Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

အာပူလျှာပူနှင့်မုန့်တီသုပ်


အာပူလျှာပူ မုန့်တီဟင်းရည်ချက်ရန် ငါးရွှေ (သို့) ကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုးနဲ့ ချက်လို့ရပါတယ်။ ငါးရွှေနှင့်ချက်လျှင်တော့ မုန့်တီဟင်းရည် အရသာပိုကောင်းပြီး ပိုချိုပါတယ်။ငါးရွှေကို ရေစင်အောင်ဆေးပြီး တဝက်ကို ဆားနှင့်နယ်ကာ မီးကင်ပေးပါ။တချို့က ပြုတ်ပြီးချက်ကြပါတယ်။ကြိုက်နှစ်သက်သလို ချက်လို့ရပါတယ်။

ကျန်တဝက်ကို မုန့်တီသုပ်ရန်အတွက် ဆား၊နနွင်း၊ငံပြာရည်တို့ဖြင့်နယ်ထားပြီး ရေအနည်းငယ်ထည့်၍ပြုတ်ကာ အသားများကို နွှင်ထားပါ။ပြီးလျှင် ဆီအသင့်အတင့်ထည့်၍ ညက်အောင်ထောင်းထားသော ဂျင်း၊ကြက်သွန်နီနှင့်ကြက်သွန်ဖြူ တို့ကို နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ကြက်သွန်များ ရဲလာပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်ထည့်ကာ နွှင်ထားသော ငါးများကိုလည်း ထည့်ပြီးမွှေပေးပါ။ငါးများကိုခဏကြာမျှနှံ့အောင်မွှေပြီး ဆီပြန်လာလျှင် မုန့်တီသုပ်အတွက် ငါးဆီသတ်လေးရပါပြီ။

အာပူလျှာပူ မုန့်တီဟင်းရည်ချက်ရန် ငါးပိအနေတော်ကို ချက်မည့်ငါးပမာဏပေါ်မူတည်၍ အိုးတလုံးထဲတွင် ရေအနည်းငယ်နှင့် ပွက်ပွက်ဆူအောင် နည်းနည်းကြာကြာ တည်ထားပါ။ငပိများအနည်ထိုင်အောင် ခဏအအေးခံထားပေးပါ။ဂျင်းနှင့်ပဒဲကောအနည်းငယ်ဆီ၊ကြက်သွန်ဖြူ၊လှော်ထားသော ငရုတ်ကောင်းစေ့အနည်းငယ် အားလုံးကိုညက်အောင်ရောထောင်းပြီး ချက်မည့်အိုးထဲသို့ထည့်ပါ။ကင်ထားသော ငါးများကိုလည်း နွှင်ပြီးချက်မည့် အိုးထဲသို့ထည့်ကာ ခဏကြာနှံ့အောင်မွှေပြီး လုံးပေးပါ။ ပြီးလျှင် အအေးခံထားသော ငပိအရည်ကြည်များကို အိုးထဲသို့ လောင်းထည့်ပေးပြီး အနယ်ထိုင်နေသောငပိများ မထည့်လျှင် ပိုကောင်းပါသည်။ရေအသင်အတင့်နှင့်ဆားအနည်းငယ် ထည့်ပေးပြီး ကြာကြာလေး ပွက်ပွက်ဆူအောင် တည်ထားပါ။ပွက်ပွက်ဆူလာလျှင်အပေါ့အငံမြည်းကြည့်ကာ ချိုမွှေးပြီးအရသာရှိသော အာပူလျှာပူ မုန့်တီဟင်းရည်လေးကျက်ပါပြီ

ငရုတ်သီးစိမ်းကို မုန့်တီရည် အသင့်အတင့်ထည့်ကာ မိနစ်အနည်းငယ်ခန့်ပြုတ်၍ မညက်တညတ်ထောင်းထားပါ။မကျည်းသီးအနှစ်ကို ရေနွေးနှင့်စိမ်ပြီး ပျစ်ပျစ်လေးဖျော်ထားပါ။ကြက်သွန်နီ ပါးပါးလှီးပြီး တဝက်ကိုဆီချက် ချက်၍ ကျန်တဝက်ကို မုန့်တီသုပ်အတွက် ဖယ်ထားပါ။နံနံပင် ပါးပါးလှီးထားပါ။မုန့်တီသုပ်အတွက် အားလူး အနည်းငယ်ပြုတ်ထားပါ။ငါးဖယ်ကို ဆား၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့်ရောနယ်ပြီး ညက်အောင်ထောင်းထားသောဂျင်း၊ကြက်သွန်ဖြူ တို့နှင့်အတူ ငါးဖယ်ကို အနည်းငယ်မာသည် အထိထောင်းကာ သင့်ရုံအပြားလေးများပြုလုပ်ပြီး ကြော်ထားပါ။
အာပူလျှာပူ မုန့်တီဟင်းရည်သောက်ရန် မုန့်ဟင်းခါးဖတ်၊ပဲကြော်၊ငါးဖယ်ကြော်၊နံနံပင်၊ငရုတ်သီးစိမ်း၊မကျည်းရည် တို့ထည့်ကာ ချိုမွှေးပြီးအရသာရှိသော အာပူလျှာပူ မုန့်တီဟင်းရည်လေး သုံးဆောင်လို့ ရပါပြီရှင်။
မုန့်တီသုပ် အတွက် မုန့်ဟင်းခါးဖတ်၊ပဲကြော်၊ငါးဖယ်ကြော်၊နံနံပင်၊ငရုတ်သီးစိမ်း၊မကျည်းရည်၊ကြက်သွန်နီ၊ဆီချက်၊အားလူး၊ငံပြာရည် တို့ထည့်ကာ အရသာရှိသော မုန့်တီသုပ်လေး သုံးဆောင်လို့ ရပါပြီရှင်။

No comments:

Post a Comment