aရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်ကနေအိမ်ကို ပြန်ရန်တော့ ကင်မရာထဲက
မဲန်မိုရီစတစ်ကို ထုတ်ပြီး card reader ထဲထည့်ကာ
ကွန်ပျုတာနဲ့ချိတ်လိုက်ပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့
ပုံတိုင်းလိုလိုက စိမ်းစို
မှိုင်းဝေနေတဲ့ရှမ်းပြည်ရဲ့ အလှကို ဖော်ပြနေတာမို့ ကျေနပ်စရာရယ်ပါ..
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးကို ရောက်ခဲ့ပြီး
စောမွန်လှမွေးဖွားခဲ့တဲ့ အိမ်တော်ရာဟောင်း နေရာကိုလည်း ဒုတိယအကြိမ်
ရောက်ခဲ့ပြန်ပါတယ်။ ပထမအကြိမ်ရောက်ပြီး နောက်ပိုင်းမှာလည်း
စောမွန်လှအကြောင်း စာရေးဖြစ်ခဲ့သလို ခု ဒုတိယအကြိမ် ရောက်ပြန်တော့လည်း
စောမွန်လှနဲ့ပတ်သက်ပြီး စာရေးချင်စိတ်က တားဆီးမရဖြစ်လာတာမို့
ရေးမိရပြန်ပါတယ်။ စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ
အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။ ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့
ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ
နာမည်ကြီးတုန်းဖြစ်ပါတယ်။ ချောမောလှပတဲ့ စယ်လန့်ရွာသူ တစ်ယောက်အကြောင်း
ပြောပြရမယ်ဆိုရင် ပုဂံရာဇဝင်တွေ ထဲမှာပါတဲ့ အနော်ရထာမင်းကြီးရဲ့
မိဖုရားတစ်ပါး ဖြစ်ခဲ့သူ ရှမ်းမင်းသမီး စောမွန်လှကို ညွှန်ပြရမှာဖြစ်ပါတယ်။စောမွန်လှမွေးဖွားရာ နန်းတော်ဟောင်းနေရာလေးဟာ ရှမ်းပြည်မြောက်ပိုင်း
မူဆယ်မြို့နဲ့ မဝေးလှတဲ့ စယ်လန့်ရွာကလေးဆီက သာယာလှတဲ့ တောင်ကုန်းလေးပေါ်
တည်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တစ်ထောင်ကျော်ခန့် ကတည်းက ကြီးကျယ်
စည်ကားခဲ့တဲ့ မောရှမ်းဘုရင်တို့ စိုးစံခဲ့ရာ စယ်လန့်ရွာရှိ
နန်းတော်ဟောင်းနေရာဟာ ခုချိန်မှာတော့ ဘုရားကျောင်းကန် စေတီပုထိုးတွေ
တည်ထားပြီ ဖြစ်ပါတယ်။ မယ်ဇလီပင်တွေနဲ့ အုပ်ဆိုင်းညှို့မှိုင်းနေတဲ့
တောင်ကုန်းလေးဟာလည်း သာသာယာယာလည်း ရှိသလို လွမ်းစရာ ဆွေးစရာလည်း
ကောင်းလှပါတယ်။ နန်းတော်ဟောင်းနေရာကနေ ဘေးပတ်ဝန်းကျင် ရှုခင်းတွေကို
ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်းက မိဖုရား စောမွန်လှကို ထူးထူးခြားခြား
သတိရမိပါတယ်။ ကျွန်မ ဓာတ်ပုံ ရိုက်တဲ့နေရာမှာ ခုံတန်းလေးတစ်ခု ရှိပါတယ်။
အဲဒီမှာထိုင်ပြီး ကြည့်လိုက်ရင် ဟိုးခပ်ဝေးဝေးက မှိုင်းညှို့ရီဝေနေတဲ့
တောင်တန်းပြာပြာတွေကို လွမ်းမောစဖွယ် မြင်ရပါတယ်။ နန်းတော်နဲ့
မလှမ်းမကမ်းကနေ တိတ်ဆိတ်ညင်သာ ငြိမ်းချမ်းစွာ ရစ်ခွေစီးဆင်းနေတဲ့
ရွှေလီမြစ်ကြီးကိုလည်း နေရောင်အောက်မှာ ငွေရောင်တွေ တလက်လက် တောက်ပနေတာကို
လှမ်းမြင်နိုင်ပါသေးတယ်။ မြစ်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့
ကျယ်ဝန်းပြန့်ပြူးလှတဲ့ မြေနုလွင်ပြင်တွေရှိပြီး ရှမ်းတောင်သူတွေရဲ့
လယ်ခင်းတွေ စိုက်ခင်းတွေ မျက်စိတဆုံး ရှုမဆုံးနိုင်အောင် စိမ်းလန်းစိုပြေစွာ
တည်ရှိနေပါတယ်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 14, 2013
စောမွန်လှ အလွမ်း
Reviewed by VC
on
September 14, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment