Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

ကုန်တင်ယာဉ် ဘရိတ်ပေါက်၍ ယာဉ် ၁၁ စီးကို ဝင်တိုက်၊ နှစ်ဦးဒဏ်ရာရ


လားရှိုး၊ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကုန်တင်ယာဉ်ကြီးတစ်စီး မြို့တွင်းမှ ဖြတ်သန်း မောင်းနှင်စဉ် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းတစ်လျှောက်ရှိ ဆိုင်ကယ်တစ်စီးနှင့် ကား ၁၀ စီးတို့ကို ဝင်တိုက်ခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ယာဉ်ထိန်းတပ်ဖွဲ့က အတည်ပြု ပြောကြားသည်။

အဆိုပါ နီဆန်းဒီဇယ် ၁၂ ဘီးအမျိုးအစား ကုန်တင်ယာဉ်သည် မန္တလေးမှ မူဆယ်မြို့သို့ နှမ်း ၁၆ တန် တင်ဆောင်ကာ မောင်းနှင်လာစဉ် လားရှိုးမြို့ (၈) ရပ်ကွက် ရေပန်းလမ်းဆုံ ကုန်းဆင်း အရောက်တွင် ဘရိတ်ပေါက်ကာ ယင်းကုန်တင်ယာဉ်ရှေ့တွင် မောင်းနှင်နေသည့် ဆိုင်ကယ်နှင့် လိုက်ထရပ်ယာဉ်ကို တိုက်ပြီး လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်များကို ဆက်တိုက် ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ထရပ်ယာဉ်တွင် လိုက်ပါလာသူ ခရီးသည်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကုန်တင်ယာဉ် တိုက်ခံရသည့် ယာဉ်များမှာ ပျက်စီးခဲ့ပြီး ဗင်ကားတစ်စီးမှာ ကြေမွပျက်စီးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
“လူတွေဆိုင်ကယ်တွေကို မတိုက်မိဖို့ ရှောင်ပြီးမောင်း ရတော့ ရှေ့ကသွားနေတဲ့ ကားတွေနဲ့ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကို ပွတ်ပြီးတိုက်မိတာ” ဟု အဆိုပါ ကုန်တင်ယာဉ်မောင်း ဦးသန်းမြင့်က ပြောကြားသည်။

ရေပန်းလမ်းဆုံ ကုန်းဆင်းတွင် ဘရိတ်ပေါက်ခဲ့ပြီး မြေပြန့်ရောက်မှသာ အရှိန်လျှော့၍ ရကြောင်း၊ ယင်းအချိန်၌ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရာ ယာဉ်ကြောနှစ်ထပ် ရပ်ထားသည့် ကားများကို ဝင်တိုက်မိပြီး ကုန်တင်ယာဉ် ရပ်သွားကြောင်း ၎င်းကဆိုသည်။
“ယာဉ်မောင်းနဲ့ စပယ်ယာက ကားဘရိတ် ပေါက်နေတယ်၊ ဘေး ဖယ်ပေးကြပါလို့ ပါးစပ်နဲ့လည်း အဆက်မပြတ် အော်တယ်။ ဟွန်းလည်း တီးတယ်။ သူတို့အော်သံကြားလို့လူတွေ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့တယ်။ တရုတ်မုန့်စားပွဲတော်ရက်မို့ အဲဒီအချိန် လမ်းပေါ်မှာ လူတွေအများကြီးပဲ” ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့် ရေပန်းလမ်းဆုံသည် မတ်စောက်ပြီး လမ်းအကွေ့ အကောက်လည်းများကာ ယင်းနေရာတွင် ယာဉ်များ ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှု မကြာခဏ ဖြစ်ကြောင်း၊ ယင်းလမ်းဆုံတွင် ယာဉ်သွား၊ ယာဉ်လာ ရှုပ်ထွေးပြီး ယာဉ်ထိန်းရဲ မရှိကြောင်း ဒေသခံ ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“အချက်ပြ မီးပွိုင့်လဲ မရှိဘူး။ သိပ်အန္တရာယ်များတဲ့ ကုန်းဆင်းလမ်းဆုံ တစ်ခုပဲ” ဟု ၎င်းက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ရေပန်းလမ်းဆုံကို ဖြတ်ကျော်ပြီးပါက မန်ဆူဈေး၊ မန်ဆူ ပလာဇာ၊ အဝေးပြေး ခရီးသည်ယာဉ် ရပ်နားစခန်းဝင်း၊ စားသောက်ဆိုင်၊ တည်းခိုခန်းတို့ တည်ရှိပြီး လူနှင့်ယာဉ်များ ရှုပ်ထွေးသည့်နေရာ ဖြစ်သည်။
“မြို့ရှောင်လမ်း မပြီးခင်မှာ အဝေးပြေး ကုန်တင်ကားကြီးတွေကို ဒီလိုနေရာမျိုးက မဖြတ်သန်းစေဘဲ ကွေ့ရှောင် မောင်းနှင်ဖို့ လမ်းလွှဲတစ်ခု ယာယီသတ်မှတ်ပေးရင် ယာဉ်တိုက်မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေ လျော့နည်းသွားမယ်” ဟု ဒေသခံ ရှေ့နေတစ်ဦးက ဆိုသည်။

ကုန်တင်ယာဉ်မောင်းကို ယာဉ်ထိန်းတပ်ဖွဲ့က (ပ) ၄၅/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၂၇၉/၃၃၈ တို့အရ အမှုဖွင့် အရေးယူထားသည်။

(နေမျိုးနွယ်)

No comments:

Post a Comment