Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 6, 2013

အလားအလာ အကောင်းဆုံး မြန်မာတက္ကသိုလ် အချို့ကို ရွေးချယ်၍ အာရှအဆင့်မီ တက္ကသိုလ် စာရင်းဝင်ရန် ဆောင်ရွက်မည်

မြန်မာ့ပညာရေးအား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက် ရှိရာတွင် အဆင့်မြင့်ပညာ ကဏ္ဍအတွက် အလားအလာ အကောင်းဆုံး တက္ကသိုလ် အချို့အား အာရှအဆင့်မီ တက္ကသိုလ် စာရင်းဝင်ရန် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တက္ကသိုလ် အရေအတွက်များသည့် ၀န်ကြီးဌာနများ အနေဖြင့် တက္ကသိုလ် အားလုံးအား တစ်ပြိုင်တည်း အဆင့်မြှင့်တင်ရန် မလွယ်ကူသည့်အတွက် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် စနစ်အတိုင်း အလားအလာ အကောင်းဆုံး တက္ကသိုလ် အချို့ကိုသာ ဦးစားပေး ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

''အလားအလာ အကောင်းဆုံး တက္ကသိုလ် ၃-၄ ခုကိုပဲ Focus ထားပြီး Asia University Rankings ကို အချိန်တိုအတွင်း ၀င်နိုင်အောင် ကြိုးစားရင်း ကျန်တက္ကသိုလ် တွေကလည်း တိုးမြှင့်ချထားပေးတဲ့ ဘတ်ဂျက်ကို အကျိုးရှိရှိ အသုံးချပြီး အမြန်ဆုံး ကြိုးစားကြရမှာ ဖြစ်ပါတယ် '' ဟု ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် QS ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်တွင် အမေရိကန် ပြည်ထောင်စုမှ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်က ထိပ်ဆုံးနေရာ ရရှိပြီး The Times Higher Education World University Rankings တွင် ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်က ထိပ်ဆုံးနေရာ ရရှိသည်။ The Times Higher Education ၏ အာရှတိုက် တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်တွင် ၂၀၁၃ ခုနှစ်အတွက် ဂျပန်နိုင်ငံမှ တိုကျိုတက္ကသိုလ်က ထိပ်ဆုံးနေရာ ရရှိသည်။

မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာကဏ္ဍတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ အဆင့်မြင့် ပညာသင်ကြား ပေးလျက်ရှိသော တက္ကသိုလ်နှင့် ကောလိပ်စုစုပေါင်း ၁၆၈ ခု ဖွင့်လှစ် ထားရှိပြီးဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေး ကဏ္ဍတွင်လည်း အာဆီယံ တက္ကသိုလ်များကွန်ရက် အဖွဲ့ဝင် တက္ကသိုလ်များအဖြစ် မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များမှာလည်း နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

ဒဂုံတက္ကသိုလ်နှင့် နိုင်ငံတကာ တက္ကသိုလ်များ ပညာရပ်ဆိုင်ရာ လုပ်ငန်းစဉ်များ ချိတ်ဆက် ဆောင်ရွက်ရေး အတွက် ဆွေးနွေးနေစဉ်

Eleven Media Group

No comments:

Post a Comment