Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ဒေါ်လာတစ်သန်းတန် ဒစ်ဂျစ်တယ်စာကြည့်တိုက်တည်ဆောက်

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ဒစ်ဂျစ်တယ်စာကြည့်တိုက်တစ်ခုကို ဆမ်ဆောင်းအီလက်ထရွန်နစ် ကုမ္ပဏီနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOI-CA) တို့က ကန် ဒေါ်လာတစ်သန်းခန့် အကုန်အကျခံတည်ဆောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒစ်ဂျစ်တယ်စာကြည့်တိုက်ဖွင့်ပွဲကို သြဂုတ် ၃၀ ရက်က ယင်းကွန်ပျူတာတက္ကသိုလ်၌ ပြုလုပ် ခဲ့သည်။ ဒစ်ဂျစ်တယ်စာကြည့်တိုက်တွင် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာများအသုံးပြုနိုင်ရန် Note ကွန်ပျူတာများ၊ စားပွဲနှင့် ခုံများ၊ လေအေးပေးစက်များ၊ Mobile Printer ၊ Projector Screen အစရှိသည့်တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
၎င်းပစ္စည်းများကို လက်တွေ့အသုံးချနိုင်ရန်နှင့် ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ် ၍ ဆမ်ဆောင်းမှနည်းပညာရှင်များက ပရိုဂရမ်ရေးဆွဲခြင်း၊ Software Engineering၊ Mobile Appli-cation စသည့်နည်းပညာဆိုင်ရာ ဗဟုသုတများ မျှဝေသင်ကြားပေးခဲ့သည်။
"အခုလို ဒစ်ဂျစ်တယ် စာကြည့်တိုက်ဖွင့်လိုက်တာ အားလုံးအတွက် အဆင်ပြေသွားတာပေါ့။ သင်ခန်း စာနဲ့ဆိုင်တဲ့ စာတွေကိုအလွယ်တကူ သိမ်းဆည်းရှာဖွေလို့ရတယ်လေ" ဟု ယင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါ်နွယ်နီက ပြောသည်။
အဆိုပါသင်တန်းကို သြဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ နည်းပညာဆိုင်ရာ မျှဝေမှုများကို မြန်မာနိုင်ငံအပါအဝင် အခြားခြောက်နိုင်ငံတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
"ကိုရီးယားက TCT နည်းပညာနဲ့ပတ်သက်ပြီး ရှေ့ကိုရောက်နေတဲ့ နိုင်ငံတစ်ခုလို့ပြောလို့ရတယ်။ သူတို့မှာ Advance ဖြစ်ပြီးသားနည်းပညာတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖြန့်ဝေပေးတဲ့အစီအစဉ်ရှိ တယ်။ ဒီတက္ကသိုလ်က ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေကို သူတို့မသိသေးတဲ့နည်း ပညာတွေထပ်ပြီး တိုးပွားလာဖို့အတွက် ဒီအစီအစဉ်လုပ်တာပါ" ဟု KOICA မှ ဦးမျိုးမြတ်ထွန်းက ပြော သည်။
ထိုကဲ့သို့ နည်းပညာမျှဝေမှုများအပြင် ကျန်းမာရေးဝန်ဆောင်မှုအနေဖြင့် အခမဲ့အထွေထွေဆေးကုသ ပေးခြင်းကို ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်အေးကျောင်းတိုက်တွင် သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင် လည်းကောင်း၊ မဟာဝိစိတ္တာရပရဟိတ ကျောင်းတိုက်တွင် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်လည်း ကောင်း ပြည်သူများအား အခမဲ့ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်အတွက် ကိုရီးယားမှ အင်ဂျင်နီယာနှင့် ဆရာဝန်၊ ဆရာမများအပါအဝင် လုပ်အား ပေး ၄၉ ဦးခန့်လာရောက် ကူညီပေးခဲ့ကြောင်းသိရှိရသည်။
7Day News Journal
Vol.12, No.26, Sep.4, 2013

No comments:

Post a Comment