Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 28, 2013

တရားရှာ ကားမှာတွေ့

တရားရှာ ကားမှာတွေ့
အခုတစ်လော ရုံးသို့ အမြဲနောက် ကျလေ့ရှိသူမှာ ဦးဇော်ထူး ဖြစ် သည်။ ဦးဇော်ထူးကဲ့သို့ ရာထူးကြီး ကြီး ပိုင်ဆိုင်ထားသူ တစ်ယောက် ရုံးနောက် ကျခြင်းကို မည်သူမျှ အပြစ်ပြောရဲမည် မဟုတ်သော် လည်း ဦးဇော်ထူးသည် မိမိလိပ် ပြာ မိမိမလုံ။ နှစ်ပေါင်းများစွာ ထမ်းရွက်ခဲ့သည့် ဝန်ထမ်းရာဇ ဝင်တွင် အကြောင်းမဲ့ ပျက်ကွက် ခြင်း၊ နောက်ကျခြင်းဟူ၍ မရှိခဲ့။ အခုလို နောက်ကျခြင်းသည် လည်း သူတစ်ယောက်တည်း မဟုတ်။ တစ်ရုံးလုံးပင်။ သို့သော် အကြောင်းပြချက်များ ကတော့ တစ်ယောက်တစ်ပေါက် ထွက်လာ ခြင်းမျိုး မရှိ။ တညီတညာ တည်းပင်။
ကားကျပ်ခြင်း။ ကားကျပ်တာ ကိုတော့ ကိုယ် တိုင်ကားမောင်း၍ ရုံးတက်သော ဦးဇော်ထူးအနေဖြင့် ကိုယ်တွေ့ သိသော်လည်း စိတ်တိုင်းမကျ။ ကားကျပ်တိုင်း ရုံးနောက်ကျလို့ မဖြစ်။ ထိုကြောင့် စံပြအနေဖြင့် ဖြစ်အောင် ရုံးချိန်အမီ ရောက်ရန် စီစဉ်ထားသည်။ သာမန်ထက်စောပြီး အိပ်ရာ မှ ထသည်။ ရုံးချိန်ထက် တစ်နာရီ တိတိ စော၍ထွက်လာသည်။ သိပ် မဆိုးလှ။ ၉ နာရီဝန်းကျင်ဆိုလျှင် ကျပ်ပိတ်နေသည့် မီးပွိုင့်တွင် ကား များရွေ့နေသည်။ ဖြူစိမ်းဆင်တူ ဝတ် ကျောင်းသားများကို တင် ဆောင်လာသည့် ကျောင်းကား တစ်စီးက နောက်မှကျော်တက် ကာ လက်ပြပြီး လမ်းတောင်းနေ သဖြင့်ရှေ့မှ ပေးဝင်လိုက်သည်။
ကျောင်းသားလေးတွေလည်း ကျောင်းမီအောင် စောစောသွား နေရပြီ ထင်သည်။ စိတ်လိုလက်ရ ပေးဝင်လိုက်သည်။ ကျောင်းသား လေးတွေကို အခုလို ဦးစားပေး လိုက်ရသဖြင့် ပီတိဖြစ်မိသည်။ တစ်နည်းအားဖြင့် ဒါနပါရမီ ဖြည့် ဆည်းခြင်းပင် မဟုတ်လော။ အဆိုပါ ပီတိများသည် တစ် ပွိုင့်တောင် မခံ။ နောက်တစ်ပွိုင့် တွင်လည်း ကားများရှင်းနေသဖြင့် အရှိန်အနည်းငယ်တင်၍ မောင်း လိုက်သည်။ သို့သော် " ကျီ" မီးပွိုင့်ထိပ်ရောက်မှ မီးဝါ သွားသဖြင့် ဘရိတ်ကို စောင့်နင်း လိုက်သည်။
ဘာပဲပြောပြော အခု လို တစ်ခါတည်းနှင့် မီးပွိုင့်ထိပ်ဆုံး သို့ မရောက်သည်မှာ ကြာခဲ့လေ ပြီ။ မီးပွိုင့်တွင် စိတ်အေးလက် အေး စောင့်နေတုန်းမှာပဲ ကွေ့ ကြောမှ ကျော်တက်လာသည့် ဘီအမ်ဘတ်စ်ကားတစ်စီးက ဘာ မပြော ညာမပြောနှင့် ရှေ့ဆုံးမှ ဝင် ပိတ်ကာ ခပ်တည်တည်နှင့် ရှေ့ ဆုံးနေရာကို ယူလိုက်သည်။ ဦးဇော်ထူး စိတ်ထဲတွင် ထောင်းခနဲဒေါသထွက်သွား သည်။ ဒါသက်သက်လူပါးဝတာ။ စပယ် ရာနှင့် ဒရိုင်ဘာကတော့ ခပ်တည် တည်ပင်။ စပယ်ယာပေးသည့် ရေ ဘူးကိုပင်ယူကာ ဒရိုင်ဘာက လမ်း ပေါ်သို့ပင် ထွီခနဲ ကွမ်းပလုတ် ကျင်းလိုက်သေးသည်။ လမ်းမထက်မှာ ပေကျံသွား သည့် ကွမ်းရဲရဲများကို ကြည့်ရင်း ဒရိုင်ဘာခေါင်းက သွေးများအဖြစ် မြင်လာသည်။
ဖြစ်နိုင်ရင် အခုလို လူပါးဝတဲ့ ကောင်တွေကို သေနတ် ဖြင့်ထုတ်ကာ တဒိုင်းဒိုင်းဖြင့် ပစ် သတ်ချင်လာသည်။ ဒီလိုကောင် တွေကို အရေးယူလည်း ဘာမှ မထူး။ ဒဏ်ငွေဆောင်ပြီး နောက် မြေမှုန်လွင် လစ်ရင် လစ်သလို ဥပဒေချိုး ဖောက်ဦးမှာပင်။ ပစ်သတ်လိုက် တာပင် အကောင်းဆုံးဖြစ်မည်။ "ဝူး"စိတ်လျှော့။ စိတ်လျှော့။ အဆက်မပြတ် တက်လာသည့် ဒေါသများကို သက်ပြင်းရှည်ကြီး ချကာ ပြန်လည်ဖြေလျှော့ရလေ သည်။ ဒီလိုကောင်တွေနဲ့ ဖက်ပြီး ဒေါသထွက်နေလို့အပိုပဲ။ သည်းခံ။ သည်းခံ။ ဒါလည်း တရား သဘော နဲ့ကြည့်ရင် ခန္တီပါရမီပဲ မဟုတ် လား။
ဦးဇော်ထူးက သူ့ဘာသာ တွေးရင်း ကျေနပ်နေပြန်သည်။ ယခုလိုအိမ်မှ စောစောထွက် လာခြင်း၏ အကျိုးဆက်အဖြစ် ရုံး သို့ အချိန်မီရောက်လာသည်။ သို့ သော် ရုံးဆင်းချိန်ကိုတော့ စောစော ဆင်း၍မရ။ အချိန်မှန်သာ ဆင်းရ သည်။ အကျိုးဆက်ကတော့ အိမ် အပြန် ကားပိတ်ချိန်ကိုမရှောင်နိုင်။ တစ်နေရာပြီး တစ်နေရာ ပိတ်ဆို့နေသော ကားပင်လယ်ထဲ တွင် တဖြည်းဖြည်း မျောပါရွေ့ လျားနေရသည်။ ကားတစ်စီး နောက်မှ ကားတစ်စီး တန်းစီ လိုက်ရမည့် အတူတူ ဆီကုန်သက် သာအောင် ရှေ့ဆုံးမှ ကားအကြီး ကြီးတစ်စီးက တွဲခေါ်ကာ ရထားကဲ့ သို့ ချိတ်ဆက်သွားရလျှင်ကောင်း မည်ဟုပင် တွေးမိသည်။ ဆီကုန် လည်း သက်သာမည်။ ကားမောင်း ရတာလည်း မပင်ပန်းတော့။ အခုလို ကျပ်ပိတ်သိပ်နေ သည့် ကြားမှာပင် တက္ကစီတစ်စီး က လမ်းပြောင်းပြန် မရမက ကျော် သွားသေးသည်။ သို့သော် သိပ် မကြာ။ လမ်းလယ်ကောင်တွင် အဆိုပါ တက္ကစီပင် အခြားလမ်း တစ် ဖက်မှ လာသည့် ဂျစ်ကားတစ်စီး နှင့် ခေါင်းချင်းဆိုင်တိုက်ထား လေ သည်။ အစောလေးကပင် သစ်လွင် တောက်ပနေသော ကားလေး သည် အခုတော့ စက္ကူစုတ်လေး လုံး ချေထားသလို တစ်ခေါင်းလုံး ကြေ မွနေလေပြီ။ စက္ကန့်ပိုင်းလေးမှာပင် အကောင်းမှ အစုတ် ချက်ချင်း ပြောင်းသွားရလေသည်။
အနိစ္စ။ အနိစ္စ။ အမြဲမရှိ။ ရန်ကုန်မြို့တွင် နေ့စဉ်ကား မောင်းနေသူ တစ်ယောက်အ တွက် စိတ်ထားတတ်မည်ဆိုလျှင် မည်သည့် တရားစခန်းကိုမှ သွား ရန်မလို။ တရားကောင်းကောင်း ပေါက်နိုင်မည်။ လောကီ၊ လောကု တ္တရာ အကုန်ပြေးမလွတ်။ ကား ကြီး၊ ကားစုတ်များက ကားသစ်၊ ကားလေးများကို တောတွင်းဥပ ဒေသများ လက်စွဲထားကာ ကြီး နိုင်ငယ်ညှဉ်း အနိုင်ကျင့်ကြသူ များ။ စိတ်မထင်ရင် မထင်သလို ညစ်ညစ်စုတ်စုတ် ဆဲဆိုကြသူ များ။ ရှေ့ကားဘာဖြစ်နေသလဲ မလေ့လာ၊ မစူးစမ်းဘဲ ကိုယ့်အတ္တ စိတ် တစ်ခုသာကြည့်ပြီး တတွမ် တွမ်ဖြင့် ဟွန်းတီးကြသူများ။
လောဘဇောဖြင့် နောက်ကားပါ မပါ မကြည့်တော့ဘဲ ကားတား လိုက်တာနှင့် လမ်းဘေးသို့ ဇိခနဲ လက်ရဲဇက်ရဲ ပိတ်ရပ်ကာ ပါစင် ဂျာတင်ကြသူများ။ မိမိဆိုင်၊ မိမိ အိမ်ရှေ့ နေရာများကို မပိုင်သော် လည်း ပိုင်သယောင် အစွဲကြီးကာ တိုင်ထောင် တာယာချထားသူ များ။ လမ်းပိတ်ပိတ်၊ မပိတ်ပိတ် ရပ်ချင်တဲ့နေရာမှာ ရပ်ချင်သလို ရပ်ကာ ရမ်းကားသူများ၊ မြင်မြင် သမျှ တရားကျစရာများပါပေ။ ထို တရားကျစရာ ကားလမ်းမဝယ် ဦးဇော်ထူးတစ်ယောက် ဆက် လက် မောင်းနှင်နေရဦးမည်သာ။
သံသရာ မဆုံးသရွေ့။ ။
မြေမှုန်လွင်

No comments:

Post a Comment