Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

အပေါက်ဖောက်၍ အလှဆင်

မျက်လုံးချင်း အကြည့်ဆုံ လိုက်သည်နှင့် တစ်ဖက်က မျက်လုံးအစုံမှာ သာမန်မျက်လုံး မဖြစ်နိုင်ကြောင်း ချက်ချင်း သိနိုင်သည်။ ရုတ်တရက်ကြည့် လိုက်လျှင် လူတစ်ယောက်၏ မျက်လုံး တစ်လုံးနှင့် မတူ။ တိရစ္ဆာန် တစ်ကောင်၏ မျက်လုံး တစ်လုံးဟု ထင်ပေလိမ့်မည်။ သတ္တ၀ါ တစ်ကောင်၏ မျက်လုံးကို အစားထိုးထားသည့် အမေရိကန်နိုင်ငံမှ နာမည်ကြီးရော့ခ်အဆိုတော် မာရီလင်မန်စန်ပင်။
သူ၏ ဂီတနယ်ပယ် အသိုင်းအ၀ိုင်း ပညာရှင်များ၏ အဆိုအရ မာရီလင်မန်စန်မှာ သူ၏ နံရိုးအချို့ကိုပင်ချိုးပြီး ခန္ဓာကိုယ်ပျော့ပျောင်း စေရန် ပြုလုပ်ထားသည်ဟု ဆိုကြသည်။ ကမ္ဘာကျော် ရုပ်သံလိုင်း တစ်ခုဖြစ်သော CNN ရုပ်သံလိုင်းမှ ရိုက်ကူး ထားသည့် မှတ်တမ်းရုပ်ရှင် (Documentary) တစ်ခုတွင် လူငယ် အမျိုးသား တစ်ဦး မိမိမျက်လုံးကို ခွဲစိတ်ပြီး ဆိတ်တစ်ကောင်၏ မျက်လုံးကို ပြန်ထည့်နေသည့် ရိုက်ကူး တင်ဆက်မှုမှာ ကြည့်ရှုသူ အများစု အတွက် အသည်းအေးစရာ တစ်ခုဖြစ်ခဲ့သည်။ ယင်းမှာ အနောက်နိုင်ငံမှ ဂီတနှင့် ဖက်ရှင်ကို တွဲဖက်ရူးသွပ်ကြ သူများ၏ စွန့်ဦးတီထွင်လုပ်ရပ် အချို့ပင်ဖြစ်သည်။ ရော့ခ်သီချင်း ခပ်ပြင်းပြင်းများကို ပန့်ခ်စတိုင်နှောပြီး ဆိုတတ်သည့် အမေရိကန် အဆိုတော် မန်စန်ကဲ့သို့ မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသည့် အနုပညာ ရှင်များ အပါအ၀င် ခေတ်လူငယ် အများစု တွင်တော့ ထိုကဲ့သို့ ရူးသွပ်မှုများ ကူးစက်မှု မရှိသေး။
သို့သော် ယနေ့ခေတ် လူငယ်အချို့တွင် နား၊ နှုတ်ခမ်း၊ လျှာ၊ မျက်ခုံးများတွင်ဖောက်ပြီး တန်ဆာဆင်ကြသည့် ဓလေ့မျိုးမှာ ကြာမြင့်စွာကြီးစိုးနေပြီဖြစ်သည်။ ခေတ်၏ ဖောက်ထွက်လာသော ရေစီးကြောင်းများအရ မြန်မာနိုင်ငံမှ လူငယ်အချို့တွင် အပေါက်ဖောက်သည့် ယဉ်ကျေးမှုမှာ ဂီတကို ရူးသွပ်ကြသူများအပါအ၀င် ဖက်ရှင်ကျချင်သည့် လူငယ်အချို့အတွက် မပါမဖြစ်အရေးကြီးသည့် စတိုင်တစ်ခုဖြစ်သည်။ “ဘာရယ်တော့မဟုတ်ပါဘူး။ လူငယ်တွေက ဂေါ်ချင်လို့ဝတ်ကြတာပေါ့”ဟု စမ်းချောင်းမြို့နယ်မှ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်တစ်ဦးဖြစ်သူ ရဲမင်းဟိန်းကဆိုသည်။ ခန္ဓာကိုယ်တစ်ဝိုက်နှင့် မျက်နှာကို အပေါက်ဖောက်သည်ဆိုခြင်းမှာ အိန္ဒိယနွယ်ဖွား ဟိန္ဒူလူမျိုးတို့၏ နတ်ကိုးကွယ်ယုံကြည်မှုများမှ အဓိကဆင်းသက်လာခြင်းဖြစ်ပြီး အနောက်တိုင်းမှ ဂီတကို ရူးသွပ်ကြသူများ၏ ဆန်းသစ်လုပ်ဆောင်မှုများကြောင့် တစ်စတစ်စဖြင့် ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့လာခဲ့ရာ မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်ခဲ့သည်။
 “ဒါတွေခေတ်စားလာတာ တော်တော်ကြာပါပြီ။ အခုမှတော့ အဆန်းမဟုတ်တော့ပါဘူး”ဟု အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးကဆိုသည်။ ခေတ်မီစက်ကိရိယာများဖြင့်လုပ်လျှင် ကြိုက်သလို ပြုပြင်ပြောင်းလဲနေသည့် ခေတ်ကြီးတွင် မြန်မာနိုင်ငံမှ လူငယ်အများစုမှာ လိုက်ပါစီးမျောရန် အမီလိုက်လျက်ရှိသည်။ “နားဆိုရင် အကြောလွတ်နိုင်သမျှ နေရာတွေ အကုန်လုံးပတ်ဖောက်ကြတာ။ အချို့ဆို လူကြီးတွေတောင် စတိုင်ကျချင်လို့ လာဖောက်ကြတာမျိုးတွေလည်း ရှိတယ်”ဟု ဒဂုံမြို့နယ် Summit ဆေးခန်းမှ ဒေါက်တာမျိုးမျိုးဆွေကပြောပြသည်။
လူငယ် အများစုမှာ လမ်းဘေးလက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များတွင် သူငယ်ချင်းများ အတူတူထိုင်ကြရင်း ပင်အပ်များကို မီးကင်ပြီး အချင်းချင်း နား၊ နှာခေါင်း၊ မျက်ခုံး၊ လျှာများတွင် ဖောက်ကြလေ့ ရှိသည်ဟု ဒေါက်တာ မျိုးမျိုးဆွေကပြောသည်။ “လူငယ်တော်တော်များများက သူတို့ဘာသာသူတို့ လမ်းဘေးမှာ ဖောက်ကြတာတွေ အများကြီးပဲ။ အချို့က အကြောတွေဘာတွေ မလွတ်လို့ သွေးထွက်လွန်မှ ဆေးခန်းလာပြကြတာ”ဟု ဒေါက်တာမျိုးမျိုးဆွေကပင်ပြောပြသည်။
မျက်နှာ တစ်ဝိုက်ရှိ နား၊ နှုတ်ခမ်း၊ မျက်ခုံး၊ လျှာအများစုကို ဖောက်ရာတွင် ပင်အပ်၊ ပြွန်၊ အပ်သေနတ် အစရှိသော အရာအများစုဖြင့် ဖောက်နေကြပြီး အများစုမှာ ဆေးခန်းနှင့် အလှပြင်ဆိုင်များက ၀န်ဆောင်မှုပေးနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ခန္ဓာကိုယ်အား ပစ္စည်းမျိုးစုံဖြင့် အလှဆင်ပေးနေသည့် စတူဒီယိုများ သီးသန့်မရှိသေးသော်လည်း ဆံပင်၊ မိတ်ကပ်ဆိုင်ရာ အလှပြုပြင်သည့် ဆိုင်များတွင်သာ အများဆုံးပြုလုပ်ပေးလျက်ရှိသည်။ နားအပါအ၀င် မျက်နှာအနှံ့အပြားတွင် အပေါက်ဖောက်သူ လူငယ်အများစု၏ အဆိုအရ အပေါက်ဖောက်ခြင်းကို အများစုက အချင်းချင်းသာ ဖောက်ကြသည်ဟု ဆိုသည်။
အများစုမှာ နားရှိ အကြောလွတ်နိုင်သမျှ နေရာတွင် ဖောက်ကြသော်လည်း အချို့လူငယ်အများစုကမူ မျက်နှာပေါ်မှ ထူထဲလှသည့် နှုတ်ခမ်းသားကို ဖောက်ကြသည်ဟု ဆိုသည်။ “နှုတ်ခမ်းဖောက် တုန်းက နာလွန်းလို့ မျက်ရည်တောင် ကျတယ်။ နောက်တော့လည်း နေသားကျသွား တာပေါ့။ ဒါပေမဲ့ အမြဲတပ် ထားရင် ဖောက်ထားတဲ့ အပေါက်ကြီးတွေက ကျယ်လာတယ်”ဟု နှုတ်ခမ်းနှင့် မျက်ခုံးတွင် ဖောက်ထားသည့် စမ်းချောင်းမြို့နယ်နေ အသက် ၂၀ ကျော် လူငယ်တစ်ဦးကပြောပြသည်။ ထို့အပြင် မျက်ခုံးကို ဖောက်ရာတွင်မူ အကြောလွတ်နိုင်သည့်နေရာမှာ ရှာရန်ခက်ခဲသဖြင့် ကျွမ်းကျင်သည့် အလှပြင်ဆိုင်များ တွင်သာ သွားရောက်၍ ဖောက်သင့်သည်ဟု ထိုလူငယ်က အကြံပြုသည်။
“အမြဲတပ်ထားရင် အများစုရဲ့အမြင်မှာ ရိုင်းတယ်ထင်မှာ စိုးလို့ ကလပ်တွေ၊ ရှိုးပွဲတွေရှိမှ မျက်နှာမှာ တပ်သွားလိုက်တယ်”ဟု နှုတ်ခမ်းနှင့် မျက်ခုံးတွင် အပေါက်များ ဖောက်ထားသူ လူငယ် တစ်ဦးဖြစ်သူ ကျော်စွာစိုးက ဆိုသည်။ ယခင်က မျက်နှာတွင် အပေါက်ဖောက်ခြင်းကို အများစုမှာ ယောက်ျားလေးများ တွင်သာ တွေ့ရတတ်ပြီး ယခုလက်ရှိ အချိန်တွင် မိန်းကလေးများ သို့ပါ ကူးစက်လာသည်။ မိန်းကလေး အများစုမှာမူ ယောက်ျားလေး များကဲ့သို့ လမ်းဘေးတွင် ပြီးစလွယ်ဖောက်ကြခြင်း မျိုးမဟုတ်ဘဲ ဆေးခန်းသို့မဟုတ် အလှပြင်ဆိုင်များတွင် အဓိက လုပ်ကြသည်ဟု သော်တာအလှပြုပြင်ဆိုင်မှ အလှဖန်တီးရှင်ကြယ်ရာကပြောပြသည်။ “တချို့မိန်းကလေးတွေက ချက်မှာတောင်လာဖောက်ကြတယ်”ဟု ကြယ်ရာကဆိုသည်။ အပေါက်ဖောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၏ အပ်သေနတ်အစရှိသော အရာများတွင် နီကယ်ပါဝင်မှုနှုန်းမြင့်မားပါက အပေါက်ဖောက်သူပေါ်ကို များစွာအန္တရာယ်ရှိသည်ဆိုသည်။
 အပေါက်ဖောက် ရာတွင် အသုံးပြုသည့် ပစ္စည်းနှင့် ရေရှည်တပ်ဆင်ထားသည့် တန်ဆာမှာ စတီးလ်စစ်သာဖြစ်သင့်ပြီး နီကယ်နှင့် အခြားသတ္တုအရောများ မပါဝင်သင့်ကြောင့် ကျွမ်းကျင်သူများ ကဆိုသည်။ လူငယ်များအတွက် ဖက်ရှင်တစ်ခုဖြစ်သော်လည်း ထိုအလေ့အထက မိသားစုလူမှုဝန်းကျင်တွင် လက်ခံရန်ခက်ခဲသည်။ လျှာ၊ နှုတ်ခမ်း၊ မျက်ခုံး၊ ပါး စသည့်ဖြင့် ဖောက်ထားသည့် အပေါက်များတွင် အလှဆင်ပစ္စည်းများ တပ်ထားသည်ကို မြင်တွေ့ရသည်မှာ အသည်းယားစရာ၊ ကြက်သီးထစရာအဖြစ် လူအများစုက ခံစားကြရသည်။ ခန္ဓာကိုယ်အနှံ့ အပေါက်ဖောက်ခြင်းအား လက်ခံပေးရန် ဖက်ရှင်မျက်လုံး အချို့ လိုအပ်နေဆဲဖြစ်ကြောင်း အသက် ၂၀ ၀န်းကျင် အရွယ်ရှိ လူငယ်များက ဆိုသည်။
မိုးညို

No comments:

Post a Comment