Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

လူစီရဲ့ လက်ဆောင်


ရှက်တတ်တဲ့ကြယ်တွေကတောင်
လက်မြှောက်ထားရတဲ့'လူစီ' ဟာ
မျက်လုံးထဲဓားမြှောင်တစ်လက်ထည့်ကြည့်တတ်တယ်
ခေါင်ရမ်းပွင့်တွေကလည်'လူစီ'ကြောင့်ပွင့်ခဲ့ရတာတဲ့
အနမ်းဆိုတဲ့နှစ်ချို့အိုးထဲ
'လူစီ'ဟာဘ၀ကြီးတစ်ခုလုံးကို မျောက်သွေးလို
စိမ်ထားနိုင်တယ်
'လူစီ'ဟာ
နှုတ်ခမ်းနီနည်းနည်းဆိုးလိုက်ရုံနဲ့
ဘ၀တွေကိုလေဖြတ်သွားအောင်စီရင်နိုင်တယ်
လူစီ့ခန္ဓာကိုယ်ထဲက
ထုတ်သမျှပစ္စည်းတိုင်းမှာ
ယောက်ျားပီသရမယ်ဆိုတဲ့ အထူးသတိပေးချက်ပါတယ်
'လူစီ'ဟာ
အနာဂတ်ကို ကိုယ်ဝန်ဆောင်နိုင်တယ်
ငရဲနဲ့တိုက်ရိုက်ပျံသန်းပေးနိုင်တယ်
ပျံသန်းနေတဲ့သမာဓိကို
သစ်တော်သီးလေးတစ်လုံးလို ခူးချနိုင်တယ်
အသည်းကွဲလူနာအတွက်
လမ်းကြိတ်စက်တစ်စင်းနဲ့တူတဲ့'လူစီ'ဟာ
ကလေးတွေရဲ့ 'မာသာထရီဆာ' ကိုယ်ပွားဖြစ်တယ်
ကရုဏာပုံတူဖြစ်တယ်
နို့ထွက်တဲ့ပန်းပွင့်ဖြစ်တယ်
'လူစီ'ဟာ
ကုန်ထုတ်စွမ်းအားစုတွေကိုရေပတ်တိုက်ပေးနိုင်တယ်
ဘုရားသခင်နဲ့သားအမိတော်နိုင်တယ်
'လူစီ'
ခင်ဗျားဘယ်ကလာသလဲ
ကောင်းကင်ကလား
မြေကြီးကလား
ဖိုသတ္တ၀ါရဲ့ နံရိုးထဲကလား
'လူစီ'
ခင်ဗျားအတွင်းခံတွေကို ဘာနဲ့ချုပ်ထားသလဲ
ပိုးသားနဲ့လား
သွေးချွေးနဲ့လား
ကမ္ဘာ့သမိုင်းကြောင်းနဲ့လား
အခုထိ ဘယ်သူမှမသိသေးဘူး။

မိုဃ်းဇော်

 

No comments:

Post a Comment