Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

မြန်မာ့ရှေးဟောင်း လက်ရာများကို နယူးယောက်မြို့တွင် ပြသရန်စီစဉ်

နှစ်ပေါင်းကြာရှည်စွာ နိုင်ငံတကာ အလယ် အထီးကျန်ခဲ့ရသော မြန်မာနိုင်ငံ၏ ရှေးဟောင်း အနုပညာ လက်ရာများကို အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ Asia Society ပြတိုက်တွင် ပြသနိုင်ရန် ပြတိုက်တာဝန်ရှိ သူများနှင့် ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ တာဝန်ရှိ သူများ ညှိနှိုင်းစီစဉ်လျက် ရှိကြောင်း ယင်းဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြော ကြားသည်။
ပြတိုက်တွင် ၂၀၁၅ ခုနှစ်၌ စတင် ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဆိုင်ရာ အရေးပါသော ပြယုဂ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံတွင်းမှ ရှေးကျပြီး လက်ရာမြောက်သော အနုပညာ ပစ္စည်းများကို စတင်ရှာဖွေနေပြီ ဖြစ်ကြောင်း Asia Society ပြတိုက်၏ ဒါရိုက်တာ Melissa Chiu က ပြောကြား ကြောင်း The New York Times သတင်းဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းဘုရား ဆင်းတုတော်များ၊ ဗုဒ္ဓဆိုင်ရာ ရှေးဟောင်း အနုပညာလက်ရာများနှင့် မြန်မာနိုင်ငံရှိ ပြတိုက် များတွင် ပစ်ပယ်ခံထားရသော ရှေးဟောင်းလက်ရာ အနုပညာပစ္စည်းများ စုစုပေါင်း ၇၀ ကျော်ခန့် ပြသသွားမည်ဖြစ်ကြောင်း ယင်းသတင်းက ဆက်လက်ဖော်ပြသည်။ Asia Society ကို အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ရပ်အဖြစ် ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ပညာရေး၊ အနုပညာနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ၊ မူဝါဒများကို အာရှနိုင်ငံအတွင်း ဆောင်ရွက် လျက်ရှိပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် Asia Society Museum ကို ဖွင့်လှစ် ထားရှိသည်။

No comments:

Post a Comment