
“ဘယ်သူလဲ၊ ခင်ဗျားနားက ဟို
ခပ်ဝိုင်းဝိုင်းကိုပြောတာလား”
ဆို တာ ကျွန်တော့်နားထဲ ရောက်လာတယ်။
စစ်နှင့် ငြိမ်းချမ်းရေးထဲက
ကာရာတီယက်ဗ် ဇာတ်ကောင် က အဲဒီလိုပဲဆိုတာ
တန်းမြင်တယ်။ ဒီတော့ ဘာသာပြန်တဲ့အခါ
တစ်ခါတလေ နေ့စဉ် သုံးနေပြော
နေကြတဲ့ အရပ်သုံးစကားတွေက
ပိုကောင်းနေတယ်ဗျ။ အင်္ဂလိပ်မှာတော့
Coloquial ပေါ့ဗျာ။
မေး။ ဘာသာပြန်တဲ့နည်းလမ်းတွေအကြောင်းနဲ့
ဘယ်နည်းလမ်းက ပိုမိုထိရောက်သလဲဆိုတာ
နည်းနည်း ပြောပြပေးပါဆရာ။
ဖြေ။ ဘာသာပြန်နည်းလမ်းရယ်လို့
တိတိကျကျ မပြောနိုင်ဘူးဗျာ။
ယေဘူယျအားဖြင့် ကျွန်တော်ပြောလို
တာက ဘာသာပြန်တဲ့အခါ (၁) တိကျရမယ်၊
(၂) ရှင်းလင်းရမယ်၊ (၃) စာဖတ်သူနားလည်ရမယ်၊
မူရင်းအတိုင်းဘာသာပြန်ဆိုနိုင် ရမယ်၊
မူရင်းစာရေးဆရာရဲ့စာနဲ့တိုက်ပြီးဖတ်လို့ရရမယ်၊
ဘာသာ ပြန်ဆိုတဲ့လူရဲ့ရေးဟန်က
ရသကိုပေးနိုင်ရမယ်၊ ရသစာပေကို
ဘာသာပြန်ရာမှာမှန်ကန်ပေမယ့်
ရသမပေါ်ရင်လည်း မအောင်မြင်တဲ့ဘာသာပြန်ဖြစ်မယ်။
မေး။ ဆရာ တစ်နှစ်နဲ့လေးလ
အချွိန်ယူပြန်ခဲ့ရတဲ့ “စစ်နှင့်
ငြိမ်းချမ်းရေး” စာအုပ်ကြီးကို
ဆရာပြန်ဆိုတဲ့ အတွေ့အကြုံလေးကို
ကြားချင်ပါတယ်။
ဖြေ။ စာတော်တော်ဖတ်ထားရတယ်။
ဥရောပသမိုင်း၊ နပိုလီယန်စစ်ပွဲတွေအကြောင်း၊
ကမ္ဘာ့သမိုင်းတွေ ဖတ်ထားရတယ်။
စစ်ပညာနဲ့ပတ်သက်တဲ့ကလော့ဇ်ဝိတ် တို့
တရုတ်ကဆွန်ဇူးတို့ရဲ့စာတွေ
ဖတ် ထားရတယ်။ “စစ်နှင့်ငြိမ်းချမ်းရေး”
မှာ စာရေးဆရာတော်လ်စတွိုင်းက
ဘိုရိုဒီနိုစစ်ပွဲအကြောင်းကို
စစ်ရေးရှုထောင့်က ဝေဖန်သွားတာတွေပါတော့
ဒါတွေ ဖတ်ထားရတာပေါ့။
မေး။ ကျွန်တော်ဒီနေရာမှာ
ဖြတ်မေးပါရစေဆရာ၊ ဆရာ ဒီစာပေတွေကိုဖတ်တာ
“စစ်နှင့်ငြိမ်းချမ်းရေး”
ဘာသာပြန်ကာနီးမှ လိုက်ဖတ်တာမဟုတ်ဘူးနော်။
ဆရာမပြန်ခင်ကတည်းက ဒါတွေကိုဆရာက
ဖတ်ထားနှင့်ပြီးပြီလို့ ကျွန်တော်ထင်တယ်။
ဟုတ်သလားဆရာ။
ဖြေ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ခင်ဗျားပြောသလိုပါပဲ။
ဘာသာပြန်ကာနီးမှ ဖတ်တာမဟုတ်ဘူးလေ။
ဒါ တွေကို ဖတ်ထား လေ့လာထားတော့
ဘာသာပြန်တဲ့အခါ အဆင်ပြေသွားတာပါ။
မေး။ “စစ်နှင့် ငြိမ်းချမ်းရေး”
ကို ဆရာဘာသာပြန်ဆိုတဲ့အခါ
မြန်မာစာအသုံးအနှုန်းတွေကရုရှား နန်းတွင်း
က မင်းဆွေစိုးမျိုးတွေ ပြောဟန်ဆိုဟန်တွေ
ဆရာနိုင်နိုင်နင်းနင်းနဲ့
သုံးစွဲထားတာတွေ့ရတယ်။ အဲဒီ
နေရာမှာ ဆရာ့ရဲ့ညက်ညောတဲ့
မြန်မာစာအသုံးအနှုန်းနိုင်နင်းမှု ကိုသုံးပြီး
ဆီလျော်လှပအောင် ဘာသာပြန်တာလားလို့
မေးချင်တယ်။
ဖြေ။ အဲဒီမှာတော့ ကျွန်တော်ဖတ်ထားတဲ့
မြန်မာစာပေတွေက အသုံးဝင်လာတာပေါ့။
ဒီတုန်းက ရုရှား နိုင်ငံ ဇာဘုရင်တွေက
ထီးဟန်နန်းဟန် သိပ်ဆန်ကြတာကလား။
ဒါကြောင့် အရပ်ပြောစကားတွေ
သုံးလို့မရဘူး။ ဒီတော့ His Majesty
ဆိုရင် “ဘုန်းတော်ကြီးသောဘုရား”
လို့ သုံးခဲ့တယ်။ Prince ဆိုရင်
“ကိုယ်တော်ကလေး” Princess ဆိုရင်
“ထိပ်ထားလေး” Alliance ဆိုရင် “သဟာယ
မဟာ မိတ်” ဆိုတဲ့ ထီးသုံးနန်းသုံးစကားလုံးတွေ
ရွေးသုံးရတယ်။ မူရင်းကိုတော့စွန့်ခွာပြီး
မပြန်ခဲ့ဘူး။ သူ့ အတိုင်းပဲ
ပြန်ခဲ့တယ်။ ဒါ မြန်မာစာပေကို
များများဖတ်ထားတဲ့ ကျေးဇူးပေါ့ဗျာ။
မေး။ အခုန မေးခွန်းနဲ့
ပတ်သက်ပြီး “လေရူးသုန်သုန်”
ရသဝတ္ထုကြီးကိုလည်း ဆရာပြန်ဆိုထားတာ
ဆရာ့ မြန်မာစာက ညက်ညောပြီး
ပင်ကိုယ်ရေးသလို ဖတ်လို့ကောင်းတယ်။
အဲဒီတော့ ဒီရသစာပေ ဝတ္ထု ကြီးနှစ်ခုလုံးကို
ဆရာဘာသာပြန်တဲ့အခါ ဆီလျော်အောင်
ပြန်ဆိုခဲ့သလားလို့ သိချင်ပါတယ်။
ဖြေ။ “လေရူးသုန်သုန်” ရသဝတ္ထုကို
ပြန်ဆိုတုန်းကလည်း ဒီလိုပဲ။
ရသပေါ်အောင် မြန်မာစာပေအရေးအ
သားကို အထူးဦးစားပေးပြီး
မကောင်းကောင်းအောင် ကြိုးစားပြန်ဆိုခဲ့တယ်။
ဆီလျော်အောင် ပြန် တာမဟုတ်ပါဘူး။
တိုက်ဖတ်လို့ရတယ်။ ဒါပေမယ့်
ပရိသတ်က ရသကိုခံစားနိုင်အောင်
လုပ်တာမျိုး တွေရှိတယ်။ ဥပမာဗျာ
- “လေရူးသုန်သုန်” မှာ မင်းသမီး
စကားလက် Scarlet ရဲ့အထိန်းတော်ကြီး
ကို စကားလက်က “မာမီ” လို့ခေါ်တယ်။
သူ့အမေအရင်းကို Mother လို့ခေါ်တယ်။
ဒါကို စာဖတ် သူ နားရှုပ်ပြီး
ရသပျက်မှာစိုးလို့ ကျွန်တော်က
မာမီလို့ မပြန်ဘဲ “ကြီးဒေါ်”
လို့ ပြင်ပေးလိုက်တယ်။ စကားလက်ရဲ့
သမီးကလေးနာမည်ကိုလည်း အင်္ဂလိပ်လိုအတိုင်း
အသံမထွက်ဘဲ မြန်မာစာဖတ် ပ
ရိသတ်မှတ်မိမယ့် “နီလာ” ဆိုတဲ့
အသံထွက်ပေးလိုက်တယ်။ သူတို့နေတဲ့
အိမ် Tara ကို “မြိုင်သာ ယာ” လို့
နာမည်ပေးလိုက်တယ်။ ဒီတော့
ပရိသတ်က စာဖတ်ရတာချောသွားတာ
ဖြစ်ပါလိမ့်မယ်။
မေး။ ဒိုမီနစ်လာပီယဲရဲ့
“အချစ်မိုးကောင်းကင်” ကို
ဆရာဘာသာပြန်ထားတာ ဆေးသိပ္ပံနဲ့
ဆေးသုတေသ နဘာသာရပ်တွေထဲမှာသုံးတဲ့
နည်းပညာဆိုင်ရာစကားတွေ Technical
Terms တွေ အတော်များ များပါတယ်။
ဒါတွေကိုလည်း ဆရာနိုင်နိုင်နင်းနင်း
မြန်မာပြန်ဆိုထားတာ စာဖတ်ပရိသတ်ခံစားနိုင်
အောင် ပြန်ထားတာတွေ့ရတယ်။
အဲဒီလို ပြန်နိုင်အောင် ဆရာဘယ်လိုကြိုးစားခဲ့ပါသလဲ။
ဖြေ။ အမှန်ကတော့ ကျွန်တော်
ဘာသာပြန်တော်လို့ မဟုတ်ဘူးဗျ။
အဲဒီ နည်းပညာဆိုင်ရာ စကားလုံး
တွေ Technical Terms တွေကို မူရင်းစာရေးဆရာ
ဒိုမီနစ်လာပီယဲက သုံးသွားတာ
သိပ်တော်လို့ ပဲ။ သူက အဲဒီစားလုံးတွေကို
နားလည်လွယ်အောင်သုံးသွားတာ။
ဒါကြောင့် ကျွန်တော် ဘယ်ဆရာ
ဝန်၊ ဘယ်ဆေးသုတေသန သမားကိုမှ
မမေးခဲ့ရဘဲ ပြန်နိုင်ခဲ့တာပါ။
ကျွန်တော့်ကို ဒီမေးခွန်းမျိုး
ကို တင်နွယ့်လိုပဲ ဆေးကျောင်းသားတွေ၊
ဆရာဝန်တွေက မေးခဲ့ပါတယ်။
ကျွန်တော် လာပီယဲရေးတဲ့ အတိုင်း
ပြန်ခဲ့တာပါပဲ။
မေး။ ဆရာပြောတဲ့ မှတ်တမ်းဝတ္ထုပုံစံဆိုတာလေး
နည်းနည်းရှင်းပြပေးပါ။
ဖြေ။ မှတ်တမ်းဝတ္ထုဆိုတာ အင်္ဂလိပ်လိုတော့
Docudrama လို့ခေါ်ကြတယ်။ Documentary drama
ပေါ့ဗျာ။ ဟိုတစ်ချိန်က ဒုတိယကမ္ဘာစစ်အပြီးမှာ
တရူမင်ကပုတ် (Trumen Capote) တို့ စရေးခဲ့
တာလေ။ သူ့ဝတ္ထု In Cold Blood က ကမ္ဘာကျော်ဗျ။
တကယ်ဆိုတော့ ခင်ဗျားတို့
သတင်းစာ လောကထဲကလူတွေ စာပေလောကထဲရောက်လာတဲ့အခါ
ဒီလိုပုံစံတွေရေးကြတာလေ။
Cornilius Ryan ရေးတဲ့ The Last Battle လို စာအုပ်မျိုး၊
The Longest Day တို့လို့ A Bridge Too Far လို
စာအုပ်မျိုး The Winds of War လို စာအုပ်မျိုးတွေဗျာ။
ဒိုမီနစ်လာပီယဲကလည်း သတင်းစာဆရာ
ဗျ။ ကျနော်က သူ့ကိုဝတ္ထုရေးဆရာ
novelist လို့တောင် သိပ်မသတ်မှတ်ချင်ဘူး၊
သိလား။ သူရေး ခဲ့တဲ့ Is Paris Burning?
စာအုပ်၊ O Jerusalem စာအုပ် အခု ကိုကျော်အောင်
ဘာသာပြန်သွား တယ်။ OR I will dress you
in mourning ဆိုတဲ့စာအုပ်ကိုလည်း
သူရေးခဲ့တယ်။ သူ့ရေးဟန်က
docudrama ပဲ။ ခုခေတ် ပရိသတ်က သိပ်ကြိုက်တယ်။
မေး။ အပြင်မှာ သက်ရှိထင်ရှားရှိနေတဲ့
သီလရှင်ဆရာကြီး မာသာထရီဇာ
AIDS ရောဂါလက္ခဏာကို ပထမ ဆုံး
စတင်တွေ့ရှိတဲ့ ဒေါက်တာမိုက်ကယ်ဂေါ့လီယာက်၊
HIV ပိုးကိုစပြီး တွေ့ခဲ့တဲ့
အမေရိကန်က ဒေါက်တာ ရောဘတ်ဂါလိုနဲ့
ပြင်သစ်က ဒေါက်တာလက်မွန်တိန်းနီးယားဆိုတဲ့ 
ပုဂ္ဂိုလ်တွေအကြောင်း ကျောရိုးထားပြီးရေးထားတဲ့
လာပီယဲရဲ့ဝတ္ထုဟာ ပုံစံအားဖြင့်
ဆန်းသစ်နေတယ်။ ဇာတ်ကောင်တစ်
ဦးချင်းအကြောင်းလေးတွေ အစပျိုးရေးထားပြီး
နောက်ထပ်ဖြစ်ပေါ်တဲ့ အချက်တွေနဲ့
ဖြည့်စွက်ရေး ပေးတဲ့ အမေရိကန်သတင်းဆရာတွေရဲ့
rehash နည်းတွေသုံးထားပါတယ်။
ဒါကြောင့် လာပီယဲရဲ့ ရေးဟန်ဟာ
ခေတ်ပေါ်ဝတ္ထုတွေထဲမှာ တော်တော်ဆန်းသစ်တဲ့
အရေးအသားပဲဆိုတာ တွေ့ရတယ်။
“သုခမြို့တော်” ကိုလည်း သူ
ဒီပုံစံနဲ့ပဲ ရေးဖွဲ့ခဲ့တယ်။
ဆရာက စာဖတ်လည်းနာတဲ့ ပုဂ္ဂိုလ်ဖြစ်တာ
ကြောင့် အဲဒီရေးဟန်ဟာ သူတို့ဆီက
new journalism ဆိုတဲ့ ပုံစံလို့ ပြောလို့ရမလားဆရာ။
ဖြေ။ အခုန မေးခွန်းနဲ့ ဆက်ပြီးဖြေရမှာပဲ။
လာပီယဲရဲ့ရေးဟန်က ခင်ဗျားမေးတဲ့
ခုခေတ်သတင်းသမား တွေရဲ့ new
journalism ပုံစံလို့ ပြောလို့ရတယ်။
ဒီရေးဟန်ကို စပြီး ရေးကြတာက
Time မဂ္ဂဇင်း စထောင်တဲ့ ဟင်နရီလုစ်
Henry Luce တို့ စရေးခဲ့တာပဲ။ reportage
ဆိုတဲ့ ပုံစံပေါ့ဗျာ။
မေး။ ဘာသာပြန်ဆရာ
translator ဆိုတာ တစ်ဆင့်ပြန်တင်ပြပေးတဲ့
ကြားလူဖြစ်တယ်။ မူရင်းစာရေး
ဆရာရဲ့စာပေကို ရသမပြတ် ပရိသတ်ဆီ
အရောက်ပို့ပေးရတယ်ဆိုတာ ဆရာသဘောတူပါသလား။
ဖြေ။ အဲဒီမေးခွန်းကို ကျွန်တော်
သဘောတူတယ်။ ဘာသာပြန်ဆရာ translator
ဆိုတာ ကြားလူပဲဗျ။ သူက intermediary
လေဗျာ။ မူရင်းစာရေးဆရာရဲ့
စာပေကို ရသမပျက် ပရိသတ်ဆီအရောက်ပို့
ပေးရမယ်။ ကိုယ့်အမြင်မထည့်ရဘူး။
မဖြုတ်ရဘူး။ မူရင်းအတိုင်း
တိကျအောင်၊ ရှင်းလင်းအောင်၊
နားလည်အောင် ပြန်ရမယ်ဗျာ။
မေး။ ဆရာ့ရဲ့ ဘာသာပြန်စာပေတွေဟာ
ကျွန်တော်တို့ မျက်မှောက်ခေတ်
စာပေသမိုင်းရဲ့ မှတ်တိုင်တွေ
လို့ ပြောချင်ပါတယ်။ ဘာသာပြန်မယ့်
မူရင်းစာအုပ်နဲ့ စာရေးဆရာကို
ဆရာရွေးချယ်တဲ့အခါ ဆရာ့မှာ
ဘယ်လို သတ်မှတ်ချက်တွေ ရှိပါသလဲဆရာ။
ဖြေ။ အဓိက ကျွန်တော် သတ်မှတ်တာ
နှစ်ချက်ရှိပါတယ်။ ပထမဆုံး
ကျွန်တော်ကြိုက်တဲ့စာအုပ်ဖြစ်ရ
မယ်။ ကျွန်တော်ကြိုက်မှ ပရိသတ်ကြိုက်အောင်
ကြိုးစားပြန်လို့ရမယ်လေ။
ဒုတိယအချက်က စာ ဖတ်သူနားလည်မယ့်စာအုပ်ကို
ပြန်တယ်။ ပရိသတ် နားမလည်ဘူးထင်တဲ့စာအုပ်ကို
ကျွန်တော် ကြိုက်ပေမယ့် မပြန်ဘူး။
နောက်သတ်မှတ်ချက်တွေထဲမှာ
အကျိုးပြုနိုင်တဲ့စာအုပ်မျိုး
ဖြစ်ရမယ်ဆို တာတွေ ပါလာမယ်ဗျာ။
မေး။ ဆရာရေးခဲ့တဲ့
ဘာသာပြန်စာပေကို အကြမ်းဖျဉ်းအားဖြင့်
နှစ်မျိုး ကျွန်တော်ခွဲထားလို့ရတယ်။
အင်္ဂ လိပ်စာမတတ်တဲ့ ပရိသတ်၊
ဒါမှမဟုတ် အင်္ဂလိပ်လိုဖတ်မထားတဲ့
ပရိသတ် နားလည်ခံစားနိုင်မယ့်
ရသပေးနိုင်တဲ့ စာပေမျိုး၊
နောက်တစ်မျိုးကတော့ အင်္ဂလိပ်စာတတ်တဲ့ပရိသတ်တွေ
အထူးခံစားနိုင် အောင် ဆရာဘာသာပြန်ဆိုရေးနေတဲ့
စာပေမျိုးပဲဖြစ်ပါတယ်။ ဥပမာ
- “စစ်နှင့် ငြိမ်းချမ်းရေး”
“လေ ရူးသုန်သုန်” နဲ့ “သုခမြို့တော်”
လို စာအုပ်မျိုးက ပရိသတ်အားလုံးဆီ
ရောက်မယ်။ ပထမမျိုးပေါ့ ဆရာ။
နောက်တစ်မျိုးကတော့ “ရသစာတမ်း”
လို စာပေမျိုးတွေ အခု ဆရာ မဂ္ဂဇင်းတွေထဲရေးနေတဲ့
ရသ၊ သုတစာပေမျိုးပေါ့။ ဒါ
ကျွန်တော် အကြမ်းဖျဉ်း ခွဲကြည့်တာပဲ။
ဆရာလက်ခံနိုင်ပါသလား။
ဖြေ။ ဟုတ်တယ်။ ခင်ဗျား အကြမ်းဖျဉ်းခွဲကြည့်တာကို
လက်ခံနိုင်ပါတယ်။ အုပ်စုနှစ်ခုပေါ့
ဟုတ်လား။
မေး။ ဒုတိယအမျိုးအစားမှာ
ဆရာ ဘာသာပြန်ဆိုတာတွေဟာ အင်္ဂလိပ်လိုတတ်တဲ့
ဒါမှမဟုတ် အင်္ဂလိပ် လိုဖတ်ထားတဲ့
လူတွေလောက်ပဲ နားလည်ခံစားနိုင်မယ်လို့
ကျွန်တော်ထင်တယ်။ ဥပမာ - ဆရာ
Evil ဆိုတဲ့ “ကောင်းမြတ်ခြင်းနှင့်
ဆိုးယုတ်ခြင်း” ရသစာတမ်း
Essay ကို ပြန်တဲ့အခါ အချို့စကားလုံး
တွေသုံးတာက သာမန် man in the street နားမလည်နိုင်ဘူး။
မာန်နတ်ကို “စာတန်နတ်ဆိုး”
ဆိုရင် နားလည်တဲ့သူနည်းမယ်။
“ခြောက်အိပ်မက်ကြီး” ဆိုတဲ့
စကားလုံး၊ “မျက်စိကန်းသော
စကြဝဋ္ဌာကြီး” ဆိုတဲ့ စကားလုံး၊
“ရိုဘော့တစ်” ဆိုတဲ့စကားလုံးနဲ့
“ရိုမန်းတစ်” ဆိုတဲ့စကားလုံးတွေကိုလည်း
အင်္ဂ လိပ်စာမတတ်တဲ့ပရိသတ်က
နားမလည်ဘူးလို့ ထင်တယ်။ ဒီစကားတွေကို
မြန်မာပြန်ပေးရင် ပရိ သတ်အတော်များများခံစားလာနိုင် မယ်
ထင်ပါတယ်။ ဆရာ့အယူအဆကိုလည်း
ပြောပြပါဦး။
ဖြေ။ ဟုတ်တယ်။ ဒုတိယအမျိုးအစားကတော့
အင်္ဂလိပ်စာဖတ်တတ်တဲ့ ပရိသတ်နဲ့
စာပေဝါသနာရှင် တွေပါတယ်။
ကျွန်တော် “စာတန်နတ်ဆိုး”
လို့ ပြန်တာက ယုဒဿန်ရဲ့ အသံလှယ်ဖို့ကို
ယူပြီး ပြန် လိုက်တာပါ။ ကိုတင်နွယ်ပြောသလို
မာန်နတ်ဆိုရင် ပိုတောင်လွယ်ပါတယ်။
“ခြောက်အိပ်မက်ကြီး” ဆိုတာက
nightmare ကို ပြန်တာ။ ခြောက်လှန့်တဲ့
အိပ်မက်ဆိုးပေါ့ဗျာ။ မြန်မာမှာ
ထမင်းလုံး တစ္ဆေခြောက်တာမျိုးပေါ့။
“မျက်စိကန်းသော စကြဝဋ္ဌာ” ဆိုတာက
The blind universe ကို ပြန် လိုက်တာဗျ။
ကမ္ဘာလောကကြီးက လူမရွေးဘူး၊
နှိပ်စက်တယ်ဆိုတာကို ပြောတာပါ။
ရိုဘော့တစ် robotic ကတော့ ဒီစကားအင်္ဂလိပ်စာထဲ
ရောက်နေတာကြာပြီ။ ချက်နိုင်ငံက
စာရေးဆရာ ကားပက် Capek က RUR စာအုပ်မှာ
လူတွေကို စက်ရုပ်လို robotic ဖြစ်နေပြီလို့
စသုံးခဲ့တာလေ။ ဒီလိုစကားလုံးကိုတော့
ဒီအတိုင်းထားရင် ပိုကောင်းတယ်။
“ရိုမန်းတစ်” ကိုလည်း သုံးနေကြတာပါ
ပဲ။ ဟုတ်တယ် အချို့ကိုတော့
ခင်ဗျားပြောသလို နားလည်အောင်
ပြန်ပေးဖို့လိုတယ်။
မေး။ ကျွန်တော်တင်ပြတာလည်း
ဘာသာပြန်ဆရာက ကိုယ့်ပရိသတ်နားလည်အောင်
ဒါမှမဟုတ် နား လည်လွယ်အောင်
ဘာသာပြန်သင့်ပြန်ထိုက်တဲ့
စကားလုံးမှန်သမျှ ပြန်ပေးသင့်တယ်လို့
ဆိုလိုတာပါ ဆရာ။ ဥပမာ - Count de
sade ကနေ Sadism ဖြစ်လာတယ်။ ဆိတ်ဒ်မြို့စားကြီးက
သူများအနာ တရဖြစ်မှဝမ်းသာတဲ့ဝါဒကို
ကျင့်သုံးတယ်။ ဒါကို ဘာသာပြန်သူက
ရှင်းမပြရင် စာဖတ်သူ ဘာမှ
နား လည်မှာ မဟုတ်ဘူး။
ဖြေ။ ဒီလို နောက်ခံသမိုင်း
ရှင်းလင်းဖြဖို့လိုတဲ့စကားလုံးေ တွကို
ဘာသာပြန်ဆရာက အဓိပ္ပါယ်ပေါ်
အောင် ပြန်ပေးသင့်တယ်။ ဟုတ်တယ်။
မေး။ ဆရာ့ရဲ့ ပင်ကိုယ်ရေးဖြစ်တဲ့
“ထားကျွန်မလင်” “နွံထဲကကြာ”
နဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်
ကိုဖြတ်မည်” ဆိုတဲ့ စာအုပ်တွေဟာ
ဆရာနှစ်ပေါင်းများစွာ ဖတ်ရှုခံစားခဲ့တဲ့
ကမ္ဘာ့စာပေတွေနဲ့ ဆက် သွယ်မှုရှိမရှိ
သိချင်ပါတယ်။
ဖြေ။ “နွံထဲကကြာ” ကတော့ တော်စတွိုင်းလ်ရဲ့
Resurrection ကို ကျောရိုးယူပြီး မှီးရေးတာပါ။
ကျန် တာတွေက ပင်ကိုယ်ရေးပါ။
ဆရာဦးထင်ဖတ် ပြောသလိုပေါ့ဗျာ။
ကမ္ဘာ့စာပေတွေကို ကျွန်တော်
ဖတ်ထားတော့ အဲဒီအထဲက စာပေအသုံးအနှုန်းတွေ
ကျွန်တော်ရေးမိမှာပေါ့။ အင်္ဂလိပ်စာမှာ
The voice of silence ကို တိတ်ဆိတ်ခြင်း၏
အသံဆိုတာမျိုးရေးတာ ကျွန်တော်သဘောကျပြီး
သုံးဖူး တယ်။ တချို့လူကတော့
တိတ်ဆိတ်ခြင်းလည်းဆိုတယ်၊
အသံလည်းဆိုတယ်၊ ဘယ်လိုလဲလို့ပြော
မယ်။ သူတို့ ကမ္ဘာ့စာပေတွေမှာသုံးကြတာပါ။
ဒါကို သေသေချာချာပြန်စဉ်းစားလေ့လာကြည့် မှ
တိတ်ဆိတ်ခြင်းမှာ အသံရှိတာတွေ့ရတယ်။
ဘာသံမှမကြားတဲ့ တိတ်ဆိတ်မှု
ပတ်ဝန်းကျင်က ခင်ဗျားနားထဲမှာပါ
ကျယ်လောင်တဲ့အသံကို ဖြစ်စေတယ်လေ။
မေး။ ကမ္ဘာ့စာပေကို
မြန်မာပရိသတ်နဲ့ နီးစပ်အောင်လုပ်ခဲ့တဲ့
ဆရာ့ရဲ့ စာပေစေတနာကို ပြောပြပါ။
ဖြေ။ ကျွန်တော့်စေတနာကတော့
ကျွန်တော် ဖတ်လိုက် ခံစားလိုက်ရတဲ့
ကမ္ဘာ့စာပေတစ်အုပ်ဆိုပါတော့။
အဲဒါကို ပရိသတ် သိပ်ဖတ်စေချင်တယ်။
ဒါ ကျွန်တော့်ရဲ့ စာပေစေတနာပါ။
ကမ္ဘာ့စာပေကိုဖတ်မှ ကျွန်တော်တို့လူမျိုးတွေ
အတွေးအခေါ်။ ပညာဉာဏ်တွေ တိုးတက်မယ်၊
အမြင်ကျယ်မယ် မဟုတ် လား။
မေး။ မြန်မာစာပေနဲ့
ယဉ်ကျေးမှုကို ကမ္ဘာသိအောင်
ကျွန်တော်တို့ ဘာသာပြန်သမားတွေ
ဘယ်အခန်း ကဏ္ဍက ဘယ်လို ဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ မြန်မာစာပေထဲက ကောင်းတဲ့စာအုပ်ကို
ဘာသာပြန်ဆိုနိုင်တဲ့ အတတ်ပညာရှင်တွေက
ပြန်ဆိုပြီး ကမ္ဘာသိအောင်
လုပ်သင့်ပါတယ်။ အဘိဓာန်လိုမျိုးကတော့
အဖွဲ့နဲ့ လုပ်သင့်ပြီး ရသစာပေကျ
တော့ တစ်ဦးချင်း ကြိုးစားပြန်ဆို
တင်ပြသင့်တယ်။
မေး။ ဆရာ့အနေနဲ့ အင်္ဂလိပ်လို
ဘာသာပြန်ဆိုပြီး ရေးသားဖို့
အစီအစဉ် ရှိပါသလား။
ဖြေ။ အင်္ဂလိပ်စာပေတွေကို မြန်မာလိုပြန်စရာတွေ
တပုံကြီးရှိတယ်။ ကျွန်တော်
အချိန်မပေးနိုင်သေးဘူး။ အင်္ဂလိပ်လို
ဘာသာပြန်ဆိုပြီး ရေးသားဖို့လုပ်နိုင်တဲ့သူတွေက
လုပ်ပေးရင်ကောင်းတာပေါ့ဗျာ။
ကျွန်တော် “ကလျာ” မှာ ရေးတဲ့စာတွေကို
နိုင်ငံခြားမှာ အခု စာအုပ်တစ်အုပ်
ဘာသာပြန်ပြီး ထုတ် ဝေပြီးသွားပြီ။
မေး။ ခေတ်ပြိုင် အနောက်တိုင်းစာပေ
သို့မဟုတ် အခုထွက်နေတဲ့ အင်္ဂလိပ်စာပေတွေမှာ
စာပေအဆင့်အ တန်းမြင့်မားတဲ့
စာပေတွေ ရှိပါတယ်ဆိုရင် ဆရာ
လက်ခံမလား။
ဖြေ။ ခေတ်ပြိုင် အနောက်တိုင်းစာပေ၊
အခုထွက်နေတဲ့ အင်္ဂလိပ်စာပေနဲ့
ကမ္ဘာ့စာပေထဲမှာ စာပေအဆင့်
အတန်းမြင့်မားတဲ့ စာပေတွေရှိပါတယ်။
အီဂျစ်က နာဂတ်မာဖူး (Naguib Mafouz)
တို့၊ ကိုလံဘီ ယာက မားကွက်ဇ်
(Marquez) တို့လို novelists တွေရှိတယ်။
သတင်းသမားတွေရေးတဲ့ စာတမ်း
နဲ့ ဝတ္ထုတွေလည်း အဆင့်အတန်းမီပါတယ်။
မေး။ ဘာသာပြန်လုပ်ငန်းတွင်ကျယ်ပြီး
တိုင်းပြည်ကို အသိဉာဏ်မျက်စိဖွင့်ပေးဖို့
ဘယ်လိုနည်းလမ်းတွေ သုံးသင့်ပါသလဲ
ဆရာ။
ဖြေ။ ကျွန်တော်တို့လူတွေ
အသိဉာဏ်မျက်စိဖွင့်ပေးဖို့
ဘာသာပြန်ဆရာတွေက များများဖတ်ပြီး
များများ ပြန်ဆိုရမယ်။ သုတစာပေနဲ့
ရသစာပေတွေ ပြန်ပေးရမယ်။ တစ်ချိန်တည်းမှာလည်း
ကျွန်တော်တို့ ရဲ့ စာပေနဲ့
ယဉ်ကျေးမှုကို ကမ္ဘာသိအောင်
ဘာသာစကားအမျိုးမျိုးနဲ့ ပြန်ဆိုပေးနိုင်ရမယ်ထင်
တယ်။
မေး။ ကျွန်တော်တို့
“အင်တာနေရှင်နယ်” မဂ္ဂဇင်း
အယ်ဒီတာအဖွဲ့အနေနဲ့ ဘယ်လိုနည်းလမ်းတွေ
ကျင့် သုံးသင့်ပါသလဲဆရာ။
ဖြေ။ လူငယ်တွေကို ဘာသာစကား
Language နားလည်အောင်အပြင် အနုပညာart
ကိုပါ ခံစားတတ် အောင် ခင်ဗျားတို့
ကြိုးစားသင့်တယ်။ သတင်းခေတ်
information age ဆိုပြီး သတင်းတွေချည်း
ပေးလို့မရဘူး။ ခံစားမှုဆိုတဲ့
art အနုပညာကို လူငယ်တွေကို ပေးရမယ်။
ဒါမှ ယဉ်ကျေးသိမ်မွေ့တဲ့
မျိုးဆက် cultured generation ရလာမယ်။ Language
ဘာသာစကား ဗဟုသုတလည်းပေးပါ။
information သတင်းတွေ၊ ဖြစ်ရပ်တွေလည်း
ပေးပါ။ နောက်ဆုံးကတော့ အနုပညာ
art ကို ခံစား နိုင်တဲ့ အရည်အချင်းတွေ
မွေးပေးပါလို့ အကြံပြုလိုတယ်။
(ဆရာမြသန်းတင့်၏ စာပေစေတနာကို
International အယ်ဒီတာအဖွဲ့မှ မှတ်တမ်းတင်ပါသည်။)
The Melting Pot 4 U - Learning English
No comments:
Post a Comment