Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

စီမံချက်ဖြင့် လိုက်လံတိုက်ကျွေးနေသည့် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးသောက်အပြီး အော့အန်မှုကြောင့် ကလေးငယ်အချို့ ဆေးရုံသို့ ရောက်ရှိ



မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်အဖြစ် Diethyl Carbarmazine Citrate (DEC) နှင့် Albendezole ဆေးတိုက်ကျွေးမှုများ ပြုလုပ်လျက် ရှိနေရာ ဆေးသောက်သုံးမှုအပြီး အော့အန်မှုကြောင့် ဆေးရုံတက်ရောက် ကုသရသည့် ကလေးငယ်အချို့ ရှိနေကြောင်း သိရသည်။

လက်ရှိ ရန်ကုန်ကလေးဆေးရုံကြီးတွင် စီမံချက်ဖြင့် တိုက်သည့်ဆေးများ သောက်သုံးအပြီး တက်ရောက်ကုသရသည့် ကလေးငယ် နှစ်ဦးခန့် ရှိနေကြောင်း၊ ယင်းကလေးငယ်နှစ်ဦးမှာ ဒေါပုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်နေ အသက်ခုနစ်နှစ်အရွယ် ယောက်ျားလေးများ ဖြစ်ကြောင်းနှင့် ကလေးနှစ်ဦးလုံးမှာ ဆေးသောက်ပြီး မကြာမီ အော့အန်ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

"အခု ဆေးရုံတက်နေတဲ့ ကလေးနှစ်ဦးလုံးက ဆေးရုံကို ညနေပိုင်းလောက်က ရောက်လာတာပါ။ ကလေးနှစ်ဦးက ရှော့ခ်ဖြစ်ပြီး ရောက်လာတာတော့ မဟုတ်ဘဲ အန်လို့ရောက်လာတာပါ။ သူတို့မိသားစုတွေကို မေးကြည့်တော့ တခြားထူးထူးခြားခြား စားထားတာလဲ မရှိဘူးလို့ ပြောပါတယ်။ တချို့ကလေးတွေက ဆေးသောက်ရင်ကို အန်တတ်တဲ့အကျင့်ရှိတဲ့ ကလေးတွေလည်းရှိတော့ ဒါကထူးထူးခြားခြား ဖြစ်တာမျိုး မဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်တယ် ဆိုတာကို အတိအကျ ပြောလို့မရပါဘူး။ အခုနှစ်ဦးလုံး သက်သာသွားတဲ့အတွက် ဒီညနေ ဆေးရုံက ဆင်းကြတော့မှာပါ" ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာမေလွင်က စက်တင်ဘာ ၁၀ ရက်က ပြောကြားသည်။

ဆေးတိုက်ကျွေးရာတွင် Diethyl Carbarmazine Citrate (DEC) နှင့် Albendezole ဆေးနှစ်မျိုးပေါင်းပြီး တစ်ကြိမ်တည်း တိုက်ကျွေးခြင်းဖြစ်ကြောင်း၊ အသက်နှစ်နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသည်း၊ ကျောက်ကပ်၊ ပန်းနာ စသည့်နာတာရှည် ရောဂါများ၊ ဆင်ခြေထောက်ရောဂါကြောင့် ဆေးသောက်နေရသူများ၊ အိပ်ရာထဲ လဲနေသည့် လူများမှအပ ကျန်သူများ အားလုံးကို တိုက်ကျွေးခြင်း ဖြစ်ကြောင်းနှင့် အသက်နှစ်နှစ်မှ ငါးနှစ်အရွယ်အထိ တစ်ခြမ်း၊ အသက်ခြောက်နှစ်မှ ၁၄ နှစ်အထိ ဆေးတစ်ပြား၊ အသက် ၁၄ နှစ်နှင့်အထက် ဆေးတစ်ပြားနှင့် တစ်ခြမ်းစီ တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ တိုက်ခန်းမှာကျတော့ တိုက်ခန်းမှာစောင့်တဲ့ ဦးလေးကြီးကပဲ ဆင်ခြေထောက်ဆေးဆိုပြီး တိုက်ခန်းမှာရှိတဲ့ အခန်းတိုင်းကို လိုက်ပေးသွားတယ်။ တခြားဘယ်ကျန်းမာရေး ၀န်ထမ်းမှ မပါဘူး။ တခြား မြို့နယ်တွေမှာတော့ ကျန်းမာရေး ၀န်ထမ်းတွေက တစ်အိမ်တက်ဆင်း လိုက်တိုက်တယ်လို့တော့ ကြားပါတယ်" ဟု ကမာရွတ်မြို့ နယ်၊ ၇ ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောပြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတိုက်ကျွေးရာတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် ဆေးတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ဆေးသောက်ရာတွင် ဆေးကိုအစာစားပြီးမှ သောက်ရန်လိုအပ်ပြီး ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ် မူးဝေတတ်ကြောင်း၊ ဆေးအာနိသင်ကြောင့် ရောဂါပိုးများ သေသွားခြင်းကြောင့် ဖျားခြင်း၊ ညောင်းညာကိုက်ခဲခြင်းများ ဖြစ်ပေါ်တတ်သော်လည်း ယင်းလက္ခဏာများမှာ ရောဂါပိုး အမြောက်အမြား ရှိနေသူများ၊ ပထမအကြိမ် သောက်သုံးစဉ်တွင် ဖြစ်ပေါ်လေ့ရှိကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ပါက ဆေးတိုက်အဖွဲ့နှင့် ဆက်သွယ်အကြောင်းကြားရန် လိုအပ်ကြောင်း သိရသည်။

ထိုကဲ့သို့ ညွှန်ကြားချက်များ ရှိနေသော်လည်း ယခုဆေးတိုက်ကျွေးရာတွင် သတိထားရမည့် အချက်များနှင့် ဆေးကြောင့်ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာ ရှင်းပြခြင်း မရှိသည့်အပြင် အချို့မြို့နယ်များတွင် ကျန်းမာရေးဝန်ထမ်းများပင် မပါရှိဘဲ ရပ်ကွက်တာဝန် ရှိသူများကသာ လိုက်လံတိုက်ကျွေး နေသောကြောင့် ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်နေကြရကြောင်းလည်း သိရသည်။

"ကျွန်တော်တို့အိမ်ကို လာတိုက်တုန်းကတော့ ဘယ်ကျန်းမာရေး ၀န်ထမ်းမှ မပါဘူး။ ရပ်ကွက်ထဲက လူကြီးတွေက မသောက်မနေရဆိုပြီး အတင်းလာတိုက်တာပဲ။ အိမ်ရှိလူကုန် အကုန်သောက်ရမယ်ပြောတော့ ကျွန်တော့်သမီးဖျားနေလို့ သောက်ပြီးတစ်ခုခုဖြစ်ရင် တာဝန်ယူမလားလို့ မေးတော့မှ အဲဒါဆိုရင် နောက်မှသောက်ပါလို့ ပြောသွားတယ်။ ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်တယ် ဆိုတာလည်း သေချာမပြောသွားဘူး" ဟု တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၌ ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှု ပြန်လည်တွေ့ရှိနေသည့်အတွက် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်အဖြစ် တစ်နိုင်ငံလုံးအနှံ့ ဆေးများတိုက်ကျွေးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားသူဦးရေ အနည်းငယ် မြင့်တက်နေခြင်းကြောင့်ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ လမ်းန်ချက်အရ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်ဖြင့် ဆေးတိုက်ရန် လိုအပ်သည်မှာ မှန်သော်လည်း စနစ်တကျမရှိသော ဆေးတိုက်ပုံ နည်းစနစ်ကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိလာပြီး အများပြည်သူ အထိတ်တလန့် ဖြစ်ပေါ်လာနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက သုံးသပ်ပြောကြားသည်။

ဆင်ခြေထောက်ရောဂါပိုးသည် မြန်မာနိုင်ငံအတွင်းရှိ ရှမ်း၊ ကယားနှင့် ချင်းပြည်နယ်များမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အမြစ်တွယ်လျက်ရှိပြီး မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များတွင် ရောဂါတွေ့ရှိမှုနှုန်းမှာ တစ်ရာခိုင်နှုန်းအောက် လျော့နည်းနေပြီဖြစ်ကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါသည် လူမှလူသို့ တိုက်ရိုက်ကူးစက်ခြင်းမျိုး မဟုတ်ဘဲ ခြင်မှတစ်ဆင့် ကူးစက်သည့် သံကောင် (Worm Wuchereria) ကပ်ပါးပိုး တစ်မျိုးကြောင့် ဖြစ်ကြောင်း၊ ဆင်ခြေထောက် ရောဂါပိုးကို သယ်ဆောင်ထားသည့် ကျူးလက် (စ်) ဟုခေါ်သည့် ခြင်အမျိုးအစားကြောင့်ဖြစ်ပြီး ယင်းခြင်သည် ရေပုပ်၊ ရေသိုးမြောင်းများ၊ မလုံခြုံသော အိမ်သာကျင်းများတွင် ပေါက်ပွားလေ့ရှိကြောင်းနှင့် အရှေ့တောင်အာရှတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ကိုးနိုင်ငံ၌ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်လျက်ရှိကြောင်း သိရသည်။

Eleven
(တာမွေမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးနေသည်ကို တွေ့ရစဉ်)


 
ဘေးထွက်ဆိုးကျိုး ကြောက်၍ ဆင်ခြေထောက်ကာကွယ်ဆေး သောက်သုံးသူနည်းပါး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ကျန်းမာရေးဝန်ကြီးဌာန၏ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု တိုက်ဖျက်ရေး စီမံကိန်းအရ နိုင်ငံတစ်ဝန်း မြို့နယ်များသို့ ကာကွယ်ဆေးများ အိမ်တိုင်ရာရောက် လိုက်လံပေးသော်လည်း ဆေး၏ ဘေးထွက်ဆိုးကျိုးကို ကြောက်၍ သောက်သုံးသူ နည်းပါးကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူအချို့ထံမှ စုံစမ်းသိရှိရသည်။

ကျန်းမာရေးဝန်ကြီဌာနက ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ခြောက်ခုတွင် စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများ အိမ်တိုင်ရာရောက် ဝေငှပေးရန် စီစဉ်ထားသည်။

သို့သော် ကာကွယ်ဆေးရရှိပြီးသော မြို့နယ်များတွင် နေထိုင်သူအများစုက အဆိုပါဆေးများသည် မူးမော်ခြင်း၊ ကျန်းမာရေး မကောင်းသူများအတွက် အန္တရာယ်များခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည့်အတွက် ဟုဆိုကာ သောက်သုံးသူ နည်းပါးကြကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက The Voice သို့ ပြောကြားသည်။

"အခု ကျွန်တော်သိသလောက် ဆေးလာပေးလို့သာ ယူလိုက်ကြတာ မသောက်ရဲကြဘူး။ ပိုဆိုးတာက ရွာက အမျိုးတွေက ရန်ကုန်ကိုတောင် ပြန်ဖုန်းဆက်ပြီး ဒီဆေးတွေမသောက်ဖို့ လှမ်းပြောသေးတယ်။ နယ်ဘက်တွေမှာ ပိုဆိုးနေတယ် ကြားတယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ကာကွယ်ဆေး တိုက်ကျွေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးမသောက်သင့်သူ အုပ်စုအကြောင်း ရှင်းလင်း ပြောကြားကြသော်လည်း ဆေးအပေါ် ယုံကြည်စိတ်ချမှု မရှိသောကြောင့် မိသားစုအားလုံး မသောက်သုံးကြောင်း သာကေတမြိုနယ်နေ အမျိုးသမီးတစ်ဦး က The Voice သို့ ပြောဆိုသည်။

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးနှင့် မတည့်သူများသည် အရေပြားတွင် အနီကွက်ကြီးများ ပေါ်လာတတ်ကြောင်း၊ စိုးရိမ်ရသော ဘေးထွက်ဆိုးကျိုးမှာ မျက်လုံးနှင့် မျက်နှာတစ်ဝိုက်ယားယံပြီး ရောင်လာခြင်း ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။
ဆေးသောက်ပြီးချိန် ခေါင်းမူးတတ်ခြင်းမှာ ဆေးအားလုံးလိုလို၏ ဘေးထွက်ဆိုးကျိုးသာ ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
"ဆေးပေးတဲ့နေရာမှာ တစ်ယောက်စာ ဆေးအိတ်တွေနဲ့ ပေးပါတယ်။ အဲဒီဆေးအိတ် ထဲမှာ ဘယ်လိုသူတွေ သောက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထည့်ထားပြီးသားပါ" ဟု ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က ရှင်းပြသည်။

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး မတိုက်ရမည့်အုပ်စုတွင် အသက် ၂ နှစ်အောက် ကလေးများ ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေမကောင်းဖြစ်နေသူများ၊ ဆီးချို ရောဂါရှင်များ ပါဝင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကာကွယ်ဆေး DEC (Diethyl Carbamzine) အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆင်ခြေထောက် ကာကွယ်ဆေးပြား ၄၆ သန်း ပံ့ပိုးထားပြီး ယင်းနှင့်အတူ တွဲပေးသော သန်ချဆေး (Albendazole) ကို GSK က ပံ့ပိုးကူညီခဲ့သည်။

စီမံချက်စတင်သည့် နယ်မြေများသည် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ပြီး ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ ထပ်မံ ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ဒေသများတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုများ ရှိကြောင်း ဆင်ခြေထောက် ရောဂါ ကာကွယ်ရေး စီမံချက်ထံမှ သိရသည်။

No comments:

Post a Comment