Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 27, 2013

မူဆယ်မြို့ပေါ် လုယက်မှုများဆက်တိုက်ဖြစ်



ရန်ကုန်- မူဆယ်မြို့ပေါ်တွင် လေးရက်ဆက်တိုက် လုယက်မှုဖြစ်ပွားခဲ့ရာ ဆရာဝန်တစ်ဦး၊ စည်ပင်ဝန်ထမ်းတစ်ဦး အပါအ၀င် လူလေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို မူဆယ်ခရိုင် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့က ဦးဆောင်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဒေါက်တာတင်ရန်၏ ဆေးခန်းအတွင်း၌ စက်တင်ဘာ ၂၁ ရက် ညနေက လုယက်မှုစတင်ဖြစ်ပွားခြင်းဖြစ်ပြီး ကောင်းမှုတုံရပ်ကွက် နှင့် (၄)ရပ်ကွက်များတွင် စက်တင်ဘာ ၂၅ ရက် ညနေအထိ လုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“လုယက်ရိုက်နှက်နေတာတွေက ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေတဲ့အတွက် ခရိုင်အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့ကနေ ကြီးကြပ်ပြီး စစ်ဆေးဖော်ထုတ်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ဒေါက်တာတင်ရန်ကို ၎င်း၏ဆေးခန်းအတွင်းဝင်၍ ရိုက်နှက်ကာ ဆေးခန်းသုံးကတ်ကြေးဖြင့် ထိုးခဲ့ခြင်းကြောင့် မူဆယ်ပြည်သူ့ဆေးရုံ၌ ကုသနေရသည်။ အခြားအမှုလေးမှုမှာ ဆိုင်ကယ်စီးလာသူများက လမ်းမပေါ်တွင် လုယက်ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူများက ဆိုင်ကယ်လေးစီးကို ယူဆောင်သွားခဲ့ကြပြီး ဓား၊ တုတ်တို့ဖြင့် ခုတ်ဖြတ်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လုယက်ခံရသူအားလုံး ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံမှ သတင်းရရှိသည်။

မူဆယ်ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆွေမျိုးတော်စပ်သူ မစံပယ်ဖြူဆိုသူ အသက် (၂၀) အရွယ် အမျိုးသမီးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဓားဖြင့်ခုတ်သည့်ဒဏ်ရာကြောင့် မျက်နှာတွင် ၅၇ ချက် ချုပ်ခဲ့ရကာ အခြေအနေစိုးရိမ်ရ၍ မန္တလေးဆေးရုံကြီးသို့ စက်တင်ဘာ ၂၅ ရက်တွင် လွှဲပြောင်းပေးခဲ့ရကြောင်း သတင်းရရှိသည်။

“လုယက်မှုဖြစ်တဲ့နေရာတွေက တကယ့် လူစည်ကားရာနေရာတွေမှာ နေ့စဉ်ဖြစ်နေပြီး တရားခံကိုလည်း မမိသေးတော့ မြို့ခံအများစု ကြောက်လန့်နေကြတယ်။ အခြေအနေတွေက မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတာ”ဟု မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်၌ နေထိုင်သူတစ်ဦးက ပြောကြားသည်။
မူဆယ်မြို့သည် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့နှင့် နယ်ချင်းစပ်လျက်တည်ရှိပြီး တရုတ်နိုင်ငံသားများအပြင် ဒေသခံများကပါ ဖွင့်လှစ်ထားသော တရားမ၀င် ကာစီနိုလောင်းကစားရုံ၊ ကွန်ပျူတာ ဂိမ်းဆိုင်များရှိသည့်အပြင် ရာမကဲ့သို့သော စိတ်ကြွရူးသွပ်ဆေး ပြားသုံးစွဲမှုမှာလည်း အခြေအနေအလွန်ဆိုးရွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူတချို့က လောင်းကစားရုံတွေမှာ ပိုက်ဆံကုန်လာပြီး ဆေးကြောင့်ပဲဖြစ်ဖြစ်၊ အရက်ကြောင့်ပဲဖြစ်ဖြစ် မူးလာပြီဆိုရင် အခုလိုလုယက်မှုတွေက ထပ်လုပ်နေဦးမှာ။ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်”ဟု အဆိုပါဒေသခံက ပြောသည်။

News From: 7Day News Journal

No comments:

Post a Comment