Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ ဦးနှုန်း သေဆုံးနေ


နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ ဦးနှုန်း သေဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရှစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၉၀၅၈ မှု၊ သေဆုံးသူ ၂၄၁၇၊ ဒဏ်ရာရရှိသူ ၁၅၆၇၅ အထိ ရှိကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုများ လျော့ကျစေရန်အတွက် လမ်းအန္တရာယ် ကင်းစင်ရေး စီမံခန့်ခွဲမှု၊ လုံခြုံရေး ကောင်းမွန်သော လမ်းများနှင့် ခရီးသွားလာနိုင်မှု၊ လုံခြုံမှုရှိသည့် မော်တော်ယာဉ်များ အသုံးပြုနိုင်မှု၊ စည်းကမ်းလိုက်နာသော လမ်းအသုံးပြု သူများရှိရန် လိုအပ်မှုနှင့် ထိခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်မှု ကောင်းမွန်ရန် လိုအပ်မှု စသည့်ငါးချက်ကို ချမှတ်ကာ လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ထံမှ သိရသည်။

''ယာဉ်တိုက်မှု ဖြစ်စဉ်တွေ လျော့ကျဖို့ အချက် ငါးချက်စလုံး ဟန်ချက်ညီညီ တိုးတက်ဖို့ လိုအပ်တယ်။ ဒီအချက်ငါးချက်က ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ဖွဲ့တည်း ဆောင်ရွက်လို့ မရဘူး။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက အစိုးရအဖွဲ့တွေ၊ NGO တွေ၊ လမ်းအသုံးပြုသူတွေ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် နောက်ဆုံးအချက်က ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူကို အမြန်ဆုံး သွားရောက်ပြီး ဆေးကုသမှု ပေးရပါမယ်။ အနီးစပ်ဆုံး ဆေးရုံကို ပို့ဆောင်ပေးရမယ်။ ဒီကဏ္ဍမှာဆိုရင် ဆေးကုသမှု အပိုင်းတွေ၊ အရေးပေါ်ယာဉ်တွေ အများကြီး လိုအပ်တယ်။ ရန်ကုန်မှာဆိုရင် အရေးပေါ် လူနာတင်ယာဉ် သုံးစီးပဲ ရှိပါသေးတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ၁၉၉၉ မှု၊ ဖေဖော်ဝါရီတွင် ၁၁၂၇ မှု၊ မတ်တွင် ၁၁၈၆ မှု၊ ဧပြီတွင် ၁၃၂၁ မှု၊ မေတွင် ၁၀၇ မှု၊ ဇွန်တွင် ၁၀၈၈ မှု၊ ဇူလိုင်တွင် ၁၀၈၀ မှု၊ သြဂုတ်တွင် ၁၀၅၀ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စက်တင်ဘာ ၉ ရက် ညပိုင်းက ယာဉ်တိုက်ခံခဲ့ရသူအား လူနာတင်ယာဉ်ပေါ်သို့ တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Eleven Media Group

No comments:

Post a Comment