Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

မွတ်စလင်သူပုန်များ ဖိလစ်ပိုင်တောင်ပိုင်းရှိမြို့အား တိုက်ခိုက်


Moro National Liberation Front leader Nur Misuari inspects his armed followers in one of the group's camps on Aug. 12, 2013.(Photo: AFP/Getty Images)

  လက်နက်များ ကိုင်ဆောင်ထားသည့် မွတ်စလင်သူပုန် ၁၀၀ ဦးခန့်ပါဝင်သည့် အုပ်စုတစ်စုသည် တိုက် ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ပျားပန်းခပ်မျှ စည်ကားခဲ့သည့် မြို့ တစ်မြို့တွင် ခြောက်ကပ်ပြီးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရကြောင်း အာဏာပိုင်များကဆို စက်တင်ဘာ ၁၀ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။
ထိုသူပုန်အုပ်စုမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆန့်ကျင်သည့် အုပ်စုဖြစ်သည်။

မော်ရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး (MNLF) ခေါင်းဆောင် Nur Misuari ၏ နောက်လိုက်များ သည်အရုဏ်တက်အချိန်တွင် လှေဖြင့်ဇမ်ဘိုအန်ဂါ (Zamboanga) မြို့၏ ပင်လယ်ကမ်းခြေဒေသသို့ ၀င်ရောက်လာခဲ့ရာ၊ စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အနည်းဆုံးစစ်သားတစ်ဦး သေဆုံးခဲ့ကာ ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ဖိလစ်ပိုင်စစ်ဘက်က ဆိုသည်။

ထို့နောက်တွင် တိုက်ပွဲမှာ မြို့ထဲအထိပျံ့နှံ့သွားခဲ့ပြီး၊ သူပုန်များက အရပ်သား ၂၀ ခန့်ကို ဓားစာခံများ အဖြစ်ခေါ်ဆောင်ခဲ့ကြပြီး အစိုးရတပ်များ တိုက်ခိုက်လာမည့်အရေးကို တားဆီးခဲ့ကြသည်။

“ဇမ်ဘိုအန်ဂါမြို့ထဲကို MNLF အဖွဲ့ ကျူးကျော်ဝင်ရောက်လာခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြို့ တော်ခန်းမမှာ သူတို့ရဲ့လွတ်လပ်ရေး အထိမ်းအမှတ်အောင်လံကို လွှင့်ထူဖို့ပါပဲ” ဟု မြို့တော်ဝန် Isabelle Climaco-Salazar က ပြောခဲ့သည်။

“ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူ ခန့်မှန်းခြေ အယောက် ၂၀ လောက် ရှိနေပါတယ်” ဟု သူမ ကဆိုသည်။

ဖိလစ်ပိုင်တွင် နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပေါ်နေခဲ့သည့် မွတ်စလင်သူပုန်ထမှုကြောင့် လူပေါင်း ၁၅၀,၀၀၀ ကျော်သေဆုံးခဲ့ရပြီး ဖြစ်ကာ၊ လက်နက်ကိုင်အုပ်စုများစွာ ပေါ်ပေါက်လာခဲ့ပြီး၊ မင်ဒန်နို (Mindanao) ကျွန်းစုဒေသ၏ တချို့နေရာများတွင် ဥပဒေစိုးမိုးမှု တောက်လျှောက်ပျက်ပြားခဲ့ရသည်။

၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းကတည်ထောင်ခဲ့သည့် MNLF အဖွဲ့မှ ခွဲထွက်လာခဲ့သည့် Nur Misuari ၏ အဖွဲ့သည်၊ ကက်သလစ် ခရစ်ယာန်အများစုနေထိုင်ကြသည့် ဖိလစ်ပိုင်နိုင်ငံထဲမှ၊ လွတ်လပ် သောအစ္စလာမ်မစ်နိုင်ငံတစ်ခု ခွဲထွက်ရန်တောင်းဆိုမှုများ ထပ်မံပြုလုပ်နေသည့်အဖွဲ့ ဖြစ်သည်။

အစိုးရမှာ သူပုန်အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရာတွင် မအောင်မမြင် ဖြစ်နေခဲ့သည်။ ၎င်း၏ အုပ်စုကို အစိုးရကပထုတ်နေသည်ဟု ယုံကြည်သည့်အတွက် အစိုးရနှင့် ၎င်း၏အုပ်စုခွာပြဲပြီဖြစ်ကြောင်း Misuari ကလွန်ခဲ့သည့်လက ထပ်မံကြေညာခဲ့သည်။

MNLF မှခွဲထွက်လာခဲ့သည့် အဖွဲ့များထဲမှ အချို့အဖွဲ့များမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေးစားလိုက်နာကြသော်လည်း၊ Misuari ၏အဖွဲ့အပါအ၀င် တချို့အဖွဲ့များမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆန့်ကျင်ကြ သည်။

စစ်တပ်၏ တိုက်ခိုက်ခြင်းကို မခံရစေရန်အတွက် သူပုန်များသည် ထိုမြို့မှဓားစာခံများအား လူသားဒိုင်း သဖွယ်အသုံးချခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက်က ဆိုခဲ့သည်။

ထိုမြို့ပေါ်ရှိလမ်းများမှာ ခြောက်ကပ်နေပြီး ဆိုင်များမှာလည်း ပိတ်ထားကြသည်။ လက်နက်များ ကိုင်ဆောင်ထားကြသော ပုဂ္ဂလိကလုံခြုံရေး အမှုထမ်းများနှင့် ဖိလစ်ပိုင်စစ်သားများသည် လေဆိပ်၊ ဟိုတယ်များ၊ ဘဏ်များနှင့် တခြားအရေးပါသည့် နေရာများတွင် စောင့်ကြပ်နေကြသည်။

BBC

http://www.usatoday.com/story/news/world/2013/09/10/philippines-zamboanga-clash/2791119/

No comments:

Post a Comment